ချစ်စကားဖွင့်မပြောရဲသူများကို ကူညီပေးမယ့်ဝန်ဆောင်မှု

ချစ်စကားဖွင့်မပြောရဲသူများကို ကူညီပေးမယ့်ဝန်ဆောင်မှု google

ကိုယ်ကြိုက်နေတဲ့ ကောင်မလေးကို ဖွင့်ပြောဖို့ဆိုတာ တချို့လူတွေအတွက်တော့ တကယ်ကိုခက်ခဲ ရှုပ်ထွေးလှတဲ့စွန့်စားခန်းကြီးတခုပါပဲ။

ဒီအခက်အခဲကြီးကို ဖြေရှင်းပေးဖို့ ဂျပန်ကုမ္ပဏီတစ်ခုက ဝန်ဆောင်မှုတွေ စတင်ဆောင်ရွက်ပေးနေပြီလို့ သိရပါတယ်။

 

Kokunavi လို့ခေါ်တဲ့ ကုမ္ပဏီတစ်ခုက ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောဖို့ သတ္တိနည်းနေသူတွေအတွက် ဝန်ဆောင်မှုပေးမှာဖြစ်ပြီး ဝန်ဆောင်ခပေးရုံနဲ့ ရှက်တတ်သူတွေ ကိုယ်စား သူတို့ကြိုက်တဲ့ မိန်းကလေးတွေဆီ သူတို့ရဲ့ အချစ်သဘောထားတွေကို ပို့ဆောင်ပေးမှာပဲ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုက ကျောင်းသားဘဝတုန်းက ကိုယ်ကြိုက်တဲ့ ကောင်မလေးကို စာပေးဖို့ ကိုယ့်ဘေးက သူငယ်ချင်းကို မုန့်ကြွေးအကူညီတောင်းတာနဲ့ ဆင်တူပါတယ်။

 

ဖွင့်မပြောရဲတဲ့သူတွေအတွက် Kokunavi ကုမ္ပဏီက package သုံးမျိုးဖန်တီးထားပြီး ပထမတစ်ခုကတော့ Simple Course လို့ခေါ်တဲ့ အခြေခံအကျဆုံးနဲ့ ငွေကုန်ကြေးကျ အသက်သာဆုံးနည်းလမ်းပဲဖြစ်ပါတယ်။
ဒီဝန်ဆောင်မှုမှာ ကုမ္ပဏီရဲ့ ဝန်ထမ်းတစ်ဦးက သူတို့ဖောက်သည်ကြိုက်နေတဲ့ ကောင်မလေးဆီကိုသွားပြီး မိန်းကလေးကို ဘယ်လိုခံစားနေရသလဲဆိုတဲ့ အကြောင်းကို အသိပေးမှာဖြစ်ကာ ကောင်မလေးရဲ့ တုံ့ပြန်မှုကို သူတို့ဖောက်သည်ထံ ပြန်လည်ပြောကြားပေးမှာ ဖြစ်ပါတယ်။ ဒီဝန်ဆောင်မှုအတွက် ယန်း ၂၉၀၀၀ ဒေါ်လာ ၂၆၀ ကျသင့်မှာဖြစ်ပါတယ်။

 

ဒါပေမယ့် ဒီလိုမျိုးစာပေး၊ စကားပြောတာဟာ ကိုယ်ချစ်တဲ့သူနဲ့ နီးစပ်ခွင့်နည်းပါးမယ်လို့ စိုးရိမ်နေသူတွေအတွက် ကုမ္ပဏီဘက်က ဒုတိယ package တမျိုးကို စီစဉ်ထားပြီး ဒီ package မှာတော့ ကုမ္ပဏီက ချစ်မှုရေးရာ ကျွမ်းကျင်သူတွေနဲ့ နှစ်ကြိမ်၊ သုံးကြိမ်လောက် တွေ့ဆုံဆွေးနွေးပြီး ကိုယ်ချစ်တဲ့သူကို ဖွင့်ပြောဖို့ အသင့်တော်ဆုံးစကားလုံးတွေ ရွေးချယ်ခွင့်ရရှိမှာဖြစ်ကာ ဒီစကားလုံးတွေကို ဘယ်အချိန်ဘယ်နေရာမှာ ထုတ်ဖော်ပြောဆို သင့်သလဲဆိုတဲ့ အကြံဉာဏ်လည်း ပါဝင်မှာဖြစ်ပါတယ်။ ဒုတိယ package ကို Support Pack Course လို့ အမည်ပေးထားပြီး ဒီဝန်ဆောင်မှု ကတော့ ယန်း ၅၉၀၀၀ ဒေါ်လာ ၅၃၀ ကျသင့်မှာဖြစ်ပါတယ်။

 

နောက်ဆုံး package ကိုတော့ Premium Package လို့ခေါ်ပြီး ဒီဝန်ဆောင်မှုမှာတော့ ဒုတိယ package အပြင် အရင်လူတွေတုန်းက ဆောင်ရွက်ခဲ့တဲ့ ပရောဂျက်တွေက အချက်အလက်တွေအပေါ် ဆန်းစစ်လေ့လာမှုတွေအပြင် ကိုယ်ချစ်တဲ့ကောင်မလေးကို ဖွင့်ပြောဖို့အကောင်းဆုံးနည်းလမ်းတွေကိုလဲ ကုမ္ပဏီရဲ့ ကျွမ်းကျင်သူတွေနဲ့ အကြိမ်ပေါင်းများစွာတွေ့ဆုံ ဆွေးနွေးပေးမယ့် ဝန်ဆောင်မှုလည်း ပါဝင်တယ်လို့ သိရပါတယ်။

 

ကုမ္ပဏီရဲ့ ဝန်ဆောင်မှုနဲ့ ပတ်သတ်ပြီး ဝေဖန်အကြံပြုသူများစွာရှိနေကာ အဲဒီထဲကမှ ကိုယ့် ချစ်ရသူဆီ သွားတွေ့မယ့်ဝန်ထမ်းနဲ့ ချစ်ရသူနဲ့ ကြိုက်သွားရင် ဘယ်လိုလုပ်ပေးမှာလဲဆိုတဲ့ မေးခွန်းကိုတော့မေးမြန်းမှု အများဆုံးပဲဖြစ်ပါတယ်။ ဒီလိုစိုးရိမ်နေသူတွေကို ကုမ္ပဏီဘက်က မစိုးရိမ်ကြဖို့ အာမခံထားပြီး သူတို့ဝန်ထမ်းတွေမှာ ယောက်ျားလေးတွေရော၊ မိန်းကလေးတွေပါ ပါဝင်တာကြောင့် ဒီလိုဖြစ်လာနိုင်ဖို့ အခွင့်အရေး အလွန်ကို နည်းပါးပါတယ်လို့လည်း ပြောထားပါတယ်။

 

Credit : DVB

Myanmar Wedding Guide

Read times Last modified on Wednesday, 20 February 2019 17:05
Rate this item
(0 votes)
Tagged under