ကိုယ့်အလုပ်ခွင်ထဲကသူကို ချစ်မိနေပြီလား

ကိုယ့်အလုပ်ခွင်ထဲကသူကို ချစ်မိနေပြီလား google

အိုးချင်းထား အိုးချင်းထိ၊ ကြိုးချင်းထား ကြိုးချင်းငြိ ဆိုသလို ကိုယ်နေ့စဉ်တွေ့နေ၊ မြင်နေကြသူကို သဘောကျချစ်မိတာမျိုးဖြစ်နိုင်ပါတယ်။

ဒါက အထူးတလည်ကြီး ဆန်းစစ်သံသယဝင်ရမယ့် အရာတော့မဟုတ်ပါဘူး။ အချစ်ဆိုတာ ဘယ်လိုနေရာမှာ ဘယ်လိုပုံစံမျိုးနဲ့ပေါ်လာမလဲဆိုတာ ဘယ်သူမှမသိနိုင်ဘူးလေ။ ကျောင်းတက်နေတုန်းကလည်း ကျောင်းမှာ crush လေးတွေ ရှိခဲ့နိုင်သလို အလုပ်ခွင်ထဲမှာလည်း ချစ်ရတဲ့သူရှိလာနိုင်ပါတယ်။ အလုပ်ခွင်ထဲကသူကို ချစ်မိနေတာ သေချာလား ဘယ်လိုသိနိုင်မလဲ။

 

ပျော်မယ်

သူနဲ့ စကားပြောနေရရုံ၊ သူ့ကိုမြင်နေရရုံနဲ့တင် အလိုလိုပျော်နေမိတာမျိုး ပထမဆုံးအနေနဲ့ခံစားရမှာပါ။ တစ်နေ့ တစ်နေ့ သူ့ကိုမှ စကားမပြောရရင်မပြည့်စုံတာမျိုးဖြစ်လာမယ်။ ဒါက အစပိုင်းမှာ သိပ်မသိသာပေမယ့် လအနည်းငယ်လောက် ကြာတဲ့အခါမှာသိလာမှာပါ။

 

စောင့်ကြည့်မယ်

ဒီအဆင့်ကတော့ ပျော်တဲ့အဆင့်ထက်နည်းနည်းလေး ပိုလာပါပြီ။ စောင့်ကြည့်တဲ့အဆင့်ပါ။ သူ အလုပ်အရမ်းများနေလား၊ သူ ပုံမှန်ဘယ်အချိန်လောက်ထမင်းစားလေ့ရှိလဲ၊ ရုံးမှပုံမှန်တက်ရဲ့လား၊ ဒီနေ့ ဘာအရောင်လေး ဝတ်လာမလဲ စသဖြင့်စောင့်ကြည့်မှာပါ။ ရုံးတက်၊ ရုံးဆင်းချိန်ကစလို့ပေါ့။

 

စပ်စုမယ်

စပ်စုတာကတော့ သူ့ရဲ့အကောင့်ကို ရှာပြီးအပ်တာတို့၊ သူ့ wall တစ်ခုလုံး ရှိသမျှအကုန်လုံးမွှေပြီးစပ်စုတာမျိုးပေါ့။ ဘယ်သူတွေကို love react ပေးလဲ၊ ရည်းစားရှိလား အစရှိသလိုသူနဲ့ပတ်သက်တာတွေအကုန်စပ်စုပါပြီ။

 

ဆုံအောင်လုပ်မယ်

ဒီအဆင့်မှာတော့ သူနဲ့မျက်လုံးချင်းဆုံမိအောင်၊ သူနဲ့ရင်းနှီးမှု များများရရှိဖို့အတွက် ကြိုးစားပြီးလုပ်ဆောင်မယ်။ ဒီနေရာမှာတော့ တချို့တွေကပေါ်ပေါ်ထင်ထင် ကြိုးစားတတ်ပြီး တချို့ကတော့မသိမသာလေးကြိုးစားတတ်ကြပါတယ်။ သူနဲ့ ထမင်းစားချိန် အတူတူဆုံအောင်စားတာမျိုး၊ သူ့ထက်အရင် ရုံးစောစောလာပြီး သူသတိထားမိအောင် လုပ်တာမျိုးလေးတွေရှိလာပါမယ်။

 

ရုံးသွားဖို့ တက်ကြွနေမယ်

ကိုယ်ချစ်တဲ့သူကို မြင်ရဖို့အတွက်ဆိုရင် ဟိုးအဝေးကြီးကိုတောင်သွားဖို့စိတ်အားထက်သန်ကြပါတယ်။ အလုပ်ဆိုရင်တော့ ပြောစရာတောင်မလိုတော့ဘူးပေါ့နော်။ ရုံးစောစောသွားမှ သူ့ကိုစောစောမြင်ရမယ်ဆိုတော့ ရုံးသွားဖို့ အရမ်းကို တက်ကြွနေမှာသေချာပါပြီ။ သူ့ကိုတွေ့ချင်နေပြီဆိုတော့ မိုးရွာရွာ၊နေပူပူ မမူဘဲ ခွင့်ယူရက်တွေလည်းနည်းလာမှာပါ။

 

ဒီအချက်လေးတွေနဲ့တိုက်ဆိုင်နေပြီဆိုရင်တော့ သူ့ကိုချစ်မိနေတာ သေချာနေပါပြီ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Friday, 22 February 2019 16:19
Rate this item
(1 Vote)