ကိုယ့်ချစ်သူကို ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရတော့တဲ့အခါ

ကိုယ့်ချစ်သူကို ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရတော့တဲ့အခါ google.com

လူတစ်ယောက်က သူ့ရဲ့ပင်ကိုယ်ဗီဇကို ကိုယ့်ကြောင့်ပြောင်းလဲလိုက်တယ်၊

ကိုယ်က သူ့ရဲ့မကောင်းတဲ့အကျင့်တွေနဲ့မွေးရာပါဗီဇကို ပြောင်းလဲလို့ရလိုက်တယ်ဆိုတာမဖြစ်နိုင်ဘူးလို့ လူတွေကပြောလေ့ရှိပါတယ်။ ဒါကိုမယုံလို့ ကိုယ့်လက်ထဲရောက်မှ သူ့ရဲ့အရာရာကိုပြောင်းလဲပစ်လိုက်မယ်လို့တွေးပြီးလက်တွဲခဲ့ပေမယ့် တကယ်တမ်းမှာတော့ ကိုယ်ကသူ့ကို ဘယ်လိုမှပြုပြင်ပြောင်းလဲလို့မရတော့တဲ့အခါမှာ ဘယ်လိုတွေခံစားရမလည်းဆိုတာ ပြောပြပေးပါ့မယ်။

 

ဗီဇဆိုတာဖျောက်လို့မရမှန်းသိလိုက်ရတယ်

လူတစ်ယောက်ရဲ့ မွေးကတည်းကပါလာတဲ့ ဗီဇကဖျောက်လို့မရဘူးဆိုတဲ့ စကားက ရှေ့လူတွေအလကားလျှောက်ပြောထားခဲ့တဲ့ စကားမဟုတ်ပါဘူး။ တကယ့်အမှန်တရားပါ။ ကိုယ်က သူပြောင်းလဲလာမလားလို့ ဘယ်လောက်ပဲမျှော်လင့်ခဲ့ပေမယ့် သူကတော့ အရင်ကလည်းဒီအတိုင်း၊ အခုလည်းအရင်အတိုင်း၊ နောက်လည်း ဒီပုံစံဒီအချိုးအတိုင်း အမြဲဖြစ်နေဦးမှာပဲဆိုတာကို သိလိုက်ရတာပါပဲ။

 

ကိုယ့်အတွေးတွေမှားနေတယ်ဆိုတာသိလိုက်ရတယ်

လူတစ်ယောက်ကို ပြုပြင်ဖို့ကြိုးစားပြီး မအောင်မြင်တာဟာ သူ့အမှားမဟုတ်ပါဘူး၊ သူ့ကို ပြုပြင်လို့ရမယ်လို့ တွေးခဲ့တဲ့ ကိုယ့်အမှားပဲဆိုတာကိုသိလိုက်ရပါတယ်။

 

သူ့အစားကိုယ်ကဝင်ဆုံးဖြတ်လို့မရနိုင်ဘူးဆိုတာသိလိုက်ရတယ်

တခြားလူတစ်ယောက်ဟာ ကိုယ်မဟုတ်တဲ့အတွက် သူ့နေရာကိုဝင်ပြီး ကိုယ်ကဆုံးဖြတ်ချက်ချပေးလို့မရပါဘူး။ ကိုယ်ကဘယ်လောက်စေတနာရှိပေမယ့် ကိုယ်ချစ်တဲ့သူကိုခြောက်ပြစ်ကင်းသဲလဲစင်ဖြစ်စေချင်ပေမယ့် သူ့ဘက်က ပြုပြင်မယ်လို့ မဆုံးဖြတ်မချင်းဘာမှမတတ်နိုင်ပါဘူး။ သူကသူ၊ ကိုယ်ကကိုယ်ပဲဆိုတာကို ကွဲကွဲပြားပြား သိလိုက်ရတာမျိုးပါ။

 

အသွင်တူမှအိမ်သူဖြစ်တယ်ဆိုတာမှန်တယ်

သူဘယ်လောက်ဆိုးဆိုး ကိုယ်ရအောင်ပြုပြင်မယ်လို့ဆုံးဖြတ်ခဲ့ပေမယ့် သူ့ဘက်ကမပြောင်းလဲလာတဲ့အခါမှာ ရှေ့ဆက်ဖို့အတွက်ခက်ခဲလာပါတယ်။ လူကြီးတွေပြောတဲ့ " အသွင်မတူရင် အိမ်သူမဖြစ်ဘူး " ဆိုတဲ့စကားကလည်း မှန်နေတာပဲဆိုတာကိုသိလိုက်ရပြန်ပါတယ်။

 

တစ်သက်လုံးလက်ခံနိုင်မလား၊ ထွက်သွားမလားရွေးချယ်ရတဲ့အချိန်ရောက်ကိုရောက်လာမယ်

သူနဲ့ကိုယ်နဲ့ ရှေ့ဆက်ဖို့ သူ့ရဲ့ပင်ကိုယ်ဗီဇ၊ အကျင့်စရိုက်ကို တစ်သက်လုံးလက်ခံသွားနိုင်ပြီလား၊ ဒါမှမဟုတ် သူနဲ့လက်တွဲဖြုတ်နိုင်ပြီလား ဆိုတာစဉ်းစားရခက်တဲ့အချိန်ဆိုတာရောက်ကိုရောက်လာပါလိမ့်မယ်။ တစ်သက်လုံး လက်ခံသွားဖို့ကျတော့လည်း သူနဲ့ကိုယ်ကစရိုက်မတူ၊ သူ့အကျင့်စရိုက်တွေကို သည်းခံသွားဖို့ကသိပ်မဖြစ်နိုင်သလိုဖြစ်နေပြီး၊ လက်တွဲဖြုတ်ဖို့ကျတော့လည်း သူနဲ့မခွဲနိုင်ဆိုတာမျိုးတွေဖြစ်လာတတ်တာကြောင့် လူတစ်ယောက်ကို ငါ့လက်ထဲရောက်မှပြုပြင်လိုက်မယ်ဆိုပြီး တွဲတာမျိုးတွေမလုပ်သင့်ပါဘူးလို့ပြောချင်ပါတယ်။

 

Credit : Auntymay

Myanmar Wedding Guide

Read times Last modified on Thursday, 14 March 2019 15:33
Rate this item
(1 Vote)