အိမ်ထောက်ဖက်ရွေးချယ်တဲ့အခါ

အိမ်ထောက်ဖက်ရွေးချယ်တဲ့အခါ google.com

တန်ဖိုးထားတဲ့အရာတွေမတူသူကို မရွေးပါနဲ့

ကိုယ်က အချိန်ကို တန်ဖိုးထားတယ်။ သူက ပေါ့တီးပေါ့ပျက်။ သူက ကတိပေးရင် ဘာမဆိုဖြစ်အောင်လုပ်တယ်။ ကိုယ်က စကားကို ပြီးစလွယ်ပြောတယ်။ ကိုယ်က သန့်မှ မွှေးမှ။ သူက ရေချိုးပျင်းတယ်။ အဲ့လိုကိစ္စတွေဟာ အရေးမကြီးဘူးထင်ရပေမယ့် ကြာတော့ အချစ်ဆိုတာကြီးကို အမြန်ထွက်ပြေးစေတဲ့ လက်နက်တခုပါပဲ။ ညှိလို့ရတယ်ထင်ပေမယ့် မလိုအပ်ဘဲ စကားခဏခဏ များရတာ စိတ်ညစ်စရာပါပဲ။

 

ပညာချင်း ၊ ဥစ္စာချင်း ကွာလွန်းတဲ့သူကိုမရွေးပါနဲ့

ပညာ၊ ဥစ္စာ ကွာလွန်းရင် အသိုင်းအဝိုင်းကွာပါတယ်။ ကိုယ့်အိမ်ထောင်ဖက်ကို ကိုယ့်အသိုင်းအဝိုင်းထဲ ဝင်မဆံ့ဘူးလို့ထင်တယ်။ သူ့ အပြောအဆို၊ အနေအထိုင်တွေဟာ ကိုယ့်မိတ်ဆွေ၊ ဆွေမျိုးကြားထဲမှာ မျက်နှာငယ်ရတယ်လို့ ထင်တယ်။ မသိမသာနဲ့ မခေါ်ဖြစ်ဘူး။ အဲလိုနဲ့ အတူတူသွားရမယ့်ကိစ္စတွေမှာ တဖြည်းဖြည်းတစ်ယောက်စီဖြစ်လာတယ်။ အလိုလိုနေရင်း ကိုယ့်အိမ်ထောင်ဖက်က သိမ်ငယ်စိတ်တွေ ဝင်လာတတ်ပါတယ်။

 

ကိုယ့်ကို အရာမပေးသူကို မရွေးပါနဲ့

တစ်ယောက်ယောက်က သိပ်တော်နေရင်၊ သိပ်ပြီး ပစားပေးခံရတာများနေရင် နေရင်းထိုင်ရင်း အိမ်ထောင်ဖက်ရဲ့အရည်အချင်းတွေကို နှိမ်ချင်လာတယ်။ တစ်ခုခုဆိုရှင်းပြမယ့်အစား မင်းကပြောလည်း နားလည်မှာမဟုတ်ပါဘူး ဆိုတာတွေ များလာရင် ခံရသူ ဘယ်လောက်ခါးသီးမလဲဆိုတာ ပြောမပြတတ်ပါဘူး။

 

ထကြွလုံ့လမရှိသူကို မရွေးပါနဲ့

မိန်းကလေးဖြစ်စေ၊ ယောက်ကျားလေးဖြစ်စေ အလုပ်လုပ်ချင်စိတ်ရှိတဲ့သူဟာတန်ဖိုးပိုရှိပါတယ်။ တစ်ယောက်က ရောင့်ရဲတင်းတိမ်တာကိုအကြောင်းပြပြီး ပျင်းတဲ့သူ၊ နောက်တစ်ယောက်က အလုပ်ကိုတန်ဖိုးထားတဲ့သူဆိုရင် အဲဒီပြဿနာ တော်တော်ကြီးပါတယ်။ တစ်ယောက်ကိုတစ်ယောက်ကြာရင် ဘယ်လိုမှအထင်ကြီးလို့မရတော့ ပြောဆိုဆက်ဆံရတာ တော်တော်ခက်ပါတယ်။ အဲလိုဆို အချစ်သစ်ပင်လည်း မြက်ဖုတ်လောက်တောင် ကြီးတော့မှာမဟုတ်ဘူး။

 

အသက်အရမ်းကွာတဲ့သူကို မရွေးပါနဲ့

ဟိုးခေတ်က ယောက်ကျားတွေဟာ သူတို့ ငယ်ငယ်လေးတွေကြိုက်တိုင်း ဒွေးချိုးလေးတိုး ဆိုပြီးစာပြုကြတယ်။ တကယ်တော့ အသက်အရမ်းကွာတဲ့သူကိုယူရတာ မိန်းကလေးအတွက်တော့တစ်ဒုက္ခပါပဲ။ ကိုယ့်ဦးလေးအရွယ်ကို ယူထားတော့ စိတ်အခန့်မသင့်လို့ ရန်ဖြစ်ချင်ရင်တောင် ဦးသုံးကြိမ်အရင်ချရမှာလား၊ အရင်ဝုန်းဒိုင်းကြဲရမလား မသဲကွဲဘူး ဖြစ်တတ်တယ်။ နောက်တစ်ချက်က ကျန်းမာရေးပါ။ ကိုယ့်မိတ်ဆွေစုံတွဲမှာ အမျိုးသားက လူကြီးရောဂါစပြီ။ ပင်စင်ယူရပြီ။ အမျိုးသမီးက ၄၀ စွန်းစွန်း။ အလုပ်မှာ အောင်မြင်နေပြီ။ အလုပ်မသွားနိုင်တဲ့ ယောက်ကျားက အိမ်မှာတစ်နေကုန်ပြီး ဒီမိန်းမ ဘယ်သူနဲ့ထမင်းထွက်စားနေတာလဲ။ ဒီနေ့နာရီဝက်နောက်ကျတာ ဘယ်သွားနေလို့လဲ စသည်ဖြင့် နေ့တိုင်း စိတ်တွေပူပြီး ပြဿနာဖြစ်နေတော့တာပဲ။ မိန်းကလေးများ အသက်ကြီးတော့ ပိုတောင်ဆိုးပါသေးတယ်။ အချော့ခံချင်တဲ့ ယောက်ကျားနဲ့ ငြားလို့ကတော့ တစ်သက်လုံးလူကြီးမဖြစ်မယ့် သူငယ်နာရောဂါသည်ကို တစ်ဘဝလုံး ချော့နေရမှာပါ။

 

အပြောအဆိုတွေကို မြင်အောင်ကြည့်ပါ

အချို့ယောက်ကျားတွေက လူကသာလက်ကြောမတင်းတာ၊ ပြောလိုက်တဲ့စကားတွေက အာကာသကမဆင်းဘူး။ လက်ဖက်ရည်ဆိုင်၊ ဘီယာဆိုင်တကာမှာ ဟောင်ဖွာဟောင်ဖွာနဲ့ အားနေတာသူတို့ပဲ။ တရားဟောနေတာလည်း သူတို့ပဲ။ တကယ့်တကယ် ပြသနာတက်ပြီဆိုမှ အိမ်က မိန်းမကို ဦးစားပေးသလိုလိုနဲ့ မင်းပဲ ကြည့်ရှင်းလိုက်ဆိုပဲ။

 

ချစ်စိတ်မွှန်နေတဲ့ အချိန်မှာလက်မထပ်ပါနဲ့

အချစ်မွှန်စိတ်ကကျပြီး အခြေအနေအားလုံးကိုပကတိ မြင်တဲ့အချိန်၊ သူ့အားနည်းချက်တွေ ဘွင်းဘွင်းကြီးမြင်ပြီးလက်မခံနိုင်တဲ့အချိန် ကိုယ့်မှာတိုးလို့တွဲလောင်းတွေနဲ့ခက်ပြီ။ တကယ်တော့ အကျီဝယ်ရင်တောင် ကိုယ်နဲ့ လိုက်မလိုက်၊ ကိုယ့်ဘက်ဂျက်နဲ့ ကိုက်မကိုက် အများကြီး စဉ်းစားရတာ။ တစ်သက်စာ အတွက် လူရွေးဖို့က ဘယ်လောက်ခက်လဲ။ အကျီတွေ၊ ဖိနပ်တွေ မဝယ်ခင်က သေအောင်ကြိုက်ပြီး တကယ်ဝတ်ကြည့်မှ ကိုယ်နဲ့ မလိုက်တာတွေ အများကြီး။ မကြိုက်တာတွေ အများကြီးဖြစ်တတ်ပါတယ်။

 

အိမ်ထောင်ရေးမှာဆို မပြေလည်တာတွေအများကြီးရှိနိုင်တယ်ဆိုတာ ကြိုပြီး နှလုံးသွင်းထားသင့်ပါတယ်။ ဘယ်လိုဖြေရှင်းကြမလဲဆိုတာလည်း အများကြီးကြိုစဉ်းစားထားရမှာ။ ကိုယ့်ညီမလေးတွေ အိမ်ထောင်ရေး လောကဓံကို အောင်မြင်ကြပါစေ။

 

Credit : HninSetAye

Myanmar Wedding Guide

Read times Last modified on Saturday, 23 March 2019 15:58
Rate this item
(2 votes)