ယောကျာ်းလေးတွေစိတ်ပျက်သွားတတ်တဲ့ မိန်းကလေးအမျိုးအစားများ

ယောကျာ်းလေးတွေစိတ်ပျက်သွားတတ်တဲ့ မိန်းကလေးအမျိုးအစားများ google.com

ယောကျာ်းလေးတွေက ကိုယ့်ချစ်သူကိုချစ်ရဲ့နဲ့လည်းထားခဲ့ကြပါတယ်။

ဘာကြောင့်ချစ်ရဲ့နဲ့ထားခဲ့ကြလည်းဆိုတော့ ယောကျာ်းလေးတွေဘက်က သည်းခံနိုင်တဲ့အခြေအနေတွေကုန်ဆုံးသွားလို့ပါ။ ဒီလိုအခြေအနေမျိုးတွေ ဖြစ်လာပြီဆိုရင်တော့ ဆင်ခြင်ပြီး ပြုပြင်သင့်ပါတယ်နော်။ ဘယ်လိုမျိုးတွေလည်းဆိုတာ ပြောပြပေးပါမယ်နော်။

 

တွေ့သမျှလူနဲ့စွပ်စွဲတတ်သောမိန်းကလေး

သမီးရည်းစားဘဝ၊ လင်မယားဘဝဆိုတာ သဝန်တိုခြင်းနဲ့မကင်းနိုင်သလို သဝန်တိုခြင်းဆိုတာလည်း ချစ်ခြင်းရဲ့ သင်္ကေတတစ်ခုပေါ့။ ဆိုပေမဲ့ အရာရာမှာလွန်သွားရင် မကောင်းဘူးဆိုသလို သဝန်တိုလွန်းပြန်တော့ ပျော်စရာ မကောင်းတော့ပြန်ပါဘူး။ တစ်နေ့တစ်နေ့ ဘယ်သူနဲ့ အစွပ်စွဲခံရမလဲ၊ ဘယ်သူနဲ့များ ပေးစားခံရမလဲလို့ တွေးပူရ၊ ခင်မင်ရတဲ့ သူငယ်ချင်းမိန်းကလေးတွေနဲ့ မိတ်ပျက်ရ နဲ့ ပျော်စရာကောင်းတဲ့ အချစ်ရေးမဟုတ်တော့ပါဘူး။မိန်းကလေးတွေမှာ ဆဌမအာရုံရှိလို့မို့ စိတ်ထဲ ထင့်နေတာ၊ ဘာညာဆိုတာမျိုးထက် ကိုယ်နဲ့စကားပြောမိသမျှ ကောင်မလေးတိုင်းနဲ့လိုက်ပြီး စွပ်စွဲနေရင်တော့ဖြင့် စဉ်းစားသင့်နေပါပြီ။

 

ရစ်လွန်းတဲ့မိန်းကလေး

ရစ်တယ်ဆိုတာကလည်း သာမန်လေး ချစ်စနိုးနဲ့ရစ်ရင် ချစ်စရာ၊ ပျော်စရာလေးပေါ့။ ရစ်လွန်းမက ရစ်လွန်းတော့လည်း စိတ်ညစ်ဖို့ကောင်းလာရော။ တစ်နေ့တစ်နေ့ သူရှာသမျှပြဿနာကို ဖြေရှင်းနေရတာနဲ့တင် ဘာမှလုပ်လို့မရတော့ဘူးနော်။ မိန်းကလေးတွေဘက်ကလည်း မိန်းကလေးမို့ရစ်တာဆိုပြီး တရားလွန်မရစ်သင့်ပါဘူးနော်။ ဘယ်အရာမဆို အတိုးအလျှော့လေးနဲ့မှပျော်စရာကောင်းတဲ့ဆက်ဆံရေး ရနိုင်မှာမဟုတ်လား။နားလည်မှုတွေနဲ့ပဲလက်တွဲသင့်ပါတယ်နော်။

 

ဖြစ်သမျှပြဿနာ လူမှုကွန်ရက်ပေါ်တင်တတ်တဲ့မိန်းကလေး

သမီးရည်းစားရန်ဖြစ်တာမဆန်းပါဘူး။ ဖြစ်တဲ့ပြဿနာဆိုတာလည်း ကြီးကြီးမားမားဟုတ်ချင်မှဟုတ်မှာလေ။ တစ်ခါတလေ ဝုန်းဝုန်းဒိုင်းဒိုင်းတွေဖြစ်ကြပြီး ခဏနေကျ ဟီးဟီးဟားဟားဖြစ်သွားတတ်တာ သဘာဝပါပဲ။ ဒါကို တစ်ခုခုဖြစ်တိုင်း ကိုယ်ကပဲမကောင်းတဲ့သူလိုလို စာတွေအများကြီးရေးတင်တတ်တာမျိုးက လုံးဝလုံးဝမကောင်းတဲ့အကျင့်ပါ။ ဒါကြောင့် ဒီလိုမိန်းကလေးမျိုးက ရှောင်သင့်တဲ့အထဲမှာပါပါတယ်။

 

အွန်လိုင်းပေါ်ကအချစ်ဒဿနတိုင်းကို ယုံစားတတ်တဲ့မိန်းကလေး

Facebook ပေါ်မှာ အားအားနေ စပရိုက်တိုက်နေတတ်တဲ့ Post တွေ၊ ကိုယ့်ကို တကယ်ချစ်တဲ့ချစ်သူဆိုတာ အစချီတဲ့ Post တွေကို သဘောကျပြီး Share တာ၊ ကိုယ့်ချစ်သူတွေ့အောင် Mention ခေါ်တာက ပြဿနာမဟုတ်ပါဘူး။ တကယ့်ပြဿနာက အဲ့ဒီထဲကလို ကိုယ့်အပေါ်မဆက်ဆံရကောင်းလားဆိုပြီး ပြဿနာရှာတတ်တာပါ။ ဒီလို စာတွေ၊ ပို့စ်တွေဟာ မိန်းကလေးငယ်လေးတွေ သဘောကျအောင် ရေးထားတဲ့ အပျော်ဖတ်ဝတ္ထုလို ဖတ်လို့ကောင်းပေမဲ့ အပြင်လောကမှာ လက်တွေ့ဖြစ်လာဖို့က ခက်တယ်လေ။ ဒါကြောင့် ဒီလို အချစ်ဒဿနတွေ၊ ပို့စ်တွေကို ကြိုက်တာက ကြိုက်ပါ၊ လက်တွေ့ဖြစ်လာအောင် အတင်းလုပ်ယူရင် နှစ်ဦးနှစ်ဖက် ပင်ပန်းကြရမှာပါနော်။

 

စိတ်ထိခိုက်အောင် လုပ်တတ်တဲ့မိန်းကလေး

ခန္ဓာကိုယ်ကို နာကျင်အောင်လုပ်မှ နာကျင်စရာကောင်းတာမဟုတ်ပါဘူးနော်။ ကိုယ့်စိတ်ခံစားချက်ကို နာကျင်အောင်လုပ်တတ်တာကလည်း နာကျင်စရာပေါ့။ ကိုယ့်ကို အတိတ်အကြောင်းတွေ ခဏခဏပြန်ပြောပြီး နာကျင်အောင်လုပ်တာ၊ ကိုယ်မကြိုက်တဲ့ကိစ္စတွေကို ခဏခဏပြောတတ်တာ၊ လုပ်တတ်တာ၊ Facebook ပေါ်မှာ ကိုယ့်အကြောင်းတွေတင်ပြီး အရှက်ခွဲတတ်တာ ဒီလိုအကျင့်ရှိသူတွေနဲ့ ကာလကြာရှည် လက်တွဲတော့မယ်ဆိုရင်တော့ တော်တော်ကြီးကို ညှိနှိုင်းဖို့ လိုအပ်ပါတယ်နော်။

 

ဒါကတော့ လက်မတွဲသင့်တဲ့မိန်းကလေးအမျိုးအစားတွေပါ။ မိန်းကလေးတွေမှာပဲရှိတတ်တဲ့အမူအကျင့်တွေလားဆိုတော့လည်းမဟုတ်ပါဘူး။ ယောက်ျားလေးတွေမှာလည်းရှိတတ်တာမို့ ကိုယ်တိုင် ဒီလိုမိန်းကလေးမဖြစ်ဖို့ ဆင်ခြင်သလို ဒီလိုအမျိုးသားတွေနဲ့ ကြုံခဲ့၊ ဆုံခဲ့ကြရင်လည်း သတိပြုနိုင်ကြပါစေလို့ အကြံပေးလိုက်ပါတယ်နော်။

 

Credit : Sugar Cane

Myanmar Wedding Guide

Read times Last modified on Saturday, 23 March 2019 16:29
Rate this item
(1 Vote)