အေးအတူပူအမျှ ရိုးမြေကျပေါင်းဖက်နိုင်စေဖို့

အေးအတူပူအမျှ ရိုးမြေကျပေါင်းဖက်နိုင်စေဖို့ google.com

တစ်ချို့ စုံတွဲလေးတွေကြည့်လိုက်ရင် အရမ်းကြည်နူးဖို့ကောင်းပါတယ်။ သူတို့ကြားမှာ ဘာမာန၊ အတ္တမှမရှိဘူး။

ရန်လိုခြင်းတွေ၊ စိတ်ညစ်ရခြင်းတွေမရှိဘူး။ အရမ်းငြိမ်းချမ်းပါတယ်။ သူများအတွဲတွေလို တွေ့တာနဲ့သတ်၊ လူမြင်ကွင်းမှာလည်း မရှောင်၊ ရိုက်နှက်ပုတ်သတ်နေတဲ့အတွဲတွေ၊ ပြီးရင် ပြတ်လိုက်ဆက်လိုက်နဲ့ ကြည့်ရတာ သိပ်ပူလောင်ပါတယ်။ ဒီစုံတွဲနှစ်တွဲကိုယှဉ်လိုက်ရင် အားလုံးကတော့ပထမစုံတွဲအတိုင်းပဲဖြစ်ချင်ကြမှာပါ။ ချစ်သူဆိုတာ ရင်ထဲအေးချင်လို့ထားတာလေ။ ရင်ထဲပူလောင်ရတဲ့လူမျိုးဆို သိပ်တော့အဆင်မပြေသေးဘူး။

 

လူ့စိတ်ဆိုတာလည်း ထိန်းချုပ်လို့ရတဲ့အရာမဟုတ်ပါဘူး။ ကိုယ့်စိတ်ကိုယ်တောင်မနိုင်တာ ၊ သူများစိတ်ထိန်းချုပ်ဖို့ဆိုတာတော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး။ သူသာကိုယ့်ကိုတကယ်ချစ်မယ်ဆို သင်နဲ့အဆင်ပြေအောင်လိုက်လျောညီထွေ နေမှာပါပဲ။ ဒါဆို အချိန်ကြာကြီး တစ်သက်လုံးရိုးမြေကျ လက်တွဲသွားမယ့် စုံတွဲတွေဆိုတာဘယ်လိုမျိုးဖြစ်မလဲဆိုတာ ပြောပြပေးပါ့မယ်။

 

ရိုးသားမှု

အချစ်တစ်ခုမှာ ရိုးသားမှုကအခြေခံပါတယ်။ တကယ်မချစ်ဘဲနဲ့လက်တွဲရင် ဘယ်အချိန်လောက်ထိခံနိုင်မှာလဲ။ ရိုးသားမှုရှိမှာသာ အချစ်တစ်ခုကဆက်လက်ရှင်သန်နေပါလိမ့်မယ်။ ဘယ်သူမှတော့မပြည့်စုံပါဘူး။ လူတိုင်းမှာ သူ့တန်ဖိုးနဲ့သူရှိပါတယ်။ မြင်တဲ့သူကမြင်တယ်။ မမြင်တဲ့သူကြတော့လည်း သင်နဲ့မထိုက်တန်ဘူးလို့သာမှတ်ယူပါ။ ကိစ္စတစ်ခုကိုဖုံးကွယ်မှုမရှိပဲ ရိုးသားစွာဖွင့်ဟဝန်ခံခြင်းက အကောင်းဆုံးပါပဲ။ ဘယ်လိုခံစားနေရကြောင်း သူ့ကိုပြောပြဖို့ ဘယ်တော့မှမတွန့်ဆုတ်ပါနဲ့။ သင်တို့ဟာအနီးဆုံးလူတွေဖြစ်ပါတယ်။ စိတ်ထဲဘဝင်မကျဖြစ်နေရင် ပါးစပ်ကနေသာထုတ်ပြောလိုက်ပါ။ ဘယ်သူကသင့်စိတ်ကိုဖတ်နိုင်မှာလဲ။ ထုတ်ပြောလိုက်ခြင်းက ပြဿနာရဲ့ ပထမအဆင့်ကို ဖြေရှင်းလိုက်ခြင်းပါပဲ။

 

အကောင်းမြင်ခြင်း

အကောင်းမြင်တတ်ခြင်းကြောင့် သင်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးပိုပြီးပျော်ရွှင်ကြည်နူးစရာကောင်းမယ်။ လူတိုင်း ဘဝမှာဒီလိုအကောင်းမြင်တတ်တဲ့ လူတွေနဲ့သာနေထိုင်လိုကြပါတယ်။ သူဘာပဲလုပ်လုပ် သင်ကအဆိုးမြင် ဝေဖန်နေရင်ကြာရင် သူစိတ်ညစ်လာလိမ့်မယ်။ ဘာပဲဖြစ်ဖြစ်အကောင်းမြင်ပြီး နားလည်ပေးနိုင်အောင်ကြိုးစားပါ။ ဆိုးသွမ်းနေသူတစ်ယောက်ဟာ ကောင်းတဲ့လူရဲ့ ဒဏ်ကိုမခံနိုင်ဘူး။ သူဘယ်လိုဆိုးဆိုး သင်ကသူ့အပေါ်အရမ်းကောင်းနေတော့ သူအဆုံးရှုံးခံနိုင်မှာမဟုတ်ပါဘူး။

 

အတွေးအမြင်တွေ ဖလှယ်ပေး၊ ထောက်ပံပေးပါ

လူတစ်ယောက်က အမြဲတမ်းစိတ်ကြည်လင်မနေနိုင်ဘူး။ ဘာမှမဟုတ်ပေမယ့်လည်း စိတ်ထဲအလိုလိုဘဝင်မကျနေတာမျိုးရှိတယ်။ အဲ့ဒီအချိန် သူလိုအပ်နေတာကို သင်ဖြည့်ဆည်းပေးနိုင်အောင်ကြိုးစားပါ။ အလုပ်တွေအရမ်း ရှုပ်နေရင် သူ့အတွက်စားစရာတစ်ခုခုစီစဉ်ပေးတာမျိုးပေါ့။ သင်တစ်ယောက်တော့ သူ့ကိုဂရုစိုက်ပေးနေကြောင်းပြပါ။ ဒါမှ သူလည်းစိတ်သက်သာရာရမယ်။ သူလိုအပ်နေတဲ့အရာက သူနဲ့ဘယ်လိုပဲကွဲပြားခြားနားနေပါစေ။ တန်ဖိုးတော့ထားပေးပါ။ ရောင်ပြန်ဟပ်ပါလိမ့်မယ်။

 

ချစ်ကြောင်းပြပါ

သူနဲ့ပတ်သတ်ပြီး သင်ဘယ်လောက်ချစ်ကြောင်းပြပါ။ သူက သင့်အတွက်ဘယ်လောက်အရေးပါကြောင်းပြောပါ။ ပါးစပ်ကတဖွဖွပြောမနေရင်တောင် အမူရာတွေနဲ့ထုတ်ပြနိုင်ပါတယ်။ အသေးဖွဲ့လေးတွေ အစဂရုတစိုက်ရှိပါ။သူနဲ့ရှိနေချိန်မှာ သင်ဘယ်လောက်ပျော်ရွှင်ကြောင်းပြောပြပေးပါ။ သူလည်း သင့်ကိုပြောဖို့ဝန်မလေးတော့ဘူး။ နှစ်ဦးကြားပွင့်လင်းလာမယ်။ ဒါဟာ တစ်သက်လုံးရိုးမြေကျလက်တွဲသွားချင်ရင် အလိုအပ်ဆုံးအရာတစ်ခုဖြစ်ပါတယ်။

 

ချိန်ပေးနိုင်အောင် ကြိုးစားပေးပါ

သင်တို့နှစ်ယောက်လုံး အချိန်ပြည့် ၂၄နာရီ အတူရှိမနေနိုင်ဘူး။ သင့်ချစ်သူ သူဝါသနာပါတဲ့အရာတွေလုပ်နေချိန် သူ့ဘေးမှာ သင်တစ်ချိန်လုံးရှိမနေနိုင်ပါဘူး။ သင်လည်း သင့်ဘဝအတွက်တိုးတက်ဖို့လုပ်နေချိန်မှာနှစ်ယောက်သား မတွေ့ရတဲ့အချိန်တွေရက်ဆက်လာမယ်။ မအားမှန်းသိပေမယ့်လည်း သူ့အတွက်တော့တစ်နာရီ၊ နာရီဝက်လောက်ပဲဖြစ်ဖြစ် အချိန်ပေးနိုင်အောင်တော့ကြိုးစားပါ။ အလုပ်ချည်းပဲလုပ်နေရင် သူသင့်အပေါ်သွေးအေးသွားလိမ့်မယ်။သူသင်နဲ့အချိန်တူတူကုန်ဆုံးချင်တာပါ။ အချိန်ပေးနိုင်ပါစေ။

 

အပြန်အလှန်လေးစားမှုရှိခြင်း

သူ့ရဲ့ ဆုံးဖြတ်ချက်တွေ၊ အတွေးမြင်တွေကို လေးစားမှုရှိဖို့ကအရေးကြီးပါတယ်။ သင့်ရဲ့ အမြင်တွေက သူနဲ့ကွာခြားနေတယ်ဆိုရင်တောင်ပေါ့။ သူ့ရဲ့ သူငယ်ချင်းတွေနဲ့ မိသားစုအပေါ်လည်းလေးစားမှုရှိရမယ်။ လေးစားမှုရှိခြင်းက သင်တို့နှစ်ယောက်ကြား ယုံကြည်မှုတွေကိုပိုတိုးပွားလာစေတယ်။ လေးစားမှုရှိဖို့ ဘယ်တော့မှမမေ့လိုက်ပါနဲ့။ သင်တို့နှစ်ယောက် စကားများရန်ဖြစ်နေရင်တောင် သူ့ရဲ့ ဆုံးဖြတ်ချက်တွေနဲ့ပတ်သတ်ပြီးဘာမှသွားမပြောပါနဲ့။ စကားလုံးပြောဆိုသုံးနှုန်းရာမှာ သတိထားပါ။ အရမ်းဒေါသထွက်နေရင် ဘာမှမပြောဘဲနေလိုက်ပါ။ စကားလုံးအမှားတွေပါသွားရင် သူလည်းနာကျင်၊ ကိုယ်လည်း စိတ်မကောင်း။ နှစ်ဦးစလုံးအတွက်မကောင်းပါဘူး။

 

သဝန်တိုမှုကင်းပါစေ

သဝန်မတိုမိအောင်နေပါ။ သဝန်တိုကြောင်းပြလိုက်ရင် သင့်ရဲ့ ကလေးဆန်မှုတွေကို ပြသရာရောက်တယ်။ အသက်တွေငယ်သွားမှာမဟုတ်ဘူး။ ကြီးသွားမှာဆိုတော့ တဖြည်းဖြည်းရင့်ကျက်နိုင်အောင်ကြိုးစားပါ။ သင့်ရဲ့ သဝန်တိုမှုကြောင့် သူ့ရဲ့ စိတ်တွေထွေပြားအောင်လုပ်မိပါလိမ့်မယ်။ သဝန်တိုစိတ်က သင်နဲ့သူပိုဝေးသွားအောင် တွန်းထုတ်နေသလိုဖြစ်သွားပါလိမ့်မယ်။ တကယ်လို့ သူက သင့်ကိုသဝန်တိုနေတယ်ဆိုလည်းသေချာရှင်းပြပါ။သင်သူ့ကို ဘယ်လောက်ချစ်ကြောင်းပေါ့။

 

တစ်ယောက်နဲ့တစ်ယောက်ပြောင်းလဲဖို့ မကြိုးစားပါနဲ့

ချစ်ရင် ဒီတိုင်းလေးပဲချစ်ပါ။ သူကောင်းတာ၊ ဆိုးတာ အားလုံးလက်ခံပြီးချစ်ပါ။ ပြောင်းလဲပစ်ဖို့မကြိုးစားပါနဲ့။ သူ့ရဲ့ အကျင့်တွေ၊ အမူအရာတွေကိုလက်ခံနိုင်အောင်နေပြရင် သူလည်းသင့်အပေါ်ပိုပြီး သံယောဇဉ်တွယ်လိမ့်မယ်။သူ့အပေါ်အနွံတာခံပါလားဆိုပြီး ပိုပြီးချစ်လာမှာပါ။ သင်မကြိုက်တဲ့အချက်တွေရှိလာရင် အေးဆေးပြောပြပါ။ စကားမများပါစေနဲ့။ သူ သင့်ကိုချစ်ရင်ပြင်ပါလိမ့်မယ်။ တစ်ယောက်အပြစ်ကို တစ်ယောက်ခွင့်လွှတ်ပေးနိုင်အောင်ကြိုးစားပါ။ အဓိကကတော့ သင်လုပ်ရမှာကသူပျော်ရွှင်အောင်ပါ။ ချစ်ရတဲ့သူပျော်ရွှင်ရင် ကိုယ်လည်းစိတ်ချမ်းသာရပါတယ်နော်။

 

Credit : MMONLINEMEDIA

Myanmar Wedding Guide

Read times Last modified on Tuesday, 26 March 2019 16:23
Rate this item
(2 votes)
Tagged under