စုံတွဲလေးတို့မင်္ဂလာဆောင်အသုံးစရိတ်ကို လျှော့ချချင်တယ်ဆိုရင်

စုံတွဲလေးတို့မင်္ဂလာဆောင်အသုံးစရိတ်ကို လျှော့ချချင်တယ်ဆိုရင် google.com

‍‍‍‍မင်္ဂလာဆောင်ရာသီကို ရှောင်ခြင်း

မင်္ဂလာပွဲနဲတဲ့ရာသီမှာဆိုရင် ဟိုတယ်၊ ဝတ်စုံ၊ ဓာတ်ပုံ၊ ပန်းအလှဆင် အစရှိတဲ့မင်္ဂလာဝန်ဆောင်မှုလုပ်ငန်းတွေကနေ Discount တွေ၊ အထူးအခွင့်အရေးတွေ ပေးတတ်ကြတာမို့ ပုံမှန်ထက် စရိတ်သက်သာနိုင်ပါတယ်။ ပွဲရာသီဆိုရင်လည်း စနေ၊ တနင်္ဂနွေ မဟုတ်တဲ့ ကြားရက်ကိုရွေးချယ်ကျင်းပပါ။

 

ဧည့်သည်အရေအတွက်ကို စီစစ်ခြင်း

ဧည့်သည်အရေအတွက်များရင်များသလို အစားအသောက်၊ ဖိတ်စာနဲ့ ပြန်ကမ်း လက်ဆောင်စရိတ်တွေပါ ပိုကုန်ကျမှာမို့ ဧည့်သည်စာရင်းကို သေချာစီစစ်ပြုစုပါ။

 

‍‍‍‍‍‍ဖိတ်စာအတွက် အကုန်အကျမခံခြင်း

ဘယ်လောက်လှတဲ့ဖိတ်စာဖြစ်ဖြစ် အချိန်တန်ရင် အမှိုက်ဖြစ်သွားမယ့်အရာမို့ စရိတ်ချွေတာချင်တဲ့ မောင်နှံတွေအနေနဲ့ မဖြစ်မနေလျှော့သင့်ပါတယ်။ ဈေးသက်သက်သာသာနဲ့ သပ်သပ်ရပ်ရပ်လေးဖြစ်မယ့်ဖိတ်စာကိုပဲ ရွေးချယ်လိုက်ပါ။

 

အပိုင်ဝယ်မယ့်အစား ငှားဝတ်ခြင်း

မင်္ဂလာဝတ်စုံကိုအမှတ်တရသိမ်းထားဖို့ အစီအစဉ်မရှိဘူးဆိုရင် အပိုင်ဝယ်၊ ချုပ်မယ့်အစား ငှားဝတ်လိုက်တာ အချိန်ရော၊ ငွေရောသက်သာမှာပါ။ တခြားတစ်ပွဲသုံးပစ္စည်းတွေကိုလည်း ဝယ်မယ့်အစားငှားလိုက်ပါ။

 

‍‍‍‍‍ခန်းမအလှဆင်စရိတ်ကို လျှော့ချခြင်း

ပန်းအစစ်တွေနဲ့အလှဆင်မယ်ဆိုရင် လှရင်လှသလောက် ကုန်ကျစရိတ်ကလည်း သိန်းဆယ်ဂဏန်းအထက်မှာ ရှိတတ်ပါတယ်။ စရိတ်သက်သာအောင် ပန်းအစစ်နဲ့အတုတွေရောသုံးပြီး ခမ်းခမ်းနားနားလှအောင်ပြင်လို့ရပါတယ်။ Dinner ပွဲဆိုရင် ပူပေါင်းလေးတွေနဲ့လည်း အလှဆင်နိုင်ပါတယ်။

 

တီး‍‍‍‍ဝိုင်းအစား နောက်ခံတေးဂီတသုံးခြင်း

တီးလုံးငြိမ့်ငြိမ့်လေးတွေ ဒါမှမဟုတ် ကိုယ့်စိတ်ကြိုက် အချစ်သီချင်းအေးအေးလေးတွေကို နောက်ခံတေးဂီတအနေနဲ့ ဖျော်ဖြေနိုင်ပါတယ်။

 

‍‍‍ဗန်းကိုင်နဲ့ အရံစရိတ်ကို ချွေတာခြင်း

လက်စွပ်ဗန်းကိုင်နဲ့ ပန်းကုံးဗန်းကိုင်ကို နှစ်ယောက်လုပ်ရမယ်လို့ မသတ်မှတ်ထားပါဘူး။ တစ်ယောက်တည်းလုပ်လို့လည်း ရပါတယ်။ အရံလည်းအတူတူပါပဲ။ အရံ နှစ်တွဲအစား တစ်တွဲပဲထည့်ပါ။ သူတို့အတွက် စီစဉ်ပေးရမယ့် ဝတ်စုံ၊ ဖိနပ်၊ မိတ်ကပ်၊ လက်ဝတ်ရတနာစရိတ် အများကြီးသက်သာသွားမှာပါ။

 

Myanmar Wedding Guide

Read times Last modified on Friday, 19 April 2019 15:07
Rate this item
(1 Vote)