မြိတ်ရိုးရာမင်္ဂလာပွဲအကြောင်း

မြိတ်ရိုးရာမင်္ဂလာပွဲအကြောင်း

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ဒေသတွင် ရိုးရာမင်္ဂလာပွဲ ဆင်ယင်ကျင်းပရာ၌ လက်ထပ်ထိမ်းမြားသည်ဆိုခြင်းထက် အိမ်တက်သည်ဟု ခေါ်ကြသည်။

 

မင်္ဂလာဆောင်သည်ဟုသော အသုံးအနှုံးမှာ ဒုတိယလိုက်သော မွေးစားစကားလုံးနှင့် တူသည်။ မင်္ဂလာပွဲကို အိမ်တက်ပွဲဟု ခေါ်သည်။ အိမ်တက်ပွဲ ကျင်းပပုံသည် မြန်မာပြည်အရပ်ရပ်တွင် ကျင်းပသော ထုံးစံနှင့် မတူကွဲပြားမှု ရှိပြီး ရိုးရာဓလေ့ ခိုင်မာခဲ့သည်။ အိမ်တက်ပွဲတွင် မျက်နှာကြက်၊ ကွမ်းမအုပ်ပွဲနှင့် လူပျိုရံ၊ အပျိုရံတို့ ပါရှိရသည်။

 

တောင်းရမ်းခြင်း

လက်ထပ်မင်္ဂလာ အခမ်းအနား မဆောင်ရွက်မီ ရှေးဦးစွာ ငွေအပ်ခြင်း မင်္ဂလာ ပြုသည်။ ယောက်ျားလေးဘက်က မိန်းကလေးရှင်ဘက်သို့ မည်၍မည်မျှသော ငွေဖြင့် လာရောက်တောင်းရမ်းပါမည်ဟု အတိအလင်း သွားရောက်စေ့စပ်ခြင်းကို ငွေအပ် သည်ဟု ခေါ်သည်။ နှစ်ဦးနှစ်ဘက် သဘောတူညီသည် ရှိလျှင် မြို့မျက်နှာဖုံး လူကြီးလူကောင်း ရပ်မိရပ်ဖများကို ဖိတ်ခေါ်၍ သတို့သမီးအိမ်၌ ငွေအပ်ကြကာ ထိုနေ့၌ပင် မင်္ဂလာဆောင်မည့် ရက်ကို ရွေးချယ်သတ်မှတ်ကြသည်။

 


ကွမ်းမအုပ်စောင့်ခြင်း

မင်္ဂလာမဆောင်မီ ည၌ သတို့သမီးအိမ်ရှိ ကွမ်းမအုပ်ကို သူတို့သားနှင့် မိတ်ဆွေသူငယ်ချင်းများက ည ခုနစ်နာရီမှ ကိုးနာရီထိ သွားရောက် စောင့်ပေးသည်။

 

 

လူပျိုရံနှင့် အပျိုရံ

အပျို၊ လူပျိုရံ ရွေးချယ်ရာတွင် ဗမာ လက်ထပ်ထိမ်းမြားခြင်းနှင့် တော့ ကွာခြားသည်။ မြိတ်ရိုးရာတွင် အပျို၊ လူပျိုရံ လုပ်မည့်သူများသည် မိဘစုံညီ သဘောတူသည့်အပြင် မင်္ဂလာဆောင်နှင်းပြီးနောက် သားဦးကို အထိအခိုက်မရှိ မွေးဖွားထားသူများသာ အရွေးချယ်ခံခွင့် ရှိသည်။

 

 

အိမ်တက်ခြင်း

အိမ်တက်မင်္ဂလာ ဆင်နွဲရာ၌ သတို့သားသည် ဘိသိက်မင်္ဂလာအခမ်းအနားသို့ တန်းမသွားရဘဲ၊ သတို့သမီးအိမ်၏ တဖက်ခန်းတွင် သတို့သားနှင့် လူပျိုဆောင်နေရန် အသင့်ပြင်ထားသော သီးသန့်အခန်းသို့ အရင် သွားရပြီး၊ သတို့သမီးကလည်း အပျိုရံများနှင့်အတူ သတို့သမီး အခန်းတွင် သီးသန့် နေရသည်။ ဘိသိက်ဆရာက သတို့သား၊ သတို့သမီး ထွက်လာရန် သုံးကြိမ်တိတိ ခေါ်မှ လူပျိုရံ၊ အပျိုရံများက သတို့သား၊ သတို့သမီးများကို လမ်းပြ၍ ဘိသိက်ခန်းမသို့ ထွက်လာကြပြီး၊ ဘိသိက်ဆရာ ရှေ့ဝယ် သတို့သားက လက်ယာဘက်၊ သတို့သမီးက လက်ဝဲဘက်၌ အသီးသီး နေရာယူကြသည်။ ဘိသိက်ဆရာက ကွမ်းမအုပ်ပွဲပေါ်၌ ဖယောင်းတိုင်ကို ထွန်းညှိ၍ ဘိသိက်မင်္ဂလာ ဩဘာစာ ဖတ်ကြားပြီး အိမ်တက် ( မင်္ဂလာပွဲ )ကို ပြီးမြောက်အောင်မြင်စေသည်။

 

မင်္ဂလာဆောင်ပြီးနောက်

အိမ်တက်ပွဲ ပြီးသည့်ည၌ သတို့သားနှင့် သတို့သမီးတို့က ခဲကြေး ပေးရသည်။ ထိုကိစ္စ ပြီးလျှင်ကား မြိတ်နယ်တဝိုက်၏ ရိုးရာအစဉ်အလာအရ လက်ထပ်သော ယဉ်ကျေးမှုမင်္ဂလာပွဲ ကျင်းပမှု ပြီးမြောက်ခြင်းသို့ ရောက်သည်။

 

ယခုခေတ်၌ အိမ်တက်ပွဲ (မင်္ဂလာပွဲ) ကျင်းပရာ၌ ပွဲထိုင်မျှသာ အကျဉ်းချုံး ပြုလုပ်လာကြသည်။

 

Source: wikipedia

Read times
Rate this item
(0 votes)