လက်စွပ်ကို အဓိပ္ပါယ်ရှိစွာ ဝတ်ကြမယ်

လက်စွပ်ကို အဓိပ္ပါယ်ရှိစွာ ဝတ်ကြမယ် Google

ဒီတစ်ခါတော့ လက်စွပ်လေးတွေအကြောင်း နဲ့ လက်ထပ်လက်စွပ်ဝတ်ဆင်ရတဲ့ အဓိပ္ပါယ်ကို မင်မင်က ပြောပြဝေမျှပေးချင်ပါတယ်။

 

လက်စွပ်ဆိုတာ လက်ဝတ်တန်ဆာအဖြစ် အသုံးပြုဝတ်ဆင်ကြတဲ့ အဖိုးတန်အသုံးအဆောင်တစ်မျိုးပဲ ဖြစ်ပါတယ်။ ရှေးခေတ်တွေကတော့ လက်စွပ်ကို သတ္တု၊ ကျောက်တုံး၊ သစ်သား၊ အရိုး၊ ကျောက်အရိုင်းတုံးများနဲ့ပြုလုပ်ကြပြီး နောက်ပိုင်း ယဉ်ကျေးမှု ထွန်းကားလာတဲ့အချိန်မှာတော့ အဖိုးတန်ကျောက်မျက်ရတနာတွေဖြစ်တဲ့ ရွှေ၊ စိန်၊ ပတ္တမြား၊ နီလာ အစရှိတာ များနဲ့ ဖန်တီးပြုလုပ်လာကြပါတယ်။


လက်စွပ်ကို အလှအပ လက်ဝတ်ရတနာအဖြစ် ခေတ်အဆက်ဆက်က ဝတ်ဆင်တတ်ကြသလို ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကျောက်တွေကို လက်စွပ်အဖြစ်နဲ့ ခန္ဓာကိုယ်မှာ ပြုလုပ်ဝတ်ဆင်တာမျိုးလည်း ရှိကြပါတယ်။ ဒါ့အပြင် ဗေဒင်၊ယတြာတွေအလိုအရ ကိုယ်နဲ့ကိုက်ညီမယ့် နေ့နံကျောက်မျက်ရတနာတွေကို အဆောင်သဘော ဝတ်ဆင်တတ်ကြတာတွေလည်း ရှိပါတယ်။


ယနေ့ခေတ်မှာတော့ လက်စွပ်ကို ယခင်ထက်ပိုလေးနက်တဲ့အဓိပ္ပါယ်တွေနဲ့ ဝတ်ဆင်နေကြပြီ ဖြစ် ပါတယ်။ အထူးသဖြင့် လူငယ်တွေကြားထဲမှာ လက်စွပ်ဝတ်ဆင်ရခြင်းရဲ့ အဓိပ္ပါယ်က ကျယ်ကျယ်ပြန့်ပြန့် နဲ့ တွင်ကျယ်ခေတ်စားနေပြီ ဖြစ်ပါတယ်။
ဘယ်ဘက်လက်သန်းကြွယ်မှာ လက်စွပ်ဝတ်ထားရင် လက်ထပ်ထားတယ်ဆိုတာကို တော်တော် များများက သိကြပါတယ်။ ဘာအဓိပ္ပါယ်လည်းဆိုတာကိုတော့ သိသူနည်းပါးပါလိမ့်မယ်။

 

လက်ထပ်လက်စွပ် ဝတ်ဆင်ခြင်းရဲ့ သမိုင်းကြောင်းကိုလေ့လာကြည့်တဲ့အခါမှာ ရှေးအီဂျစ်တွေက အစပြုတယ်လို့သိရပါတယ်။ အီဂျစ်တွေရဲ့ အယူအဆအရ စက်ဝိုင်းပုံသဏ္ဍန်ဟာ ထာဝရတည်မြဲခြင်းရဲ့ သင်္ကေတတစ်ခုဖြစ်ပါတယ်။ ရှေး အခါက အီဂျစ်မှာ မင်္ဂလာဆောင်ရင် ကျူပင်နဲ့ကျစ်ထားတဲ့ လက်စွပ်လေးတွေကို သတို့သားနဲ့သတို့သမီးတို့က အချင်းချင်းဖလှယ်ပြီး ဘယ်ဘက်လက်သန်းကြွယ်မှာ ဝတ်ဆင်ကြပါတယ်တဲ့။


နောက်ပိုင်းမှာ တဖြည်းဖြည်းအီဂျစ်ယဉ်ကျေးမှုက တကမ္ဘာလုံးကိုပျံ့နှံ့လာပြီး လက်ထပ်လက်စွပ်ဝတ် ဆင်တဲ့ ဓလေ့က ကျယ်ပြန့်လာခဲ့တာဖြစ်ပါတယ်။ ဘာကြောင့် လက်စွပ်ကို ဘယ်ဘက်လက်သန်းကြွယ်မှာ ဝတ်ရတာလဲဆိုတာကလည်း ခိုင်လုံတဲ့အကြောင်းပြချက်ကရှိနေပါတယ်။ လူ့ခန္ဓာကိုယ်ရဲ့ ဘယ်ဖက်ခြမ်းဟာ နုလုံးသားနဲ့ ဆက်စပ်နေလို့ပါပဲ။ နုလုံးသားက ရင်ဘတ်ရဲ့ ဘယ်ဘက်ခြမ်းမှာ ရှိတယ်မဟုတ်လား။ ဒီတော့ အချစ်ရဲ့ ပြယုဂ်ဖြစ်တဲ့ လက်ထပ်လက်စွပ်ကို ဘယ်ဘက်လက်သန်းကြွယ်မှာ ဝတ်ဆင်ကြတာပဲ ဖြစ်ပါလိမ့်မယ်။


အိန္ဒိယနိုင်ငံမှာတော့ လက်ထပ်လက်စွပ်ကို ညာဘက်လက်သန်းကြွယ်မှာ ဝတ်ဆင်ကြပါတယ်။ ဘာကြောင့်ဆို အိန္ဒိယလူမျိုးတွေရဲ့အယူအရ ဘယ်ဘက်လက်ဟာ မသန့်စင်ဘူးလို့ ယူဆတဲ့အတွက်ကြောင့် ဖြစ်ပါတယ်။ လက်ထပ်လက်စွပ်ဝတ်ခြင်းရဲ့ အဓိပ္ပါယ်ကို သိပြီဆိုတော့ ချစ်သူနဲ့အတူတူဘဝခရီးကို ဖြတ်ကျော် ကြဖို့ စိတ်တိုင်းကျလက်ထပ်လက်စွပ်တစ်စုံကို အမြန်ရွေးချယ်လိုက်ကြတော့နော်။

 

Source: Yangon Style

Read times Last modified on Wednesday, 30 September 2020 18:20
Rate this item
(0 votes)