ကျောက်စိမ်းဈေးကွက်အေးနေပြီး ဈေးနှုန်းကျဆင်း

ကျောက်စိမ်းဈေးကွက်အေးနေပြီး ဈေးနှုန်းကျဆင်း

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်တွင် သင်္ကြန်ကာလအပြီး

ကျောက်မျက်ရတနာရောင်းဝယ်ရေး စခန်းတွင် ကျောက်စိမ်း လက်ကောက်၊ လွှာချပ်၊ ပုတီးပြုလုပ်ရန် လာရောက်ဝယ်ယူကြသော ပြည်တွင်း ကျောက်စိမ်း အချောထည်လုပ်ငန်းပြုလုပ်သူများသာ လာရောက်ဝယ်ယူကြပြီး ကုန်ကြမ်းကျောက်စိမ်း အရိုင်းများသာ ၀ယ်ယူမှုရှိကြောင်း သိရပါတယ်။

 

သင်္ကြန်တွင်းတွင် ကျောက်မျက်ရတနာရောင်းဝယ်ရေးစခန်းပိတ်သဖြင့် တရုတ်နိုင်ငံနှင့် တရုတ် (တိုင်ပေ) မှ ကျောက်စိမ်းအချောထည်ဝယ်လက်များ၊ ကျောက်စိမ်းအပွင့်၊ လက်ကောက်ဝယ်လက်များနေရပ်သို့ ခေတ္တ ပြန်သွားကြသောကြောင့် ဈေးကွက်အေးနေကြောင်း သိရပါတယ်။

 

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် ၈၇ လမ်း၊ ၃၈ လမ်းနှင့် ၃၉ လမ်းကြားရှိ အတစ်စဝိုင်း၊ လွှာချပ်ဝိုင်း၊ ခဲဝိုင်း၊ ဂွင်းဝိုင်းတို့တွင်လည်း ဖားကန့်ဒေသမှော်များမှ ကျောက်စိမ်းအကြမ်းထည်များ မရောက်ရှိခြင်းကြောင့် ရောင်းချမှုနည်းပါးပြီး အရောင်းအ၀ယ်အေးနေကြောင်း သိရပါတယ်။

 

သင်္ကြန်ကာလပြီးသောအခါတွင်လည်း တရုတ်ငွေဈေးအတက်အကျမရှိသောကြောင့် ငွေဖော်လိုသူများ ပြည်တွင်းကျောက်စိမ်းဝယ်လက်များထံ လျှော့ဈေးဖြင့် ရောင်းချနေကြောင်း သိရပါတယ်။

 

ကျောက်မျက်ရတနာဈေးပတ်လည်ရှိ သွေးခုံ၊ ဖြတ်ခုံလုပ်ငန်းရှင်များမှ လုပ်သားများ နေရပ်သို့ ပြန်နေကြသဖြင့် ကျောက်မျက်လုပ်ငန်းများ အေးလျှက်ရှိကြောင်း သိရပါတယ်။

 

Source: Myawaddy

Read times Last modified on Wednesday, 19 September 2018 16:41
Rate this item
(1 Vote)