လူနှစ်ဦးမဆုံချင်တော့လောက်အောင် ကျောခိုင်းသွားစေတဲ့ ခိုင်မာသော
အကြောင်းတစ်ရပ်ဟာ စိတ်နာကြည်းမှုဖြစ်ပါတယ်။
ပြတ်လို့မဖြစ်နိုင်ဘူး၊ ငဲ့ညှာထောက်ထားစရာတွေရှိတယ်လို့ ဦးနှောက်က ဘယ်လောက်အသိပေးပေး ဒီလူအပေါ် စိတ်နာသွားပြီဆိုရင်တော့ အပြီးတိုင်ကျောခိုင်းသွားနိုင်ပါတယ်။
တကယ်စိတ်နာသွားခဲ့ပြီဆို ဒီလူ့ဘက် ခြေဦးပြန်မလှည့်တော့ဘူး။ ဒီလူရဲ့အနီးမှာ မရှိနေချင်တော့ဘူး။ ဒီလူရဲ့စကားသံနဲ့ ဟန်ပန်တွေဆိုတာကိုလည်း ခါးသီးလာတယ်။
ဖြစ်နိုင်ရင် ဒီလူ့ကို မမြင်နိုင်တဲ့အရပ်၊ မကြားနိုင်တဲ့နေရာ၊ ပတ်သက်မှုမရှိတော့တဲ့ အနေအထားမှာပဲ ဆက်ရပ်တည်နိုင်ဖို့ ကြိုးစားတော့တယ်။ တကယ်စိတ်နာသွားတဲ့ လက်တွဲဖော်ကို ပြန်ညှိလို့ရမှာ မဟုတ်တော့ဘူး။
လူတစ်ဦးစိတ်နာသွားကာမှ မှားပါတယ်၊ နောင်တရပါပြီ၊ အသစ်ကစ ပြန်စကြရအောင်ပြော လည်း နောက်ကျသွားပါပြီ။
ရိုးရိုးစိတ်နာသွားရုံပဲ ခံစားရတဲ့သူတွေရှိသလို အရင်ကချစ်ခဲ့သူကို မုန်းသွားခဲ့တဲ့ သာဓကတွေလည်းရှိပါတယ်။ လူတွေဟာ ကိုယ်ပေးသလောက်ပြန်ရချင်တယ်။
ကိုယ်အကောင်းဆုံးပေးဆပ်နေရက်က ကိုယ့်စေတနာနဲ့မေတ္တာကို နည်းမျိုးစုံနဲ့ စော်ကားတာ ခံခဲ့ရမယ်ဆိုရင် ဒီလူကို ချစ်တဲ့ခံစားမှုကသပ်သပ်၊ မုန်းတဲ့ခံစားမှုက သပ်သပ် ဖြစ်လာပါလိမ့်မယ်။
ဒီလူ့ကိုစိတ်နာပေမယ့်လည်း ချစ်တဲ့စိတ်ဖုံးနေတဲ့အချိန်မှာ သူနဲ့ဝေးဝေးမနေနိုင်ဘူး။ သူ့ဒဏ်ကို ဆက်ခံဖို့ ၊ ဆက်သည်းခံခွင့်လွှတ်နိုင်ဖို့၊ သူနဲ့ကိုယ်မြဲနေဖို့ကို ဦးစားပေးတွေးတတ်ကြပါတယ်။
မုန်းတဲ့ခံစားမှုဖုံးနေချိန်မှာ ဒီလူ့အနားကနေ အဝေးဆုံးထွက်ပြေးသွားလိုစိတ်၊ ဖြစ်ချင်ရာဖြစ် ဆိုပြီး ကျောခိုင်းသွားလိုစိတ်၊ သူ့ကိုလမ်းခွဲလိုက်ဖို့ ဦးစားပေးတွေးတတ်ကြပါတယ်။