တစ်ခါက လင်မယားနှစ်ယောက်ရှိတယ်။ ယောက်ျားဖြစ်သူက အစားစားရင်း တီဗီကြည့်နေတယ်။ မိန်းမက
မီးဖိုထဲမှာ အလုပ်ရှုပ်နေတယ်။
ရုတ်တရက် မိန်းမကအော်တယ်..
“ယောက်ျားရေ… မီးသီးကျွမ်းသွားလို့ လာလဲပေးပါဦး”
” ငါ မီးပြင်ဆရာမှ မဟုတ်တာ”
ယောက်ျားက စိတ်မရှည်စွာအော်တယ်။
တအောင့်နေတော့ မိန်းမက အော်ပြန်တယ်….
“ယောက်ျားရေ… ရေခဲသေတ္တာမအေးဘူး.. လာကြည့်ပေးပါဦး”
“ငါ .. လျှပ်စစ်ပြင်တဲ့သူမှ မဟုတ်တာ”
စိတ်မရှည်တဲ့လေသံနဲ့ ယောက်ျားကအော်တယ်။
“ယောက်ျားရေ… တံခါးဂျက်ချမရလို့ လာကြည့်ပေးပါဦး”
“ငါ လက်သမားမှ မဟုတ်တာ…”
ခဏနေတော့ ယောက်ျားက စိတ်ရှုပ်လို့ဆိုပြီး အပြင်ထွက်သွားတယ်။ အပေါင်းအသင်းတွေနဲ့ စားသောက်ရင်း အိမ်ကမိန်းမကို အားနာစိတ်ဖြစ်မိတာနဲ့ အိမ်ပြန်လာခဲ့တယ်။
အိမ်ရောက်တော့ ပျက်နေတယ်ဆိုတဲ့ဟာတွေ အားလုံး ပြင်ပြီးသားဖြစ်နေလို့ မိန်းမကို တအံ့တသြမေးတယ်။
“မိန်းမ… မီးသီးလည်း လဲပြီးသွားပြီ.. ရေခဲသေတ္တာလည်း အေးနေတာပဲ.. တံခါးလည်း ပိတ်လို့ရသွားပြီ.. ဘယ်သူပြင်ပေးလိုက်တာလဲ”
“ရှင်ထွက်သွားတော့ ကျွန်မစိတ်ညစ်ညစ်နဲ့ အိမ်ပြင်မှာထိုင်နေတုန်း လူတစ်ယောက်ရောက်လာတယ်လေ.. သူက ကျွန်မ မျက်နှာမကောင်းတာမြင်လို့ မေးတော့ ကျွန်မလည်း ပြောပြလိုက်တယ်..
ဒါနဲ့ သူက ဒါတွေကို သူပြင်ပေးမယ် သူ့ကို ကိတ်မုန့်လုပ်ကျွေးမလား.. ဒါမှမဟုတ် တစ်ခါ နမ်းမလားပြောတယ်လေ”
“ဒါနဲ့ .. မင်း သူ့ကို ကိတ်မုန့်လုပ်ကျွေးလိုက်တာလား…”
“အိုး…. ကျွန်မက ကိတ်မုန့်ဖုတ်ဆရာမှ မဟုတ်တာ…”
အိမ်ထောင်ရေးဆိုတဲ့ တာဝန်ကို ထမ်းပိုးထားရပြီဆိုရင် ဘာအိမ်မှုကိစ္စမဆို ကြိုးစားပြီး လုပ်ဆောင်ကြည့် ရတာပါပဲ။ ကိုယ်တိုင်မလုပ်နိုင်ရင်တောင် လုပ်နိုင်တဲ့ နည်းလမ်းတွေ ရှာရပါတယ်။
“ငါ မလုပ်တတ်ဘူး” ဆိုတဲ့စကားတစ်ခွန်းနဲ့ ကိုယ့်တာဝန်ကို တွန်းချပစ်လို့မရပါဘူး။
အိမ်ထောင်ရေးက နှစ်ယောက်ပေါင်းရဲ့ဘဝပါ။ တစ်ယောက်တည်းနဲ့ သာယာအောင်တည်ဆောက်လို့ မရနိုင်ပါဘူး။
Credit;နိုင်းနိုင်းစနေ