မင်္ဂလာခန်းမပန်းအပြင်အဆင်အတွက် ကုန်ကျစရိတ်များ

မင်္ဂလာခန်းမပန်းအပြင်အဆင်အတွက် ကုန်ကျစရိတ်များ google.com

မင်္ဂလာခန်းမပန်းအပြင်အဆင်ဟာ မင်္ဂလာဆောင်အတွက်အရေးကြီးတဲ့ အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်ပါတယ်။

မင်္ဂလာပန်းရွေးချယ်ရာမှာလည်း သတို့ သား၊ သတို့သမီး နှစ်ဦးရဲ့ စိတ်ကြိုက်ဖြစ်ဖို့ လိုအပ်သလို ငွေကုန်ကြေးကျများပြီး စိတ်ကျေနပ်မှုမရရှိဘူးဆိုရင်တော့ အချည်းနှီးပါပဲ။

 

ဒါ့ကြောင့် မင်္ဂလာဆောင်ပန်းအပြင်အဆင်အတွက် ကိုယ့်စိတ်တိုင်းကျ Floral Service ကိုရွေးချယ်ပြီး ပြင်ဆင်တတ်ဖို့ လိုအပ်ပါတယ်။

 

Floral Service ဆိုင်တွေက များသောအားဖြင့် မင်္ဂလာဆောင်တစ်ခုလုံးအပြီးအစီး Package အလိုက်ပြင်ပေးတာမျိုးရှိသလို ကိုယ်လိုအပ်တာပဲရွေးပြင်လို့ ရတာမျိုးလည်းရှိပါတယ်။

 

ကိုယ်မင်္ဂလာဆောင်မယ့် ခန်းမရဲ့ အကျယ်အ၀န်းကိုလည်း သိရှိပြီး ပြင်ဆင်ချင်တဲ့ပန်းပုံစံ အမျိုးအစားကိုရွေးချယ်တတ်ဖို့ လည်းလိုပါမယ်။

 

ဘုန်းကြီးကျောင်းလိုမျိုး နေရာမှာ မင်္ဂလာဆောင်မယ်ဆိုရင်တော့ ပန်းအပြင်အဆင်အနည်းငယ်သာလိုအပ်မှာဖြစ်ပြီး ဟိုတယ်လိုနေရာမျိုးမှာ မင်္ဂလာဆောင်မယ်ဆိုရင် ပန်းတိုင်လိုမျိုး အပြင်အဆင်တွေ ထည့်မှ ခမ်းခမ်းနားနားနဲ့ အမြင်တင့်တယ်လှပတဲ့ မင်္ဂလာပွဲကို ရရှိစေမှာဖြစ်ပါတယ်။

 

Package အလိုက် ပြင်ဆင်မယ်ဆိုရင်တော့ မင်္ဂလာဧည့်ခံပွဲကို ဟိုတယ်မှာပြုလုပ်မယ်ဆိုရင် ပန်းအပြင်အဆင်အားလုံးအတွက်ကုန်ကျစရိတ် အပြီးအစီး ၃ သိန်းကျပ်ခန့် ကနေစတင်မှာဖြစ်ပြီး၊ ဘုန်းကြီးကျောင်းမှာပြုလုပ်မယ်ဆိုရင်တော့ အပြီးအစီး ၂ သိန်းကျပ်ခန့် ကုန်ကျမှာဖြစ်သလို ကိုယ်ထပ်ဖြည့်ရင် ဖြည့်သလောက် ထပ်မံကုန်ကျမှာဖြစ်ပါတယ်။

 

ကိုယ်ယူတဲ့ Package ထဲက မကြိုက်တာရှိရင် Floral Service ကိုဖြုတ်ခိုင်းလို့ ရတဲ့အတွက် ကိုယ်ယူသလောက်ပဲကုန်ကျမှာဖြစ်ပါတယ်။ အဓိက ကတော့ကိုယ်လိုချင်တဲ့ ဒီဇိုင်းပုံစံကို Floral Service ကိုသေချာပြောပြပြီး ပြင်ဆင်စေဖို့ အရေးကြီးပါတယ်။

 

အားလုံးပြင်ဆင်ပြီးမှ မကြိုက်လို့ အသစ်ပြန်လည်ပြင်ဆင်မယ်ဆိုရင် မင်္ဂလာခန်းဝင်ဖို့ အတွက် အချိန်လောက်မှာမဟုတ်ပါဘူး။

 

မင်္ဂလာပန်းအပြင်အဆင်ကို ပန်းအတု၊ အစစ် ကြိုက်ရာနဲ့ ပြင်ဆင်လို့ ရပါတယ်။ ပန်းအစစ် ဆိုရင်တော့ ကုန်ကျစရိတ်ပိုမိုများပြားမှာဖြစ်ပါတယ်။

 

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း မင်္ဂလာပန်းအပြင်အဆင်ကို Package အလိုက်ယူပြီး ပြင်ဆင်ကြသလို ကိုယ်ကြိုက်ရာကိုပဲ Floral Service ကိုရွေးအပ်ပြီး ပြင်ဆင်တာမျိုးလဲရှိပါတယ်။ ကိုယ်လိုအပ်တာပဲ ပြင်ဆင်မယ်ဆိုရင်တော့ အကုန်အကျနည်းမှာဖြစ်သလို ဒီဇိုင်းအားဖြင့်လည်း ကိုယ်လိုချင်သလို ဖြစ်အောင် ဖန်တီးယူလို့ ရပါတယ်။

 

သတို့ သမီးလက်ကိုင်ပန်းတစ်ခုတည်းပြင်ဆင်မယ်ဆိုရင်တော့ အနည်းဆုံး ၂ သောင်းကျပ်ခန့်က စတင်ပြီး ပန်းပိုများရင်များသလို ပိုမိုကုန်ကျမှာပါ။

 

ဘုန်းကြီးကျောင်းလိုနေရာမျိုးမှာ မင်္ဂလာဧည့်ခံပွဲပြုလုပ်ရင်တော့ မင်္ဂလာခန်းမအ၀င်ပန်းကုန်းတို့ ခန်းမအထဲမှာထောင်ထားမယ့် ပန်းတိုင်တို့ ကမထည့်လည်းရပေမယ့် ဟိုတယ်ကြီးတွေမှာ မင်္ဂလာဧည့်ခံပွဲပြုလုပ်မယ်ဆိုရင်တော့ အဆိုပါ အသုံးအဆောင်များထည့်မှ ခမ်းနားထည်ဝါတဲ့မင်္ဂလာပွဲတစ်ခုဖြစ်စေမှာပါ။

 

မင်္ဂလာခန်းမအ၀င် ပန်းကုန်းကို လေပူဖောင်းများနှင့်ပြုလုပ်ကြလေ့ရှိသလို ပန်းသီးသန့် နှင့်လည်း ပြုလုပ်လို့ ရပါတယ်။ လေပူဖောင်းများနဲ့ ပြုလုပ်မယ်ဆိုရင်တော့ကျပ် ၅ သောင်းခွဲခန့်က စတင်ကုန်ကျမှာဖြစ်ပြီး ပန်းသီးသန့် နှင့်ပြုလုပ်မယ်ဆိုရင်တော့ အနည်းဆုံး ၁ သိန်းကျပ်ဝန်းကျင်ကနေ ပိုမိုကြီးမားအောင်လုပ်ရင် လုပ်သလောက် အကုန်အကျများမှာဖြစ်ပါတယ်။

 

ဧည့်ခံပွဲခန်းမအတွင်းမှာ ထောင်ထားမယ့် ပန်းတိုင်များအတွက်တော့အနည်းဆုံး ၂ သောင်း ၅ ထောင် ကျပ်ခန့်က စတင်ကုန်ကျမှာဖြစ်တဲ့အကြောင်း မင်္ဂလာဧည့်ခံပွဲပြုလုပ်ကျင်းပမယ့် သတို့ သား၊ သတို့သမီးလောင်းများအတွက် တင်ပြပေးလိုက်ပါတယ်။

 

                                                                                                                       Author - Nyi Min Khant

      

         

Read times Last modified on Wednesday, 19 September 2018 14:41
Rate this item
(1 Vote)