အရုပ်မလေးလိုလှချင်တယ်ဆိုရင် ဘယ်လိုခြယ်သမှုတွေလုပ်သင့်သလဲ

အရုပ်မလေးလိုလှချင်တယ်ဆိုရင် ဘယ်လိုခြယ်သမှုတွေလုပ်သင့်သလဲ google

မှိုင်းညို့ညို့ အပြင်အဆင်နဲ့ ဆွဲဆောင်အားပြင်းတဲ့ မိန်းကလေးတွေရဲ့ အလှအပက သဘောကျချင်စရာကာင်းလှသလို

မျက်လုံးဝိုင်းဝိုင်းလဲ့လဲ့ ကြည်ကြည်လင်လင် အသားအရေလေးနဲ့ အရုပ်မလေးလို အပြင်အဆင်မျိုးကလည်း သိပ်ကိုချစ်စရာကောင်းတဲ့ အပြင်အဆင်မျိုးပါပဲ။ အဲ့လို အရုပ်မလေးလို ခြယ်သမှုမျိုးကတော့ ဂျပန်မိန်းကလေးတွေ အများဆုံး ခြယ်သကြတဲ့ အပြင်အဆင်မျိုးဖြစ်ပါတယ်။ သတို့သမီးလေးတွေလည်း အရုပ်မလေးလို လှချင်တယ်ဆိုရင် ဘယ်လို ခြယ်သမှုတွေ လုပ်သင့်သလဲ ဆိုတာ ပြောပြပေးမယ်နော်။

 

အောက်ခံမိတ်ကပ်

ဘယ်လို မိတ်ကပ်လိမ်းခြယ်မှု ပုံစံမှာမဆို အခြေခံအကျဆုံးနဲ့ ပထမဦးဆုံး လိုအပ်တာကတော့ အောက်ခံ မိတ်ကပ်ပဲ ဖြစ်ပါတယ်။ အရုပ်မလေးလို ချစ်စရာကောင်းအောင် ပုံဖော်ဖို့ အတွက်တော့ အောက်ခံမိတ်ကပ်ကို BB Cream ကို သုံးစွဲစေချင်ပါတယ်။ BB ဟာ မျက်နှာပြင်ပေါ်က အသားအရောင် မညီညာမှုတွေကို တစ်ပြေးတည်း ဖြစ်သွားစေတာကြောင့် အထပ်ထပ် လိမ်းစရာ မလိုဘဲ တစ်မျိုးတည်းနဲ့ အနာအဆာတွေကို ဖုံးကွယ်ပေးနိုင်တဲ့အပြင် SPF ပါဝင်တဲ့အတွက် အသားအရေကို အိုမင်းပျက်စီးစေတဲ့ နေလောင်ဒဏ်တွေကိုလည်း ထိထိရောက်ရောက် ကာကွယ်ပေးပါတယ်။

 

BB Cream ရွေးချယ်မှုနဲ့ ပတ်သက်ရင်တော့

BB Cream ရွေးချယ်မှုနဲ့ ပတ်သက်ရင်တော့ မတူညီတဲ့ အယူအဆတွေ ရှိကြပါတယ်။ တချို့တွေကတော့ ပင်ကိုယ်အသားအရေထက် အရောင်တစ်ဆင့်နုတဲ့ အမျိုးအစားကို ရွေးချယ်လေ့ရှိကြပါတယ်။ အသားအရောင်ထက် ပိုနုတဲ့အရောင်ကို ရွေးချယ်ခြင်းက မျက်နှာအသားအရေကို ပိုပြီး ဝင်းပစေတဲ့အပြင် နုပျိုတဲ့ အသွင်ကို ပိုမိုပေါ်လွင်စေလို့ပါ။ တချို့တွေကတော့ ကိုယ့် အသားအရေနဲ့ ထပ်တူကျတဲ့ မိတ်ကပ်အရောင်မျိုးကို ရွေးချယ်လေ့ရှိကြပါတယ်။ အသားရောင်နဲ့ မိတ်ကပ်အရောင် ထပ်တူကျနေခြင်းဟာ လိမ်းခြယ်မှုကို ပိုပြီး သဘာဝဆန်စေလို့ပါ။

 

Concealer

မိတ်ကပ်လိမ်းခြယ်ရာမှာ အရေးကြီးတဲ့ အခြေခံလိမ်းခြယ်မှု တစ်ခုကတော့ ကွန်ဆီလာ လိမ်းခြယ်မှု ဖြစ်ပါတယ်။ မျက်အိတ်ဖောင်းတာတွေ၊ မျက်ကွင်းညိုတာတွေနဲ့ သွေးသား ဟော်မုန်းကြောင့် ဖြစ်တဲ့ အညိုကွက်တွေအတွက်တော့ အောက်ခံ မိတ်ကပ်တစ်ခုတည်းနဲ့ အဆင်မပြေနိုင်ဘဲ Concealer ကို သုံးကိုသုံးပေးရမှာပါ။

 

ပါးနီ

အရုပ်မလေးလို ဖြစ်နေဖို့ သွေးရောင်လွှမ်းတဲ့ ပါးမို့မို့လေး လိုအပ်တယ် မဟုတ်လား။ မိန်းကလေး အများစုကတော့ မိတ်ကပ်လိမ်းခြယ်ရာမှာ သဘာဝ ဆန်ဆန်လေးနဲ့ ကျန်းမာရေးကောင်းတဲ့ အသွင်မျိုး ပေါ်လွင်စေဖို့ ပါးနီကို ထည့်သွင်း လိမ်းခြယ်လေ့ ရှိကြပါတယ်။ အရုပ်မလို အသွင်မျိုးအတွက် သဘာဝဆန်တာထက် အနည်းငယ် ပိုမိုလွန်ကဲတဲ့ ပါးနီ ခြယ်သမှုမျိုး လိုအပ်ပါတယ်။ အရောင်ကို ပန်းဆီရောင်တောက်တောက် (သို့) Baby Pink ရွေးချယ်သင့်ပါတယ်။ ပုံမှန်ခြယ်သမှုတွေမှာ ပါးမို့ပေါ် (သို့) ပါးရိုးတစ်လျှောက် ကနေ နားထင်ဘက်ဆီ ခြယ်သလေ့ရှိပေမယ့် ယခုခြယ်သမှုမှာတော့ ပါးရိုးရဲ့ အပေါ်ဘက်ကို တင်ပြီး ခြယ်သသင့်ပါတယ်။ မျက်ဝန်းအောက်ခြေနားထိ နီးကပ်အောင် ခြယ်သမှုက အရုပ်မ အသွင်အပြင်အတွက် ထူးခြားတဲ့ ခြယ်သမှုတစ်ခုပါ။ ပါးနီကို အလွန်အကျွံ ခြယ်သပေးဖို့ လိုအပ်တယ် ဆိုပေမယ့် သဘာဝဆန်စေဖို့အတွက် Powder Type ပါးနီမျိုး မရွေးဘဲ Cream Type အမျိုးအစားကို ရွေးချယ် သုံးစွဲစေချင်ပါတယ်။

 

နှုတ်ခမ်းနီ

နှုတ်ခမ်းနီ ရွေးချယ်မှုကလည်း မိတ်ကပ်ခြယ်သမှုအတွက် အရေးပါတဲ့ ကိစ္စတစ်ခုပါပဲ။ အရောင်တောက်တောက်နဲ့ ခပ်ပိတ်ပိတ် အရောင်ထွက်အားကိုပေးတဲ့ Lip Stick နဲ့ Matte Type တွေကို မေ့ထားလိုက်ပါ။ အရုပ်မလေးလို ရွှန်းရွှန်းစိုစို တောက်တောက်ပပ နှုတ်ခမ်းဖူးလေးကို ပိုင်ဆိုင်နိုင်ဖို့ Lip Gloss ကို ရွေးချယ်ပေးပါ။ နှုတ်ခမ်း အတွင်းသားကို အရောင်တောက်တဲ့ Tint ဆိုးပြီး အပြင်ဘက်ကို Lip Gloss လေး ဆိုးပေးမယ်ဆိုရင် နုနယ် ပျိုမျစ်တဲ့ အလှတရားတွေနဲ့ အတူ အရုပ်မလေးလို ချစ်စရာကောင်းနေမှာ အသေအချာပါပဲ။

 

 

Source : Marry

Myanmar Wedding Guide

Read times Last modified on Wednesday, 26 June 2019 14:21
Rate this item
(0 votes)