အမေရိကန်ဒေါ်လာဈေး ကျပ် ၁၇၃၀ ကျော်အထိ စံချိန်တင်မြင့်တက်

အမေရိကန်ဒေါ်လာဈေး ကျပ် ၁၇၃၀ ကျော်အထိ စံချိန်တင်မြင့်တက်

စစ်တပ်က အာဏာသိမ်းပြီးနောက် စီးပွားရေး ကျဆင်းသွားပြီး မြန်မာကျပ်ငွေတန်ဖိုး ဆက်တိုက် ကျဆင်းလာခဲ့ရာ

အမေရိ ကန်ဒေါ်လာ ငွေလဲလှယ်နှုန်းသည်လည်း ၁ ဒေါ်လာလျှင် ကျပ် ၁၇၃၅ အထိ စံချိန်တင် မြင့်တက်လာလျက်ရှိကြောင်း ပြည် တွင်း တရားဝင် ငွေလဲကောင်တာများ၏ ဈေးနှုန်းများအရ သိရသည်။

ပြီးခဲ့သည့် မေလအတွင်းက အမေရိကန် ၁ ဒေါ်လာလျှင် ကျပ် ၁၇၀၀ ဝန်းကျင်အထိ အမြင့်ဆုံး ရောက်ရှိခဲ့ပြီးနောက် ယခု ဩဂုတ်လတွင်မူ အဆိုပါ အမြင့်ဆုံး စံချိန်ထက်ပင် ထပ်မံမြင့်တက်သွားခြင်း ဖြစ်သည်။

လက်ရှိအချိန်တွင် မြန်မာ့ပို့ကုန်များ၏ အဓိက ဈေးကွက်ဖြစ်သော တရုတ်နိုင်ငံသို့ တင်ပို့နေသည့် နယ်စပ်ကုန်သွယ်ရေး ရပ်တန့်နေခြင်းနှင့် ကိုဗစ်-၁၉ ကုသရေးအတွက် ပြည်ပမှ အောက်ဆီဂျင်ဗူးများ အပါအဝင် ဆေးဝါးနှင့် ကျန်းမာရေးဆိုင်ရာ ပစ္စည်းများကို တင်သွင်းမှု မြင့်မားနေခြင်းကြောင့် ဒေါ်လာလိုအပ်ချက် ကြီးမားကာ ထိုကဲ့သို့ ဈေးမြင့်တက်သွားခြင်း ဖြစ် ကြောင်း စီးပွားရေးလုပ်ငန်းရှင် ဒေါက်တာ စိုးထွန်းက ဧရာဝတီကို ပြောသည်။

၎င်းက “ဇူလိုင်၊ ဩဂုတ် ကာလက ပြည်ပ ပို့ကုန်တင်ပို့မှုကလည်း ကျတယ်။ တဖက်မှာကလည်း ကိုဗစ်နဲ့ ပတ်သက်တဲ့ ဆေးဝါးတွေကလည်း ရုတ်တရက် တင်သွင်းမှု များလာတော့ ဒေါ်လာ လိုအပ်ချက်များလာပြီး ဒေါ်လာဈေး တက်သွား တာ” ဟု ဆိုသည်။

စစ်ကောင်စီ လက်အောက်ခံ ဗဟိုဘဏ် အနေဖြင့်လည်း ဒေါ်လာဈေးနှုန်းကို ထိန်းနိုင်ရန်အတွက် ဩဂုတ်လအတွင်း (၁၃ ရက်နေ့အထိ) အမေရိကန်ဒေါ်လာ ၁၃ သန်း ထုတ်ရောင်းပေးခဲ့ပြီး ဖေဖော်ဝါရီမှ ဇူလိုင်လအထိ ၆ လ အတွင်း၌လည်း အမေရိကန်ဒေါ်လာ သန်း ၉၀ နီးပါး ထုတ်ရောင်းထားသေးသည်။

ထိုသို့ ထုတ်ရောင်းနေသော်လည်း အမေရိကန်ဒေါ်လာ ဈေးနှုန်းသည် ဆက်တိုက် မြင့်တက်လာလျက် ရှိသည်။

ဒေါက်တာစိုးထွန်းက “ဗဟိုဘဏ်က ထွက်ရောင်းပေးတိုင်း ရတာမှ မဟုတ်တာ။ ဈေးကွက်ထဲမှာ ၁ ရက် ဒေါ်လာ သန်း ၁၀၀ လိုတယ်ဆိုရင် ၁၀ ရက်ဆိုရင် သန်း ၁၀၀၀ လေ။ သူ ထွက်ရောင်းပေးတဲ့ ၁၀ သန်းက ရာခိုင်နှုန်း နည်းနည်းလေး ရှိ တယ်” ဟု ပြောသည်။

အမေရိကန်ဒေါ်လာဈေးနှုန်း မြင့်တက်လာလျက် ရှိသလို ပြည်တွင်းရွှေ ဈေးနှုန်းသည်လည်း ယခု ဩဂုတ်လ အတွင်း၌ အခေါက်ရွှေ ၁ ကျပ်သားလျှင် ကျပ် ၅ သောင်းကျော်အထိ ဈေးနှုန်းမြင့်တက်လာနေသည်။

ဩဂုတ်လ အစပိုင်းတွင် ပြည်တွင်းရွှေ ဈေးနှုန်းသည် ၁ ကျပ်သားလျှင် ကျပ် ၁၅ သိန်း ၇ သောင်းကျော်ရှိရာ ဩဂုတ် ၁၃ ရက်နေ့ ဈေးနှုန်းများအရ ၁ ကျပ်သားလျှင် ကျပ် ၁၆ သိန်း ၂ သောင်းကျော်အထိ မြင့်တက်လျက် ရှိနေကြောင်း ပြည်တွင်း ရွှေဆိုင်များ၏ ဈေးနှုန်းထုတ်ပြန်ချက်များအရ သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်း ကျဆင်းနေသော်လည်း ပြည်တွင်းဝယ်လိုအား ပြန်တက်လာခြင်းကြောင့် ရွှေဈေးနှုန်း အနည်းငယ် ပြန် တက်လာခြင်း ဖြစ်ကြောင်း ရန်ကုန်မြို့ ရွှေဘုံသာလမ်းရှိ ရွှေဆိုင်ပိုင်ရှင် တဦးက ပြောသည်။

ပြီးခဲ့သည့် ဩဂုတ်လ အစပိုင်းက ကမ္ဘာ့ရွှေဈေးနှုန်းသည် ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၈၁၄ ရှိသော်လည်း ယနေ့ (ဩဂုတ် ၁၃ ရက်) တွင် ၁ အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၇၅၈ သာ ရှိသည်။

မြန်မာ့ကျပ်ငွေ တန်ဖိုးသည် အာဏာသိမ်းပြီးနောက် ၂၄ ရာခိုင်နှုန်းခန့် ကျဆင်းသွားခဲ့ပြီး ငွေကြေး ဖောင်းပွမှုနှုန်းသည် ၆ ရာခိုင်နှုန်းအထိ ရှိလာနိုင်ကြောင်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထုတ်ပြန်သော ကမ္ဘာ့ဘဏ်၏ မြန်မာ့စီးပွားရေး စောင့် ကြည့်အစီရင်ခံစာက ဆိုထားသည်။

ဧရာဝတီ

ဗဟိုဘဏ် ဒေါ်လာအရောင်း
ဩဂုတ်လ ၁၂ ရက်တွင် အမေရိကန်ဒေါ်လာ ၂၅ သိန်းကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁၆၅၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။
ယခုအခါ ဩဂုတ်လအတွင်း စုစုပေါင်း အမေရိကန်ဒေါ်လာ သိန်း ၁၃၀ ရောင်းချခဲ့ပြီးပြီ ဖြစ်သည်။
ဩဂုတ်လ ၂ ရက်တွင် အမေရိကန်ဒေါ်လာ သိန်း ၃၀ ရောင်းချခဲ့ပြီး ပျမ်းမျှငွေလဲလှယ်နှုန်းမှာ ၁၆၄၇ ကျပ် ဖြစ်သည်။
ဩဂုတ်လ ၃ ရက်တွင် အမေရိကန်ဒေါ်လာ သိန်း ၂၀ ကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁၆၅၀ ကျပ်ဖြင့် ရောင်းချခဲ့သည်။
ဩဂုတ်လ ၄ ရက်တွင် ဗဟိုဘဏ်က အမေရိကန်ဒေါ်လာ သိန်း ၃၀ ကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁၆၄၇ ကျပ်ဖြင့် ရောင်းချခဲ့သည်။
ဩဂုတ်လ ၉ ရက်တွင် အမေရိကန်ဒေါ်လာ ၂၅ သိန်းကို ပျမ်းမျှငွေလဲလှယ်နှုန်း ၁၆၄၆ ကျပ်ဖြင့် ရောင်းချခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင်လတွင်လည်း ဘဏ်ဖွင့်ရက်များတွင် နေ့စဉ်ရက်ဆက်နီးပါး ရောင်းချခဲ့ရာ စုစုပေါင်း အမေရိကန်ဒေါ်လာ သိန်း ၃၉၀ ရောင်းချခဲ့သည်။

Read times
Rate this item
(0 votes)