စေ့စပ်ပွဲ မလုပ်ခင် သိထားရမယ့် အရာများ

စေ့စပ်ပွဲ မလုပ်ခင် သိထားရမယ့် အရာများ Google

စေ့စပ်ပွဲဆိုတာ မင်္ဂလာပွဲ မတိုင်ခင် အကြိုကျင်းပတဲ့ ပွဲတစ်ခု ဖြစ်တဲ့အပြင် မင်္ဂလာပွဲကို ပိုပြီး သေချာသွားစေဖို့ အသိအမှတ်ပြုတဲ့ သဘောမျိုး ဖြစ်တဲ့အတွက် စေ့စပ်ပွဲ မတိုင်ခင်မှာလည်း ကာယကံရှင်တွေ အနေနဲ့ ရှင်းရှင်းလင်းလင်း သိထားရမယ့် ကိစ္စတွေ ရှိပါတယ်။

 

အခုဖော်ပြပေးမဲ့အကြောင်းအရာတွေမှာ ရှင်းရှင်းလင်းလင်း ဆုံးဖြတ်ချက် မချရသေးဘဲနဲ့လည်း စေ့စပ်ပွဲလုပ်ဖို့ မဆုံးဖြတ်သင့်ပါဘူး။ မင်မင်အကြံပြုထားတဲ့ အကြောင်းအရာတွေအတွက် တိကျတဲ့ အဖြေရှိထားပြီးမှသာ စေ့စပ်ပွဲအတွက် စပြီးစီစဉ်ပါနော်။

 

စေ့စပ်ပွဲ ကုန်ကျစရိတ်ကို ဘယ်သူက တာဝန်ခံမှာလဲ

စေ့စပ်ပွဲ အတွက် ကုန်ကျစရိတ်ကို ဘယ်သူက အကုန်အကျခံမလဲ ဆိုတဲ့ ကိစ္စကို စေ့စပ်ပွဲ မတိုင်ခင်ကတည်းက အသေအချာ ဆုံးဖြတ်ပြီးသား ဖြစ်နေရမှာပါ။ အများအားဖြင့်တော့ စေ့စပ်ပွဲ အတွက် ကုန်ကျစရိတ်ကို မိန်းကလေးရှင်ဘက်က အကုန်ခံတာ များပါတယ်။ ဘာကြောင့်လဲဆိုတော့ စေ့စပ်ပွဲရဲ့ သဘောတရားကိုက ယောက်ျားလေးဘက်က မိန်းကလေးဘက်ကို လာပြီး စကားကြောင်းလမ်းတာကို မိန်းကလေးဘက်က လက်ခံတွေ့ဆုံတဲ့ သဘောမျိုး ဖြစ်လို့ပါ။

 

စာချုပ်သုံးမှာလား၊ မသုံးဘူးလား

စေ့စပ်တာကို စာချုပ်နဲ့ လုပ်ကြတာ ရှိသလို ဒီအတိုင်းပဲ နှစ်ဖက်မိဘ တွေ့ဆုံပြီး နှုတ်ကတိ ပေးတဲ့ သဘောမျိုးပဲ လုပ်ကြတာလည်းရှိပါတယ်။ စာချုပ်က ပိုပြီးခိုင်မာတဲ့ သဘောရှိလို့ သဘောကျတဲ့ သူတွေရှိသလို စာချုပ်ချုပ်တာဟာ မယုံကြည်ရာ သဘောသက်ရောက်နိုင်တဲ့အတွက် အဲ့ဒိအတွက်တော့ နှစ်ဖက်မိဘတွေနဲ့ သေချာတိုင်ပင်ပြီး ဆွေးနွေးသင့်ပါတယ်။

 

စေ့စပ်လက်စွပ် လုပ်မှာလား၊ မလုပ်ဘူးလား

လက်ထပ်ပွဲအတွက်ပဲ လက်ထပ်လက်စွပ်လုပ်တာမျိုး ရှိသလို စေ့စပ်လက်စွပ်ရော လက်ထပ်လက်စွပ်ရော လုပ်ပြီး နှစ်ကွင်းလုံး ပေါင်းဝတ်တာမျိုးလည်း ရှိတဲ့အတွက် စေ့စပ်လက်စွပ် လုပ်မလား၊ မလုပ်ဘူးလား ဆိုတာကိုလည်း စေ့စပ်ပွဲ မတိုင်ခင်ကတည်းက သေချာညှိနှိုင်းထားဖို့ လိုပါတယ်။


သဘောတူညီမှု ယူပြီးပြီလား

စေ့စပ်ပွဲမှာ လက်ထပ်ပွဲ အစီအစဉ်နဲ့ ပတ်သက်တာတွေကို နှစ်ဖက်အသိုင်းအဝိုင်းက ညှိနှိုင်းဆွေးနွေးလေ့ ရှိပါတယ်။ အဲ့လို ဆွေးနွေးမယ့် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ကတော့ စေ့စပ်ပွဲရောက်မှ ညှိနှိုင်းဆွေးနွေးတာမျိုး မလုပ်ဘဲ စေ့စပ်ပွဲ မတိုင်ခင်ကတည်းက အကြမ်းဖျင်း ညှိနှိုင်းထားဖို့ လိုပါတယ်။ ဆိုလိုတဲ့ သဘောကတော့ နှစ်ဖက်စလုံးက သဘောတူလက်ခံတဲ့ ကိစ္စတွေကိုပဲ စေ့စပ်ပွဲမှာ ဆွေးနွေးဖို့ပါ။


Source: Aunty May

Myanmar Wedding Guide

Read times Last modified on Tuesday, 15 June 2021 14:43
Rate this item
(0 votes)