တောင်အာဖရိကတွင် ရှားပါးစိန်ပြာကြီး ၅ ခု တူးဖော်ရရှိ

တောင်အာဖရိကတွင် ရှားပါးစိန်ပြာကြီး ၅ ခု တူးဖော်ရရှိ Google

တောင်အာဖရိကမှ ရွှေထုတ်လုပ်သည့် ကုမ္ပဏီက စက်တင်ဘာလ ၁၄ ရက်က ရှားပါးစိန်အမျိုးအစားဖြစ်သော စိန်ပြာ ငါးခုကို တူးဖော်ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာသည်။

 

စိန်ပြာများသည် ကမ္ဘာတွင် အရှားပါးဆုံးနှင့် တန်ဖိုးအကြီးမားဆုံး စိန်အမျိုးအစား ဖြစ်သည်။ 

 

 

စိန်ပြာများ တူးဖော်ရရှိသည့် ကုမ္ပဏီမှာ Petra Diamonds Limited ဖြစ်ပြီး ၎င်း၏ အဓိကအားထားသည့် မိုင်းတွင်းဖြစ်သည့်  Cullinan မိုင်းတွင်းတွင် တူးဖော်ရရှိခဲ့ခြင်း ဖြစ်သည်။  Cullinan မိုင်းတွင်းသည် တောင်အာဖရိက၏ အုပ်ချုပ်ရေးမြို့တော် ဖြစ်သော ပရီတိုးရီယားမြို့၏ အရှေ့ဘက် ကီလိုမီတာ ၄၀ ဝန်းကျင် အကွာအဝေးတွင် တည်ရှိသည်။

 

 

စိန်များကို အမျိုးအစား ခွဲခြားသတ်မှတ်ထားရာ၌ Type IIb အမျိုးအစား စိန်များကို တစ်ပတ်တာကာလအတွင်း တွေ့ရှိခဲ့ခြင်းဖြစ်သည်။ Type IIb အမျိုးအစား စိန်များသည် အရှားပါးဆုံးနှင့် တန်ဖိုးအကြီးမားဆုံး ဖြစ်သည်။

တွေ့ရှိခဲ့သည့် Type IIb အမျိုးအစား စိန်များ ၅ ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး တွေ့ရှိသည့် စိန်များကို တစ်နေရာစီတွင် တူးဖော်ရရှိခြင်း ဖြစ်သော်လည်း ရှေးယခင်က တစ်ခုတည်းသော စိနစိန်တိုးကြီးအဖြစ် တည်ရှိခဲ့မည်ဟု ခန့်မှန်းကြသည်။ စိန်များ အရွယ်အစားများသည် ၉ဒသမ ၆၁ မှ ၂၅ ဒသမ ၇၅ ကာရက်အထိ ရှိသည်။

 

 

ကုမ္ပဏီမှ ထုတ်ပြန်သော ကြေညာချက်တွင် စိန်ပြာများသည် အရှားပါးဆုံးစိန်များ ဖြစ်သဖြင့် တွေ့ရခဲလှသည်။ ယခုလို အရည်အသွေး မြင့်မားသည့် စိန်ပြာ ၅ ခုကို တစ်ပတ်တာအတွင်း တွေ့ခဲ့ခြင်းသည်လည်း ရှားပါးဖြစ်ရပ် ဖြစ်သည်ဟု မှတ်ချက်ပြုထားသည်။

 

 

Cullinan မိုင်းတွင်းသည် စိန်ပြာများအတွက် အရေးအပါဆုံး အရင်းအမြစ်တစ်ခု ဖြစ်သည်။ ယခင် နောက်ဆုံး တွေ့ရှိခဲ့သည့် စိန်ပြာမှာ ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပြီး စိန်ပြာ၏ အရွယ်အစားမှာ ၁၀ ဒသမ ၀၈ ကာရက် ရှိသည်။ အမည်မဖော်လိုသူတစ်ဦးက အမေရိကန်ဒေါ်လာ ၁၄၉ သိန်းဖြင့် ဝယ်ယူခဲ့သည်။

 

 

Petra Diamonds Limited သည် တောင်အာဖရိကနိုင်ငံတွင် စိန်တွင်း သုံးခု လုပ်ကိုင်လျက်ရှိပြီး တန်ဇန်းနီးယားနိုင်ငံတွင် စိန်တွင်းတစ်တွင်း လုပ်ကိုင်နေသည်။ ကမ္ဘာ့ကျောက်မျက် ကုန်သွယ်မှုတွင် ကိုဗစ်ကာလမတိုင်ခင်ကတည်းက စိန်ဈေးများ ကျဆင်းနေခဲ့သဖြင့် Petra Diamonds Limited သည် အရှုံးပေါ်နေခဲ့သည်။ ယခုလို စိန်ပြာကြီး ၅ ပွင့် ရရှိခြင်းသည် ကုမ္ပဏီ၏ အကျပ်အတည်းကို လျော့နည်းစေမည် ဖြစ်သည်။

 

 

By (Gold & Jewellery Buying Guide)

Read times
Rate this item
(0 votes)