မင်္ဂလာဆောင် အခမ်းအနားမှူး ရန်ပိုင်စိုး ကွယ်လွန်

မင်္ဂလာဆောင် အခမ်းအနားမှူး ရန်ပိုင်စိုး ကွယ်လွန်

မြန်မာသံစဉ်တေးသီချင်းတွေ သီဆိုသူ၊ မင်္ဂဆောင်အခမ်းအနားတွေမှာ အခမ်းအနားမှူး တင်ဆက်သူအဖြစ် ဆောင်ရွက်တဲ့ အဆိုတော် သရုပ်ဆောင် ရန်ပိုင်စိုးဟာ ဒီကနေ့ အောက်တိုဘာလ ၂၁ ရက် မှာ ကွယ်လွန်သွားတယ်လို့ မိသားစုဝင်တစ်ဦးက အတည်ပြုပါတယ်။


"စဖြစ်တာကတော့ စက်တင်ဘာ ၂၅ ရက်နေ့ကပါ။ စဖြစ်ဖြစ်ချင်း အန်တယ်။ နောက် ဆီးသွားလို့မရဘူးဖြစ်တယ်။ ဆီးချိုရောဂါအခံလည်းရှိတယ်။ ဆီးချိုဖြစ်တာတော့ ၁၁ နှစ်ရှိပါပြီ။ စဖြစ်ခါစက ပုံမှန်ပြနေကျ ဆေးခန်းတွေလည်း ပိတ်ထားတယ်။ အမတို့က သောက်ဆေးပဲယူလာရတာပေါ့နော်။ နောက်ပိုင်း ရောဂါက အရမ်းသည်းလာတယ်။ အောက်ဆီဂျင်လည်း ကျတယ်။ ဆီးချိုလည်း ဖြစ်လာရော မြောက်ဥက္ကလာပဆေးရုံကြီးကို သွားပါတယ်။

 

စဖြစ်ဖြစ်ချင်း ချောင်းလည်းမဆိုးဘူး။ နှာလည်းမစေးဘူး။ အနံ့လည်းမပျောက်ဘူး။ အောက်တိုဘာ ၅ ရက်မှာ ဆေးရုံကိုစရောက်ပြီး ရောက်ရောက်ချင်း အိုင်စီယူထဲ ဝင်ရတယ်။ အဲဒီမှာ ဖေကြီးနဲ့အတူရှိတဲ့ သုံးယောက်လုံး ဆုံးသွားတော့ ဖေကြီးက နည်းနည်း စိတ်ဓာတ်ကျသွားတယ်ထင်ပါတယ်။ နောက်ရက်မှာ နှာခေါင်းတို့ဖတ် အာခေါင်တို့ဖတ်ယူပြီးစစ်တော့ ကိုဗစ် ပေါ့စစ်တစ်ဖြစ်တယ်အဖြေထွက်တယ်။ ဖောင်ကြီးရွှေ့မယ်ဆိုတော့ တစ်ယောက်တည်းမလွှတ်နိုင်ဘူး။ မိသားစုတစ်ယောက်ပါ လိုက်ဖို့ ခွင့်တောင်းထားချိန်မှာပဲ ဆီးပြဿနာထပ်ဖြစ်ပြီး အစားမဝင်တော့ဘူးဖြစ်သွားတာ။ "၂၁ရက်နေ့ မနက် ၁၁ နာရီကျော်မှာ ဆုံးသွားတာပါ" လို့ တေးသံရှင်ရန်ပိုင်စိုးရဲ့ သမီးဖြစ်သူက ပြောပြပါတယ်။

 

ကွယ်လွန်ချိန်မှာ တေးသံရှင်ရန်ပိုင်စိုးဟာ အသက် ၇၀ ရှိပြီဖြစ်ပါတယ်။ အတူနေမိသားစုဝင်တွေအားလုံး ကွာရန်တင်းဝင်ထားပြီးပြီဖြစ်ပြီး မိသားစုဝင်ထဲက အတူနေ မြေးဖြစ်သူနဲ့ တူမတော်စပ်သူတစ်ဦးတို့မှာ ကိုဗစ်ကူးစက်မှုတွေ့ရှိရတာကြောင့် ကိုဗစ်ကုသရေးစင်တာမှာ ပို့ဆောင်ထားပြီးဖြစ်တယ်လို့ ပြောပါတယ်။ နာရေးအစီအစဉ်ကိုတော့ ဆေးရုံက စီစဉ်ပေးမယ်လို့သိရပြီး အသေးစိတ်ကိုတော့မသိရသေးဘူးလို့ သိရပါတယ်။

 

 

Source: ဘီဘီစီမြန်မာပိုင်း

Read times
Rate this item
(0 votes)