၂၀၂၀-၂၁ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံခန့် ရှိ

၂၀၂၀-၂၁ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပြည်ပကုန်သွယ်မှု ကန်ဒေါ်လာ ၅ ဘီလီယံခန့် ရှိ Myanmar Logistic Guide

မြန်မာနိုင်ငံ၏ ပြည်ပ ကုန်သွယ်မှု ပမာဏသည် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း အမေရိကန် ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။

 

ယခုဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ဒီဇင်ဘာ ၄ ရက်အထိ ပို့ကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၂၉ ဘီလီယံကျော် ရှိပြီး သွင်းကုန်တန်ဖိုးမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၆၃ ဘီလီယံကျော် ရှိကြောင်း သိရသည်။ ပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၄ ဒသမ ၉၂ ဘီလီယံကျော်တွင် ပင်လယ်ရေကြောင်း ကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၅၃ ဘီလီယံကျော်ပါဝင်ပြီး နယ်စပ်ကုန်သွယ်မှု မှ အမေရိကန်ဒေါ်လာ ၁ ဒသမ ၃၉ ဘီလီယံကျော်ပါဝင်ကြောင်း သိရသည်။


၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် နှစ်လကျော်ကာလအတွင်း ပြည်ပ ကုန်သွယ်မှု ပမာဏသည် ပြီးခဲ့သော ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် အလားတူကာလ နှင့် နှိုင်းယှဉ်ပါက အမေရိကန်ဒေါ်လာ ၂ ဘီလီယံကျော် ကျဆင်းခဲ့ပြီး ပြီးခဲ့သော ဘဏ္ဍာနှစ် အလားတူကာလတွင် အမေရိကန်ဒေါ်လာ ၆ ဒသမ ၉၃ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။


စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့မှ ညွှန်ကြားရေးမှူး ဦးမျိုးသူက “နှစ်အစပိုင်းမှာတော့ ကုန်သွယ်မှုက အနည်းငယ် လျော့နေတာ မှန်ပါတယ်။ အဓိက လျော့တဲ့ အကြောင်းရင်းကတော့ ဒီကာလက အရင်နှစ်တွေတုန်းကဆိုရင် ကျောက်စိမ်းရောင်းပွဲကြီးတွေ လုပ်တဲ့ကာလပေါ့။ အခု ဒီနှစ်ကတော့ COVID-19 ကြောင့် မရှိဘူး ။ ဒါကြောင့် ကျောက်စိမ်းကဏ္ဍမှာ ဒီလပိုင်းလေးမှာ ဝင်ငွေ တော်တော်လျော့ပါတယ်။ အခုက ၂၀၂၀-၂၁ ရဲ့ ပထမ သုံးလပတ်ကို ရောက်နေပြီပေါ့ ။

 

နောက်တစ်ခုက သဘာဝဓာတ်ငွေ့တင်ပို့မှုက ရည်မှန်းချက်နဲ့ လျော့ချတာ ရှိပါတယ်။ ဘာလို့လဲဆိုတော့ နည်းနည်း အထွက်နည်းလာတဲ့အတွက် တင်ပို့မှုမှာလည်း လျော့ကျလာတယ်။ သဘာဝဓာတ်ငွေ့ကလည်း ဝင်ငွေ ဒီလတွေမှာ ကျနေတယ်ဆိုတာ တွေ့ရတယ်။ လယ်ယာကဏ္ဍလိုမျိုးက သိပ်ကျသွားတာ မရှိဘူး ။ လက်ရှိလည်း အရင်ကာလတူနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နည်းနည်းလေး ပိုနေတဲ့ အနေအထားမျိုးလေး တွေ့ရပါတယ်။ နောက်တစ်ခုက အထည်ချုပ်မှာလည်း လျော့နေတဲ့ အနေအထားလေးတွေ ရှိပါတယ်။ အဓိကကတော့ ကဏ္ဍကြီး ၃ ခုလောက်မှာ Export ပိုင်းမှာ နည်းနည်း လျော့နည်းနေတဲ့အတွက် အခုလိုမျိုး ဖြစ်နေတယ်လို့ ကျွန်တော်တို့က သုံးသပ်ထားပါတယ်။”ဟု ပြောကြားခဲ့ပါသည်။


မြန်မာနိုင်ငံအနေဖြင့် အဓိက ပို့ကုန်များတွင် လယ်ယာထွက်ကုန်ပစ္စည်း ၊ တိရစ္ဆာန်ထွက်ပစ္စည်း ၊ ရေထွက်ပစ္စည်း၊ သတ္ထုတွင်းထွက်ပစ္စည်း ၊ သစ်တောထွက်ပစ္စည်း ၊ စက်မှုကုန်ချောပစ္စည်း နှင့် အခြားတို့ ဖြစ်ကာ သွင်းကုန်များအနေဖြင့် ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်းများ ၊ လုပ်ငန်းသုံးကုန်ပစ္စည်းများ ၊ လူသုံးကုန်ပစ္စည်းများ ပါဝင်ကြောင်း သိရသည်။


နိုင်ငံ၏ ကုန်သွယ်မှု ပမာဏ ၈၀ ရာခိုင်နှုန်းဝန်းကျင်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှတစ်ဆင့် ပြုလုပ်ပြီး နယ်စပ်ကုန်သွယ်မှုကို အိမ်နီးချင်းနိုင်ငံများ နှင့် နယ်စပ်ဂိတ် ၁၇ ခုမှတစ်ဆင့် ပြုလုပ်လျက် ရှိကြောင်း သိရသည်။


Source: Xinhua

 
Read times Last modified on Friday, 18 December 2020 16:39
Rate this item
(0 votes)