ဒေါ်လာကို ကျပ်က အသာရတဲ့ ၂၀၂၀

ဒေါ်လာကို ကျပ်က အသာရတဲ့ ၂၀၂၀

အစဉ်အလာအားဖြင့် အမေရိကန်ဒေါ်လာသည် ဘုရင် ဖြစ်သည်။ ဒေါ်လာဈေး လှုပ်သည်။ ဝင်ကစားသူ လက်ကြီးလက်ငယ်များလည်း ရှိသည်။

 

ကျပ်သည် ဒေါ်လာကို အရှုံးပေးနေကျ ဖြစ်ခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ၁၂ % ဝန်းကျင်အထိ ဈေးကျခဲ့သည်။ ငွေဖောင်းပွမှုက ဖေဖော်ဝါရီလတွင် ၉.၂ % ရှိသဖြင့် ကျပ် မမာနိုင်ချေ။ 

 

ငွေဈေးအတက်အကျ များ ရှိခဲ့ပြီး အတက်ကြမ်းသည်။ အကျနှေးသည်။ ဒေါ်လာကို ကစားသူများ ရှိနေခဲ့သည်။ ဒေါ်လာဈေး မတည်ငြိမ်သဖြင့် အရောင်းအဝယ်လုပ်ဖို့ ခက်ကုန်သည်အထိ ဖြစ်ခဲ့သည်။ စူပါမားကက်များတွင် ပစ္စည်း‌ပေါ် ကပ်ထားသော ရောင်းဈေးနှုန်းကို ဒေါ်လာတက်ဈေးအရ ဈေးနှုန်းအသစ် အားချင်းလိုက်ကပ်ရသည်များပင် ရှိခဲ့သည်။ တက်ဦးမှာဟု လူတိုင်းက ဟောကိန်း ထုတ်ခဲ့ကြသည်။
ဈေးမတည်ငြိမ်ခြင်းနှင့် တက်ပြီးရင်း တက်နေခြင်းသည် လုပ်ငန်း အငယ်စားများနှင့် အလတ်စားများ လုပ်ရကိုင်ရ ခက်ခဲနေစေသည်။ ဒေါ်လာ အရောင်းအဝယ် လက်ကြီးသမား အချို့ကို ယာယီထိန်းသိမ်းခြင်း ပြုပြီး အရေးယူဆောင်ရွက်ခဲ့သော်လည်း မအောင်မြင်ချေ။ ဆေးမြီတို ဖြစ်နေသည်။

 

၂၀၂၀ ပြည့်နှစ်တွင် ကျပ်က ဒေါ်လာကို အသာရသည်။ အကြောင်းတရားများကြောင့် အကျိုးတရား ဖြစ်ပေါ်သည်။


၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်က မတ်လမှာ မြန်မာပြည်ကို ရောက်လာသည်။ လော့ဒေါင်းဆိုသည်ကို အရူးအမူး ဈေးဝယ်ကြခြင်းဖြင့် ရင်ဆိုင်သူများ ရှိခဲ့သည်။ စူပါမားကက် စင်ပေါ်မှာ ပြောင်သလင်းခါသည်။
ဧပြီ နှစ်သစ်ကူးကာလအပြီးတွင် ဒေါ်လာဈေး အကျဘက် ရောက်လာသည်။ လက်ထဲ ဒေါ်လာကိုင်ထားပြီး လိုမှ လိုသလောက် ကျပ်ဖြင့် လဲဖို့ အဆင်မပြေ ဖြစ်လာသည်။ ငွေလဲသည့်ဆိုင်တွေက ပိတ်လားဖွင့်လား အသေအချာ ကြိုမသိနိုင်။ လက်ထဲ ကျပ်ကိုင်ထားသည်က လိုတာရှိ ဖြေရှင်းနိုင်သည်။ အစိမ်းဖြင့် ဈေးဝယ်ထွက်၍ မရ။


ဈေးကလည်း အကျဘက်ရောက်နေသဖြင့် ဆုံးရှုံးမှာကို စိုးရိမ်ရသည်။ ထုတ်ရောင်းဖို့ အားသန်သည်။


လုပ်ငန်းရှင်များ အလုပ်ရပ်ထားရသည်များ ရှိသည်။ အပြည့်အဝ မလုပ်ကိုင်ရသည်လည်း ရှိသည်။ သို့သော် အချိန်တန်လျှင် ဝန်ထမ်းများကို လခ ရှင်းဖို့ လက်ထဲ ကိုင်ထားသော ဒေါ်လာများ ရောင်းချပြီး ကျပ်ငွေဖော်သည်။

 

4537c64e317d9f5f36de2e83690c54d0.jpg

 

ဒေါ်လာသည် မျက်နှာပန်း မလှတော့။ ပန်းမပန်နိုင်တော့။ ကမ္ဘာ့ပေါ်ရှိ ဘဏ်များက အရန်ရန်ပုံငွေအဖြစ် ထားသော ငွေကြေး ၁၀ မျိုးတွင် အပါအဝင်ဖြစ်သော ဒေါ်လာသည် ကမ္ဘာ့ငွေကြေးဈေးကွက်ထဲတွင်လည်း နိုင်ငံအသီးသီးတို့မှာ မျက်နှာငယ်နေသည်။ အာရှမှာလည်း မျက်နှာငယ်သည်။ အာရှငွေကြေးများတွင် ကျပ်သည် ငွေလဲနှုန်းတွင် သာချက် အမြင့်မားဆုံး ဖြစ်သည်။ ၁၁% ဖြင့် ထိပ်ဆုံးမှာ နေရာယူခဲ့သည်။

 

အိမ်မှာနေပါ ညွန်ကြားပြဌာန်းမှုကြောင့် ဝယ်နေကျ ပစ္စည်းအများအပြားတို့ကို မဝယ်ဖြစ်တော့ချေ။လောလောဆယ် အိမ်ထဲနေရင်း သုံးစရာ အကြောင်းမရှိသော ပစ္စည်းများ မဝယ်ကြတော့ချေ။ သွင်းကုန် သွင်းဖို့မှာလည်း သယ်ယူပို့ဆောင်ရေး ကွင်းဆက်ပြတ်နေသည်ကို အရဲစွန့်ပြီး သွင်းရမည်မို့ ဆိုင်းငံ့ထားလိုက်ကြသည်က များသည်။ သွင်းကုန်အပေါ် ဒေါ်လာသုံးအား ကျဆင်းသည်။

 

money-changer ဖွင့်မည်ပိတ်မည် မသေချာသဖြင့် လက်ထဲ ကိုင်ထားသော ကျပ်များ ပိုနေလျှင် ဒေါ်လာဝယ်သိမ်းနေကျ ဖြစ်သူများ ဒေါ်လာ မလဲဖြစ်ကြတော့ချေ။ ကျပ်ကို ကျပ်အတိုင်း ခြေစောင့်လက်စောင့် ကိုင်ထားကြသဖြင့် လူလတ်တန်းစား အလွှာတွင် ဒေါ်လာ ဝယ်လိုအား လျော့ကျသည်။

 

ဩဂုတ်လတွင် ဝယ်ယူမှု ပုံစံအသစ် ဖြစ်နေပြီ။ စားစရာနှင့် ကိုဗစ်ကာကွယ်ရေးအတွက် ဆေးဝါးများ၊ မတ်စ် ၊ လက်ဆေးရည် အစရှိသည်တို့ကို ဝယ်ဖြစ်ကြသည်။ အစားမျိုးစုံ အိမ်မှ မှာစားဖြစ်ကြသည်။ ခရီးသွားဖို့၊ အဝတ်အစားဝယ်ဖို့၊ ဖက်ရှင်ရှိုးထုတ်ဖို့ စသည်များ မဝယ်ဖြစ်ကြတော့ချေ။

 

ဒေါ်လာ မျက်နှာငယ်နေပြီး ကမ္ဘာ့ ရွှေဈေးက စံချိန်တင် တက်နေသဖြင့် ဒေါ်လာ ဝယ်သိမ်းထားမလား၊ ရွှေဝယ်သိမ်းထားမလား စဉ်းစားသောအခါ ရွှေကို ရွေးချယ်ခြင်းများလည်း ရှိလာသည်။ ဒေါ်လာ ဈေးကွက်ထဲ ရောက်လာမည့်ငွေများ ရွှေဈေးကွက်ထဲ ရောက်သည်။

 

၂၀၂၀ တွင် ဒေါ်လာသည် အကြောင်းကြောင်းကြောင့် အကျဘက်သို့ ရောက်နေသည်။ အလွန်အကျွံကျဆင်းလျှင် ပြည်ပပို့ကုန်လုပ်ငန်းများ ပြည်ပစေဈးကွက်ထဲတွင် ယှဉ်ပြိုင်နိုင်စွမ်း ရှိတော့မည် မဟုတ်တော့ချေ။ အခွန်အမျိုးမျိုးကြောင့်နှင့် အချိန်ကြန့်ကြာခြင်းတို့ကြောင့် ယှဉ်ပြိုင်နိုင်စွမ်း နည်းနေရသည်ကို ဘူးလေးရာ ဖရုံဆင့် ဖြစ်နေလိမ့်မည်။

 

ဗဟိုဘဏ်က ယခုအခါ ဒေါ်လာဈေး တည်ငြိမ်မှု ရရှိစေရန် အလေးပေး လုပ်ဆောင်နေသည်ကို တွေ့ရသည်။ ထိုင်း၊ ကိုရီးယား အစရှိသော နိုင်ငံများတွင် မူဝါဒရေးဆွဲသူများက ဒေါ်လာဈေး ငြိမ်အောင် ဒေါ်လာ ဝယ်ခြင်း ရောင်းခြင်း ပြုကြသည့် နည်းတူ မြန်မာနိုင်ငံ ဒေါ်လာ ဈေးကွက်တွင်လည်း ဗဟိုဘဏ်က ဒေါ်လာ ရောင်းခြင်း ဝယ်ခြင်း ပြုပေးနေသည်ကို တွေ့ရသည်။ ပို့ကုန် လုပ်ငန်းများ ဒေါ်လာ မတည်ငြိမ်ခြင်းကြောင့် ထိခိုက်မှု အနည်းဆုံး ဖြစ်စေသည်။ အနည်းဆုံးလုပ်ခ မြင့်တက်ခြင်းအတွက် လိုက်လျောညီထွေ ရှိနေသော ငွေလဲနှုန်း ဖြစ်တည်နေဖို့ လိုအပ်သည်မှာ အမှန်ပင် ဖြစ်သည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်သည် ၂၀၂၀အတွင်း ဒေါ်လာ၃၀၉ သိန်းခွဲကျော် ဝယ်ယူခဲ့ပြီး​ ဒေါ်လာ ၅၇ သိန်း ရောင်းချခဲ့သည်။

 

လက်ရှိအနေအထားတွင် ကျပ် ၁၃၀၀ ပတ်လည်တွင် ရှိနေသည်။ စီးပွားရေးများ သတိထားပြီး ပုံမှန်လည်ပတ် လုပ်ကိုင်လာကြသည့်အခါ ၂၀၂၁ အကုန်ပိုင်းတွင် ကျပ် ၁၄၀၀ ပတ်လည်တွင် ပြန်လည်ရောက်ရှိလိမ့်မည်ဟု ခန့်မှန်းထားကြသည်။

 

 

Gold & Jewellery Buying Guide

Read times
Rate this item
(0 votes)