ကြင်စဦးကာလကစပြီး သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ဖို့ ရှောင်ရှားသင့်တဲ့ အပြောအဆို၊ အပြုအမူများ

ကြင်စဦးကာလကစပြီး သာယာတဲ့အိမ်ထောင်ရေးကို ပိုင်ဆိုင်နိုင်ဖို့ ရှောင်ရှားသင့်တဲ့ အပြောအဆို၊ အပြုအမူများ Google

အိမ်ထောင်ကျကာစ ကြင်စဦးကာလမှာပင် အမှတ်မထင် လက်လွတ်စပယ် ကြမ်းတမ်းတဲ့ အပြောအဆို၊ အပြုအမူ နဲ့

အိမ်ထောင်ဖက်ကို ဆက်ဆံခြင်းက ကိုယ့်ရဲ့အိမ်ထောင်ဖက်ကို စိတ်ဒဏ်ရာရစေကာ အိမ်ထောင်သက် တစ်လျှောက်လုံး အဖုအထစ်လေးတွေ ဖြစ်လာနိုင်တာကြောင့် ရှောင်ရှားသင့်ပါတယ်။

 


လူတိုင်း လူတိုင်းက ချီးမွှမ်းခံရတာကို နှစ်ခြိုက်သူများဖြစ်တာကြောင့် အိမ်ထောင်ဖက်က အောင်မြင်မှု ပြုလုပ်နိုင်ခဲ့တယ်ဆိုရင် ချီးမွမ်းစကားလေးတော့ ပြောပေးသင့်ပါတယ်။

 

 

သင်က သင့်အိမ်ထောင်ဖက်ထက် အသက် ကြီးကြီး၊ ငယ်ငယ် ဆရာကြီး၊ ဆရာမကြီးလေသံ မျိုးနဲ့ ဘယ်တော့မှ မပြောမိအောင် ဂရုစိုက်သင့်ပါတယ်။ နောက်ပြီး တစ်ယောက်ထဲကိုပဲ အပြစ် ပြောဆိုခြင်းမျိုးကို ရှောင်ကြဉ်သင့်ပါတယ်။ ကိုယ့်ဘက်က မထင်မှတ်ဘဲ အမှားတစ်ခုလုပ်ပြီးတိုင်း သူ့မျက်နှာကို သေသေချာချာကြည့်ပြီး တောင်းပန်စကား ပြောသင့်ပါတယ်။

 

 

ကိုယ့် အိမ်ထောင်ဖက်က သူ့ရဲ့စိတ်ကူးအိပ်မက်ကို ပြောပြမယ်ဆိုရင် ဘယ်တော့မှ မလှောင်ပြောင်မိပါစေနဲ့။ လူတိုင်းကတော့ ကိုယ့်ရဲ့အနာဂတ်အတွက် စိတ်ကူးယဉ်အိပ်မက်တစ်ခုခုတော့ ရှိသင့်ပါတယ်။ အရာရာတိုင်းကတော့ ကိုယ်နဲ့တစ်ထပ်တည်း ကျလိမ့်မယ်လို့ မမျှော်လင့်ပါနဲ့။ တစ်ဦးနဲ့တစ်ဦး အပြန်အလှန်နားလည်မှုနဲ့ ခွင့်လွှတ်တတ်မှ အောင်မြင်ပြီးပြည့်စုံတဲ့ မိသားစုဘဝကို ဖန်တီးနိုင်မှာဖြစ်ပါတယ်။

 

 

အိမ်ထောင်ပြုလိုက်ပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာလေးတွေကို ညှိနှိုင်းပြီး တစ်ဖက်လူကို နားဝင်အောင် စကားကို ဖြည်းဖြည်း ပြောဆိုသင့်ပါတယ်။ သူ့ဘက်က ကိုယ့်အမြင်ကို လက်ခံခြင်း၊ မခံခြင်းကိုတော့ အကဲခတ်တတ်မှ ဖြစ်ပါမယ်။ သူ့ဘက်က ကိုယ့်အမြင်ကို လက်ခံတဲ့ပုံပေါ်ရင် ရှေ့ဆက်နိုင်ပြီး လက်မခံနိုင်တဲ့ပုံပေါ်ရင်တော့ စကားကို ဒီမှာပဲရပ်သင့်ပါတယ်။

 

 

အိမ်ထောင်သက်တမ်းမရင့်သေးခင်မှာ သူ့ကို မေးခွန်းတွေ အများကြီးမမေးသင့်ပါဘူး။ ကိုယ့်ကို အထင်သေးသွားပါလိမ့်မယ်။သူ့ဘက်ကိုယ့်ဘက်ဆွေမျိုးတွေရှေ့မှာလဲ တစ်ယောက်အပေါ်တစ်ယောက် အနိုင်ယူတဲ့ အပြုအမူမျိုးကို ရှောင်သင့်ပါတယ်။ တစ်ယောက်နှင့် တစ်ယောက် အမျိုးတွေရှေ့မှာ အနိုင်မယူဘဲ ရိုသေသမှုပြုမယ်ဆိုရင်တော့ ကောင်းတဲ့ အပြုအမူဖြစ်ပါတယ်။ လက်ထပ်လိုက်ပြီဆိုတာနဲ့ နှစ်ဘက်အမျိုးကို မတော်ချင်လဲ တော်ရတော့မှာဖြစ်ပါတယ်။ သူ့ဆွေမျိုး၊ ငါ့ဆွေမျိုး ဆိုပြီးတော့ ခွဲခြားဆက်ဆံခြင်းမပြုမိအောင် သတိပြုရပါမယ်။

 

 

လူအများစုကတော့ ကျောပူတာကိုပဲ ခံချင်ပြီး နားပူတာကို မခံချင်ကြပါဘူး။ ပြဿနာအသေးအမွှားလေးကို ဖြစ်နိုင်ရင် အကျယ်မချဲ့သင့်ပါ။တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန် နားလည်မှုမရှိဘူးဆိုရင် ချစ်စနိုး ခေါ်ဝေါ်သုံးနှုန်းတဲ့ စကားတွေ ပျောက်ပြီး နာမည်တွေ တပ်ခေါ်ကာ သူစိမ်းဆန်သွားစေမှာ ဖြစ်ပါတယ်။

 

 

တစ်ဦးကိုတစ်ဦး နားလည်အောင်ကြိုးစားနေဆဲဖြစ်တဲ့ ကြင်စဦးကာလအတွင်းမှာ အပေးအယူမမျှခင် ဘယ်လိုအကြောင်းအရာတွေ ဘယ်လိုအခြေအနေမျိုးမှာပဲဖြစ်ဖြစ်၊ ဘယ်လိုစကားတွေပဲပြောပြော ဒေါသကင်းပြီး မာန်မာနတွေကင်းတဲ့ ချစ်စဖွယ်အမူအယာ အပြောအဆိုကိုသာ ပြောဆို သုံးနှုန်းမယ်ဆိုရင် သာယာတဲ့ အိမ်ထောင်ရေးဘဝကို ပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။

 

Myanmar Wedding Guide

Read times Last modified on Tuesday, 25 August 2020 14:47
Rate this item
(0 votes)
Tagged under