ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ

ခြေဖနောင့်အက်ကွဲ ခြင်း ပြဿနာ Google

Heel fissure လို့ခေါ်တဲ့ ခြေဖနောင့်အက်ကွဲ ခြင်းဟာ အသားအရေခြောက်သွေ့တာကြောင့် ဖြစ်လေ့ရှိပြီး အထူးသဖြင့် ဆောင်းရာသီလိုမျိုး ခြောက်သွေ့ပြီးအေးတဲ့ရာသီတွေမှာ အဖြစ်များပါတယ်။

 

ခြေဖနောင့်မှာ ဆဲလ်သေတွေစုပြီး အသားမာတက်လာခြင်း၊ နောက်ပိုင်းမှာ ခြေဖနောင့်အရေပြား အက်ကွဲလာခြင်း၊ နာကျင်ခြင်း၊ ရောင်ရမ်းလာခြင်း၊ သွေးထွက်ခြင်းနဲ့ ပိုးဝင်ခြင်း စတဲ့ ပြသနာမျိုးစုံကို ဖြစ်စေနိုင်တာကြောင့် ခြေဖနောင့်အက်ကွဲ တဲ့ ပြသနာဟာ စိတ်အနှောင့်ယှက်ဖြစ်စရာကောင်းပြီး၊ ကြောက်စရာလည်းကောင်းပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ခြေဖနောင့်အက်ကွဲတဲ့ ပြဿနာမျိုးမဖြစ်ရအောင် ကြိုတင်ကာကွယ်နိုင်မယ့် အချက်လေးတွေနဲ့ ဘာတွေ လုပ်သင့်တယ်ဆိုတဲ့ tips လေးတွေကို မျှဝေပေးသွားချင်ပါတယ်။

 

ခြေဖနောင့် အက်ကွဲ တာမျိုး မဖြစ်အောင် ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ။

၁။ ကြမ်းတမ်းတဲ့ မျက်နှာပြင်နဲ့ ကြမ်းပြင်တွေပေါ်မှာ ဖိနပ်မပါဘဲ လမ်းခဏခဏ လျှောက်တာကို ရှောင်ပါ။

၂။ ကိုယ့်ခြေထောက်နဲ့ အံဝင်ခွင်ကျ မဖြစ်တဲ့ ဖိနပ်တွေ၊ ခြေဖနောင့်ကို အကာအကွယ်မပေးနိုင်တဲ့ ဖိနပ်မျိုးကို မစီးပါနဲ့။ ဒါ့အပြင် fit မဖြစ်တဲ့ဖိနပ်တွေကိုစီးပြီး အချိန်အကြာကြီး မတ်တပ်ရပ်တာမျိုးကို အထူးရှောင်ရပါမယ်။

၃။ နေ့စဉ် ရေချိုးတဲ့အခါ ခြေဖနောင့်မှာရှိနေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားဖို့ ပျော့ပြောင်းတဲ့ brush (သို့) pumice stone လိုမျိုး ခြေဖနောင့်ကို ပွတ်တိုက်ဖို့ အသုံးပြုတဲ့ ချေးချွတ်ကျောက်တုံးလေးတွေနဲ့ အသာအယာပွတ်တိုက်ပေးပါ။ ခြေဖနောင့်ကို ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုး၊ အလွန်အကျွံ ချေးချွတ်တာမျိုး၊ ဆပ်ပြာကြမ်းကြမ်း တွေ သုံးတာမျိုးကို ရှောင်ပါ။

၄။ ညအိပ်ရာမဝင်ခင် ခြေထောက်ကို ရေနွေးနွေးလေးနဲ့ ၁၀ မိနစ်ခန့် စိမ်ပေးပါ။ ပူကျစ်နေတဲ့ ရေကို မသုံးမပြုပါနဲ့။

၅။ ဆေးကြောသန့်စင်ပြီးလို့ ခြေထောက်သုတ်တဲ့အခါ အဝတ်နဲ့ အသာအယာ ဖိပြီးသုတ်ပေးပါ။ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်တာမျိုးကို ရှောင်ပါ။

၆။ မျက်နှာကို ရေဓာတ်ပြည့်ဝနေအောင် moisturizer လိမ်းပေးသလိုပဲ ခြေဖနောင့်လေးကိုလည်း ရေဓာတ်ပြည့်ဝနေအောင် ဂရုစိုက်ပေးပါ။

 

ခြေဖနောင့်မှာ အသားအရေခြောက်သွေ့လာတာမျိုး၊ အသားမာတက်လာတာမျိုး စဖြစ်နေပြီဆိုရင်တော့ ရေဓာတ်ပြည့်အောင် ကူညီပေးနိုင်မယ့် moisturizer တွေ (သို့) သဘာ၀ နေကြာဆီ၊ အုန်းဆီ၊ အစေ့အဆန်တွေကထုတ်လုပ်ထားတဲ့ အဆီအနှစ်တွေပါဝင်တဲ့ product မျိုး (သို့) petroleum jelly ပါဝင်တဲ့ အသုံးအဆောင်တွေကို အနည်းဆုံးတစ်နေ့ နှစ်ကြိမ်ခန့် လိမ်းပေးသင့်ပါတယ်။ အသားမာတက်နေတဲ့ ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ဖို့အတွက် alpha hydroxyl acid, salicylic acid နဲ့ urea စတဲ့ ဓာတုပစ္စည်းတွေပါဝင်တဲ့ exfoliator မျိုးကို လည်း moisturizer, oil တွေနဲ့ တစ်လှည့်စီ အသုံးပြုပေးနိုင်ပါတယ်။

 

ဘယ်လိုအချိန်မှာ ဆရာဝန်နဲ့ ပြသဖို့လိုအပ်လဲ။
ခြေဖနောင့်အက်ကွဲ တဲ့အပြင် ရောင်ရမ်းပြီး အလွန်အမင်း နာကျင်လာမယ်၊ သွေးထွက်လာမယ်ဆိုရင်တော့ ဆရာဝန်နဲ့ သေချာပြသပြီး ကုသမှုခံယူသင့်ပါတယ်။ ခြေဖနောင့်အက်ကွဲခြင်းပြဿနာဟာ ဆီးချိုရောဂါ၊ လည်ပင်းရှိ သိုင်းရွိုက်ရောဂါ ( Hypothyroidism) ၊ လေးဖက်နာ အဆစ်ရောင်ရောဂါ ၊ ဗီတာမင် ချို့တဲ့ရောဂါ၊ နှင်းခူ (eczema) နဲ့ ဆိုရီယေးစစ် ကဲ့သို့သော အရေပြားရောဂါရှိတဲ့သူတွေ များလည်း အဖြစ်များပါတယ်။

 

အထူးသဖြင့် ဆီးချိုရှိတဲ့သူတွေမှာ ခြေထောက်မှာရှိတဲ့ အာရုံကြောလေးတွေ ထိခိုက်ပျက်စီးတာကြောင့် ချွေးနဲ့ အဆီတွေ မထုတ်တော့ဘဲ အသားအရေခြောက်သွေ့နေနိုင်ပါတယ်။ ဒါ့ကြောင့် ခြေဖနောင့် အက်ကွဲတာတွေ ပိုဖြစ်နိုင်တဲ့အပြင် ဖြစ်လာခဲ့ရင်လည်း အနာကျက်ဖို့ ခဲယဉ်းတဲ့အတွက် ပိုးဝင်တာတွေနဲ့ နောက်ဆက်တွဲတွေ အများကြီးဖြစ်လာနိုင်ပါတယ်။ ဒါ့ကြောင့် ဆီးချိုရှိတဲ့သူတွေဆိုရင်တော့ ခြေဖနောင့်အက်ကွဲတာမျိုးမဖြစ်အောင် ကြိုတင်ကာကွယ်ဖို့နဲ့ ဖြစ်လာခဲ့ရင်လည်း ဆရာဝန်နဲ့ ဂရုတစိုက်ပြသဖို့ အကြံပေးချင်ပါတယ်။

 

 

Source: Hello Doctor

Read times
Rate this item
(0 votes)
Tagged under