မွန်လူမျိုးတို့၏အာဝါဟ၊ ဝိဝါဟ လက်ထပ်ထိမ်းမြားခြင်း

မွန်လူမျိုးတို့၏အာဝါဟ၊ ဝိဝါဟ လက်ထပ်ထိမ်းမြားခြင်း Google

ယခုခေတ်တွင် လက်ထပ်ထိမ်းမြားရာတွင် မွန် နှင့် မြန်မာလူမျိုးတို့၏ ဓလေ့ထုံးစံမှာ အလွန်တူသည်ဟု ထင်ရသော်လည်း အချို့နေရာဒေသများတွင် မတူကွဲပြားခြားနားသည်ကို ယခုတိုင် တွေ့ရှိနိုင်ပါသည်။


လက်ထပ်ထိမ်းမြားခြင်းကို ဘုရားမပွင့်မှီ ကမ္ဘာဦးလူသားတို့က သတ်မှတ်ထားသော အလေ့အထဖြစ်ပြီး နောက်ပိုင်းတွင် ဟိန္ဒူအလေ့အထနှင့် ဗုဒ္ဓ၏ ဆိုဆုံးမထားသော တရားတော်များနှင့် ပေါင်း စပ်ပြီး ပြုလုပ်ကြသည်ဟု ယူဆကြလေသည်။ ရှေးဟောင်းမွန်စာပေများတွင် ထိမ်းမြားခြင်း၊ ဘိတ်သိတ်မြှောက်ခြင်း စသော အခမ်း အနားများတွင် ပုဏ္ဏား (၈) ယောက်တို့က ဂါထာများဖြင့် မန်းမှုတ်ထားသော ရေကို အပေါက်တစ် ထောင်ရှိသော ရေစစ်ဖြင့် စစ်ယူပြီး မင်းသမီး မင်းသား၊ သတို့သမီး သတို့သားတို့ အပေါ် ပက်ဖျန်းခြင်းအမှုသည်ဟိန္ဒူ၏အလေ့အထအတိုင်း လုပ်ဆောင်ကြသည်ဟု ဆိုရပေမည်။


လက်ထပ်ထိမ်းမြားခြင်းအမှုပြီးမြောက်အောင်မြင်ခြင်းကိုဖြစ်စေသောပုဆိုးတန်းတင်ခြင်း၊ လက်စွပ်လဲခြင်း၊ စုလျားရစ်ပတ်ခြင်းစသော လုပ်နည်းလုပ်ဟန်(၁၀) မျိုးကို မွန်စာပေ၊ မြန်မာစာပေ များတွင် ရေးသားဖော်ပြထားသဖြင့် ရှေးအစဉ်လာက အသိအမှတ်ပြုသတ်မှတ်ထားသောနည်း ဟု ဆိုရပေမည်။ (၁၀)မျိုးအနက် တစ်မျိုးမျိုးဖြင့် လုပ်ဆောင်လျှင် ထိမ်းမြားခြင်းပြီး မြောက်သည်ဟုယူဆထားပါသည်။ ယခုခေတ်အသုံးများသော သတို့သားနှင့်သတို့သမီးတို့၏ လက်နှစ် ဖက်ကို ရေတွင်နှစ်ပြီး လက်ထပ်ခြင်းသည်လည်း ထို့ကဲ့သို့(၁၀) မျိုးအနက်မှ တစ်မျိုးပင် ဖြစ်လေသည်။ (၁၀) မျိုးရှိတဲ့ အနက်မှာမှ မွန်လူမျိုးတို့၏ အာဝါဟ၊ ဝိဝါဟ လက်ထပ်ခြင်းကို ဖော်ပြပေးမှာဖြစ်ပါတယ်။

 

အမျိုးသားသတို့သား က သတို့သမီးအိမ်သို့ သွား၍ လက်ထပ်သောအခါ သတို့သားဘက်မှ အုန်းပင်ပေါက် ၊ ကွမ်းသီးပင် ပေါက် ၊ နနွင်းတက်(အစိမ်း)၊ ငရုတ်ကောင်း၊ ကြက်သွန်ဖြူ၊ အဝတ်စအသစ်တစ်စ တို့ကို တောင်း တွင်ထည့်၍ ယူသွားရသည်။ ထိုတောင်းနဲ့အတူ လက်ဆောင်ပစ္စည်းများ ထည့်ထားသော ခြေလေး ချောင်းအုပ်ကိုလည်း ယူဆောင်သွားရလေသည်။ ယခုအခါ ခြေလေး ချောင်းအုပ်မှာ အလွန်ရှားပါးနေသဖြင့် အုပ်အစားလင်ဗန်းတို့ဖြင့် ထည့်၍ ယူဆောင်ကြတာကို တွေ့ရပါတယ်။ ဤကဲ့သို့ သတို့သားက သတို့သမီးအိမ်သို့ သွား၍ လက်ထပ်ခြင်းကို ဝိဝါဟဟု ခေါ်ပြီး၊ သတို့သမီးက သတို့သား အိမ်သို့ သွား၍လက်ထပ်ခြင်းကို အာဝါဟလက်ထပ်ခြင်း ဟု ခေါ်ဆိုကြတာ ဖြစ်ပါတယ်။

 

Read times
Rate this item
(0 votes)