ချစ်ခင်လေးမြတ် တန်ဖိုးထားခြင်း သင်္ကေတနှင့် မွန်ဓလေ့မင်္ဂလာပွဲ

ချစ်ခင်လေးမြတ် တန်ဖိုးထားခြင်း သင်္ကေတနှင့် မွန်ဓလေ့မင်္ဂလာပွဲ google.com

ယောက်ျားပျိုတစ်ဦးနှင့် မိန်းမပျိုတစ်ဦး အချိန်တန်အရွယ်ရောက်ပြီးလျှင် တစ်ဦးနှင့်တစ်ဦး အတူတကွချစ်ကြည်ဖြူစွာ နေထိုင်နိုင်ရေးအတွက် လက်ထပ်ထိမ်းမြားကြသည်မှာ လောက၏ဓမ္မတာတစ်ခုပင်ဖြစ်သည်။

 

 

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုး ၁၃၅ မျိုးရှိရာ လူမျိုးတစ်မျိုးနှင့်တစ်မျိုး ယဉ်ကျေးမှု၊ ဓလေ့စရိုက်နှင့် ထုံးတမ်းအစဉ်အလာတို့တွင်တစ်မျိုးတစ်ဘာသာစီဖြင့်ကွဲပြားကြသည်။ ယင်းတို့အနက်အာဝါဟဝိဝါဟမင်္ဂလာဆောင်သည့်ဓလေ့စရိုက်မှာ သူ့အရပ်နှင့်သူတော့ဖြင့် စိတ်ဝင်စားဖို့ကောင်းလှပါသည်။ ထိုသို့ စိတ်ဝင်စားဖွယ်ကောင်းသော မင်္ဂလာဆောင်ခြင်းဓလေ့စရိုက်တွင် မွန်လူမျိုးတို့၏ မင်္ဂလာဆောင်ခြင်းဓလေ့ထုံးစံလည်း ပါဝင်ပါတယ်။

 

 

စေ့စပ်ကြောင်းလမ်းခြင်း

 

သတို့သားဘက်က သတို့သမီးအိမ်သို့ လူကြီးငါးဦးဖြင့် လာရောက်စေ့စပ်လျှင် သတို့သမီးဘက်က အရေအတွက်တူစေရန် လူကြီးငါးဦးဖြင့် ဧည့်ခံရသည်။ သတို့သားဘက်က တောင်းရမ်းယူမည့် ရွှေနှင့်ငွေကြေးပမာဏအားလုံးကို ယူသွားရသည်။ တစ်ခါတစ်ရံ မည်ရွေ့မည်မျှ တင်တောင်းမည်ဆိုသည်ကို နှစ်ဖက်မိဘများက ကြိုတင်ညှိနှိုင်းဇာတ်တိုက်ထားကြသဖြင့် အဆင်ပြေမှုများရှိသော်လည်း အစိမ်းသက်သက် သွားရောက်တင်တောင်းလျှင်မူကား များသောအားဖြင့် တင်တောင်းသည့်ပမာဏနှင့်ပတ်သက်ပြီး ညှိနှိုင်းရာတွင် ပြေလည်မှုရရှိရန်ခဲယဉ်းလေ့ရှိသည်။တစ်ခါတစ်ရံ သတို့သားဘက်က တင်တောင်းသည့်ပမာဏကို သတို့သမီး၏မိဘက လက်ခံသော်လည်း အခြားသော ဦးလေး၊ အဒေါ်၊ ဆွေမျိုးတော်စပ်သူများက ပမာဏနည်းပါးသည်ဟုကန့်ကွက်ကြသဖြင့် ကန်တော့ပွဲကို လမ်းမပေါ်သို့ ပစ်ချပြီးစေ့စပ်ပွဲပျက်ရသည်မျိုးလည်းရှိသည်။

 

များသောအားဖြင့် သတို့သားဘက်ကနေ၍ လယ်ယာ၊ မြေ၊ ရွှေ၊ ဆိုင်ကယ်၊ ကား၊ အိမ်၊ ခြံ၊ ငွေတို့ဖြင့် တင်တောင်းလေ့ရှိကြပြီး ခန့်မှန်းထားသောပမာဏထက် ထင်မှတ်မထားလောက်အောင် တိုးပေးမှသာ သမီးရှင်များနှင့် ပြေလည်မှုရကြသည်။ ထိုမှတစ်ဖန် မင်္ဂလာပွဲပြုလုပ်မည့်ရက်ကို ရွေးကြပြီး ကျွေးမွေးမည့်အစီအစဉ်နှင့်တကွ မင်္ဂလာပွဲနှင့်သက်ဆိုင်သည့် ကိစ္စရပ်များကို စေ့စပ်ပွဲတွင်ပင်ဆွေးနွေးကြသည်။ထိုအရာများကို ဆွေးနွေးပြီးလျှင် မင်္ဂလာရက်မကျင်းပမီ နှစ်ပတ်ခန့်အလိုတွင် မိမိတို့၏မင်္ဂလာဆောင်အခမ်းအနားကို ရပ်ရွာအတွင်းရှိ နေအိမ်များသို့ လိုက်လံဖိတ်ကာ အသိပေးမည့်မိန်းမပျိုများကို သတို့သားနှင့် သတို့သမီးတို့က လက်ကိုင်ပဝါ၊ ကွမ်း၊ လက်ဖက်များပေးကာ အကူအညီတောင်းရသည်။ ထို့ပြင် ထိုမိန်းမပျိုများဝတ်ဆင်ကြမည့်အဝတ်အထည်များ၊ လက်ကိုင်အိတ်များ၊ ထီးများ၊ ဖိနပ်များ၊ ပဝါများကိုမင်္ဂလာဆောင်မည့်စုံတွဲက ဆင်မြန်းပေးရသည်။

 

ဖိတ်စာဝေရမည့် အပျိုစင်များသည် မိစုံဖစုံရှိရမည်ဖြစ်ပြီး ထိုမှသာ မင်္ဂလာကိစ္စအတွက် သန့်သည်ဟု မွန်တို့ကအယူရှိသည်။ဖိတ်ကြားရာတွင်လည်း ဖိတ်သူကအိမ်ပေါ်သို့တက်ပြီး အိမ်ရှင်ရှေ့တွင် ကျကျနနထိုင်ကာ မည်သူ၏သားနှင့် မည်သူ၏သမီးတို့က မည်သည့်ရက်တွင် မင်္ဂလာဆောင်ပါမည်ဟူသည့်အကြောင်းကို ပြောပြရသည်။ ထိုကဲ့သို့ ဖိတ်မန္တကပြုသည့် မိန်းမပျိုများကိုလည်း အိမ်ရှင်များက သားရှင်ဖြစ်လျှင် မိမိ၏ချွေးမရွေးရန်အတွက် သေချာလေ့လာကာ စုံစမ်းအကဲခတ်ကြသည်။

 

ထို့ပြင် မင်္ဂလာခန်းဝင်ပစ္စည်းများနှင့် အခြားဆက်စပ်ပစ္စည်းများကို မုဆိုးမများက မထိရ၊ မတို့ရပေ။ မွန်လူမျိုးများက တန်ဆောင်မုန်းလနှင့်တပေါင်းလတွင် မင်္ဂလာဆောင်ခြင်းအမှုကို ပြုတတ်ကြပြီး ဝါတွင်းကာလနှင့်တန်ခူးလကိုမူ မင်္ဂလာမဆောင်သင့်သော လများဟုဆိုကာ ထိုလတွင်ငှက်ပင်အသိုက်မပြောင်းကောင်းဟုအဆိုရှိကြသည်။မွန်လူမျိုးများကတန်ဆောင်မုန်းလနှင့်တပေါင်းလတွင် မင်္ဂလာဆောင်ခြင်းအမှုကို ပြုတတ်ကြပြီး ဝါတွင်းကာလနှင့်တန်ခူးလကိုမူ မင်္ဂလာမဆောင်သင့်သောလများဟုသတ်မှတ်ထားသည်။

 

 

လက်ထပ်ထိမ်းမြားခြင်း

 

မင်္ဂလာနေ့မတိုင်မီကပင် သတို့သားဘက်နှင့် သတို့သမီးဘက်က လင်စုံ၊ မယားစုံ ခုနစ်စုံကို တင်ကြို၍ဖိတ်ထားရသည်။ လင်စုံ မယားစုံ ရွေးချယ်ရာတွင်လည်း သားသမီးများများမွေးသူကို ဦးစားပေးသည်။ ရာဇဝတ်ပြစ်ဒဏ် သင့်ဖူးသော သားသမီးရှိသည့်မိဘများကိုမရွေးချယ်ဘဲ အခြားတွင်ရှာဖွေ၍မရမှသာရွေးချယ်သည်။ မင်္ဂလာဆောင်ရက်တွင် သတို့သမီးအိမ်တွင် သတို့သမီးမိခင်၊ သို့မဟုတ် အကြီးအကဲတစ်ဦးသည် အမွှေးနံ့သာရည်၊ မြေစာမြက်၊ သပြေခက်ပါရှိသော ငွေဖလား၊ သို့မဟုတ် ခွက်တစ်ခုခုဖြင့် မင်္ဂလာအချိန်မတိုင်မီကပင် အသင့်စောင့်ဆိုင်းနေရသည်။သတို့သားဘက်က ပရိသတ်များ အိမ်တက်လာလျှင် ယင်းဖလားထဲမှ မင်္ဂလာရေစင်ဖျန်းရန် ဖြစ်သည်။

 

မင်္ဂလာရက်မတိုင်မီ အကြိုနေ့ညနေဘက်တွင် အပျိုစင်သုံးဦးက ရွှေဖရုံသီး၊ အုန်းသီး၊ ကြာဆံ၊ သင်္ဘောသီး စသောအအေးစာများကို သတို့သမီးအိမ်သို့ သွားပို့ထားရသည်။ ပို့ထားသောပစ္စည်းများမှာ အရေအတွက်အားဖြင့် မဂဏန်း ဖြစ်ရသည်။ သွားပို့သောအပျိုသုံးဦးကို ဆေးလိပ်နှစ်လိပ်စီ ကမ်းရသည်။ သတို့သမီးအိမ်တွင် မုန့်လက်ဆောင်းလုပ်ပါက သတို့သားအိမ်သို့ သွားပို့ရသည်။ မင်္ဂလာပွဲကို သတို့သမီးအိမ်၌သာ ကျင်းပကြသဖြင့် မင်္ဂလာသတို့သားနှင့် လူကြီးများ၊ သတို့သားဘက်က ဆွေမျိုးမိတ်သင်္ဂဟများ သတို့သမီးအိမ်သို့လာရသည်။မင်္ဂလာရက်တွင် သတို့သားဘက်က သတို့သမီးအိမ်လာသောအခါ အောက်ပါအစီအစဉ်အတိုင်း လာသည်။

 

လင်စုံမယားစုံ ခုနစ်စုံဖြစ်သော လူကြီးလုပ်သူ ၁၄ ဦးက ကိုယ့်အတွဲနှင့်ကိုယ် ရှေ့ဆုံးကလာရသည်။ မင်္ဂလာအိမ်တက်တောင်းကို သမီးဦးကရွက်ကာလူကြီးများနောက်ကလိုက်ရသည်။ တောင်း၏ပုံသဏ္ဌာန်မှာရွှေဖရုံသီးကဲ့သိုလုံးသည်။ မင်္ဂလာအိမ်တက်တောင်းထဲတွင်အရှည်တစ်တောင်ခန့်ရှိသော အုန်းပင်ပေါက်တစ်ပင်၊ ကွမ်းသီးပင်ပေါက်တစ်ပင်၊ ကွမ်း၊ ကွမ်းသီး၊ ဆေး၊ လက်ဖက်၊ ငရုတ်၊ ကြက်သွန်၊ ဆန်၊ ဆီ၊ ဆား၊ ဓားမစသည့် အိမ်ထောင်တစ်ခု၏ဝမ်းစာများကိုစတိအဖြစ် ထည့်ထားပြီး တောင်းကို ပဝါဖြင့်ပတ်ထားရသည်။

 

မင်္ဂလာတောင်းရွက်သူ သမီးဦးနောက်တွင် သမီးလတ်၊ သမီးထွေးစသည်ဖြင့် အစဉ်အတိုင်း ထမင်းအုပ်ရွက်သူ အပျိုစင်များ လိုက်ပါရသည်။ ထမင်းအုပ် ၂၅ အုပ်နှင့် လာသည်ဟုဆိုလျှင် သမီးလတ်ကစ၍ အပျိုစင် ၂၅ ဦးတို့က အစဉ်အတိုင်း နောက်က ရွက်ခဲ့ရမည်။ ထမင်းအုပ်တွင် စားဖွယ်သောက်ဖွယ်၊ ချိုချဉ်မျိုးစုံနှင့် ကွမ်းဆေး၊ လက်ဖက်တို့ ပါဝင်သည်။ယင်းတို့နောက်မှ ခန်းဝင်ပစ္စည်းများကို ယောက်ျား၊ မိန်းမ စုပေါင်း၍ သယ်ယူလာခဲ့ကြသည်။ သတို့သားလည်း ခန်းဝင်ပစ္စည်းသယ်သူများနှင့် အတူလိုက်ပါလာသည်။ ခန်းဝင်ပစ္စည်းသယ်သူများ၏နောက်က အိုးစည်ဗုံမောင်းအဖွဲ့က အဆိုအကများနှင့် မြိုင်မြိုင်ဆိုင်ဆိုင် လိုက်ပါလာကြသည်။ သတို့သမီးအိမ်မရောက်ခင် လမ်းတွင်ဆီး၍ ရွှေကြိုးတားကြသည်။ တားသူများက ''မင်းတို့သည်မည်သည့်အမျိုးအနွယ်ဖြစ်ပြီး ယခုဘယ်ကိုသွားကြမည်နည်း''ဟုမေးလျှင် သတို့သားဘက်က ''ကျွန်တော်တို့ ဗြဟ္မာမျိုးနွယ်တွေပါ။ ဟိုအိမ်မှာအကူအညီမရှိတဲ့အတွက် အကူအညီပေးရန်လာကြောင်း'' အချက်ကျကျ ဖြေကြရသည်။ တစ်ဖန် တားသူများက ''အသူသည် သမ္မတမင်းဖြစ်၍ သမီးပျိုရက သူ့ကိုသာ အပ်ရမည်ဖြစ်၍ သင်တို့နှင့်မဆိုင်ကြောင်း'' ပြောလာသည့်အခါ သတို့သားဘက်က ချိုသာစွာဖြင့် ''ဒီတစ်ခါ ခွင့်လွှတ်ရန် နောင် သမီးကညာရလျှင် သင့်အတွက် ပေးပါမည်'' ဟုဆိုရသည်။

 

ထိုအခါ တားသူက ''ဒီလိုဆိုရင် သက်သေအထောက်အထားဘာပေးမလဲ'' ဟုမေးလျှင် တားသူများက လိုရာကို ပြောကြသည်။ အများအားဖြင့် ငွေနှင့်စားစရာကို တောင်းကြသည်။ ငွေ၊ မုန့်တို့ကို ပေးပြီးလျှင် လမ်းဖယ်ပေးကြသည်။ သတို့သမီးအိမ်ရောက်လျှင်လှေကားအတက်၌ သတို့သမီးဘက်ကလူကြီးများကဆီးကြို၍မေးမြန်းကာ အချေအတင်စကားပြောကြသည်။''အချိန်အခါမဟုတ် လူစုလူဝေးနှင့် ညံညံစီစီပစ္စည်းကိရိယာစုံလင်စွာနှင့် မည်သည့်ကိစ္စနှင့်လာကြကြောင်း'' ကိုမေးလျှင်သတို့သားဘက်ကလူများက ''ယခုကဲ့သို့လာခြင်းမှာ တခြားကြောင့်မဟုတ်ဘဲသင်တို့နေအိမ်အရပ်မှာ အိမ်ရှင်တွေကို လုပ်ကျွေးပြုစုမည့်သူမရှိကြောင်း ကြားသိရတဲ့အတွက်တို့မိဘမောင်နှမတွေကဒီအိမ်ကိုလုပ်ကျွေးဖို့ စေလွှတ်လိုက်ခြင်းဖြစ်၍ လက်ခံ မခံသိလိုကြောင်း'' ပြောရသည်။

 

ထိုအခါ သတို့သမီးဘက်က ''ယခုအလုပ်အကျွေးလာလုပ်သူမှာ လူဆိုးလူကောင်း မသိရကြောင်း၊ ကြွေးမြီကင်းမဲ့လူ ဟုတ်မဟုတ်၊ ရာဇဝတ်မှု ကင်းမကင်းနှင့် အခြားပြုစုရမည့်သူအပိုရှိမရှိ သိလိုကြောင်း'' မေးကြသည်။ထိုအခါ သတို့သားဘက်က ''ယခုလာသူမှာ အကျင့်စာရိတ္တကောင်းမည့် လူရိုး၊ လူဖြောင့်ဖြစ်ကြောင်း၊ ရာဇဝတ်မှုအပြစ်ဒဏ်ကင်းကြောင်း၊ ရိုးသားဖြောင့်မတ်၍ ရိုးမြေကျ လုပ်ကျွေးမည့်လူဖြစ်၍ လက်ခံရန်'' အနူးအညွတ် တောင်းပန်ပြောဆိုသည့်အခါ သတို့သမီးဘက်က လူကြီးများကအားလုံးကို အိမ်ပေါ်သို့ဖိတ်ခေါ်လိုက်သည်။သတို့သမီးအိမ်သို့ တက်သောအခါ လှေကားထိပ်၌ မင်္ဂလာအေးရေစင် ကိုင်ဆောင်သူသတို့သမီး၏မိခင်က အစဉ်အတိုင်းတက်လာကြသော သတို့သားဘက်က ပရိသတ်များကို သပြေခက်ဖြင့် ဖျန်းပက်ကြသည်။

 

အိမ်ပေါ်တွင် သတို့သမီးဘက်က လူကြီးခုနစ်စုံနှင့် သတို့သားဘက်က လူကြီးခုနစ်စုံတို့သည် မျက်နှာချင်းဆိုင် စီတန်းထိုင်ကြသည်။ သတို့သားအိမ်က သမီးဦး ရွက်လာခဲ့သော မင်္ဂလာအိမ်တက်တောင်းကို သတို့သမီးအိမ်က သမီးဦးကပင် ကမ်းယူ၍ နေရာတကျထားရသည်။ မင်္ဂလာအိမ်တက်တောင်းနှင့် ထမင်းအုပ်ကို အလယ်တွင် နေရာချထားကြသည်။ အိမ်အကျဉ်းအကျယ်ကို လိုက်၍ အခမ်းအနားပြင်ကြသည်။မင်္ဂလာအိမ်တက်တောင်းကို ပဝါဖြင့်အုပ်၍ ထမင်းအုပ်များကို ပုဆိုးရှည်ဖြင့် အားလုံး ဖုံးအုပ်ထားရသည်။ အားလုံး နေရာတကျဖြစ်သောအခါ သတို့သမီးဘက်မှ ခေါင်းဆောင်တစ်ဦးက မင်္ဂလာကိစ္စကိုမေး၍ သတို့သားဘက်မှ ခေါင်းဆောင်တစ်ဦးက ပြန်ဖြေရသည်။ မေးကြ ဖြေကြရာတွင် သာမန်စကားဖြင့် ရိုးရိုးမဟုတ်ဘဲ မွန်ဘာသာဖြင့် ဖွဲ့ဆိုထားသောလင်္ကာကို အသံနေအသံထားဖြင့် ရွတ်ဆိုမေးမြန်းကြသည်။

 

ထို့နောက် ရပ်ရွာက ဖိတ်ကြားထားသော မင်္ဂလာအခါတော်ပေးဆရာ၏ ညွှန်ကြားမှုဖြင့် အိမ်သို့ကြွရောက်လာကြသည့် ဘုန်းကြီးများကိုဆွမ်းကပ်ခြင်း၊ မိဘဆွေမျိုးများကို ကန်တော့ခြင်း ပြုလုပ်ကြပြီး အိမ်အတွင်း သတ်မှတ်ထားသည့်နေရာတွင် သတို့သားနှင့် သတို့သမီးတို့က ထိုင်ကြရသည်။ ထို့နောက် သတို့သားနှင့် သတို့သမီးတို့က မင်္ဂလာပွဲလာသည့် ဧည့်ပရိသတ်များကို စားသောက်ဖွယ်ရာနှင့်အတူတကွ ဇွန်း၊ ပန်းကန်၊ ယပ်တောင် သို့မဟုတ် အခြားသော အိမ်သုံးပစ္စည်းများကို အမှတ်တရလက်ဆောင်အဖြစ် ပြန်လည်ပေးအပ်ကြရသည်။ ထိုသို့ပေးအပ်ရာတွင် သတို့သားနှင့် သတို့သမီးက သတ်မှတ်နေရာမှလုံးဝမထကြရဘဲ အခြားဆွေမျိုးများကသာ မင်္ဂလာပွဲလာရောက်သည့် ပရိသတ်များကို ဧည့်ခံကြရခြင်းဖြစ်သည်။

 

များသောအားဖြင့် မင်္ဂလာဆောင်ခြင်းကို ကျေးရွာအတွင်းရှိ နေအိမ်များတွင် ပြုလုပ်သည့်အတွက် မင်္ဂလာဆောင်မည့်နေ့တွင် ကျေးရွာအတွင်းက လူတစ်ဦးသေဆုံးလျှင် မင်္ဂလာရက်ကို ထပ်မံရွှေ့ဆိုင်းရသည်။ ရက်မရွှေ့ဆိုင်းဘဲ မင်္ဂလာပွဲကို ဆက်လက်ကျင်းပလျှင် ထိုမင်္ဂလာမောင်နှံမှာ ရေရှည်မမြဲဘဲ အနှေးနှင့်အမြန် ကွာရှင်းမှုများဖြစ်တတ်ကြောင်း မွန်ရိုးရာအယူ အဆရှိသည်။မင်္ဂလာပွဲပြီးမြောက်ပြီဆိုလျှင် သတို့သမီးအိမ်တွင် ခုနစ်ရက်၊ ထို့နောက် သတို့သားအိမ်တွင် ခုနစ်ရက် လိုက်လံနေထိုင်ကြရပြီး ယင်းနောက်တွင်မှ မင်္ဂလာမောင်နှံသီးသန့်နေရန် ဆောက်ထားသည့်အိမ်ရှိလျှင် ထိုအိမ်သို့ ပြောင်းရွှေ့ကြရသည်။

 

 

မှတ်ချက်။ ။ လက်ထပ်ထိမ်းမြားခြင်း ခေါင်းစဉ်အောက်က စာသားအချို့ကို မွန်ရိုးရာလက်ထပ်ထိမ်းမြားခြင်းနှင့် မင်္ဂလာအခမ်းအနားကျင်းပပုံ ဆောင်းပါးမှ ကိုးကားဖော်ပြထားခြင်း ဖြစ်ပါတယ်။

 

 

Credit;မြန်မာတိုင်းမ်

Read times Last modified on Tuesday, 18 September 2018 15:35
Rate this item
(1 Vote)