လက်ထပ်လက်စွပ် ရွှေကောင်းကောင်းရဖို့ ဘယ်လိုရွေးကြမလဲ

လက်ထပ်လက်စွပ် ရွှေကောင်းကောင်းရဖို့ ဘယ်လိုရွေးကြမလဲ

အရေးကြီးတဲ့ ပစ္စည်းဖြစ်တာမလို့ ရွှေနဲ့လုပ်မယ်ဆိုရင် ရွှေလက်စွပ်ကောင်းကောင်း ဖြစ်လို့ လိုတယ်နော်။ အခုပြောပြထားတဲ့ နည်းလမ်းတွေနဲ့ ရွေးလို့ ရပါတယ်။

စုံတွဲလေးတို့ရေ လက်ထပ်လက်စွပ်ဆိုတာ တကယ့်ကို အရေးပါပြီး တန်ဖိုးမဖြတ်နိုင်တဲ့ ပစ္စည်းပါ။ တစ်သက်တာအတွက် အရေးပါတဲ့ ပစ္စည်းမို့ စုံတွဲလေးတိုင်း သေချာလေး ရွေးချယ်တတ်ဖို့ လိုပါတယ်။ ဒီတော့ လက်စွပ် လုပ်လာပြီးမှ မကြိုက်ဘူးဆိုပြီး နောင်တရတာတွေ မဖြစ်ရလေအောင် ဆိုင်ကောင်းကောင်းလေးတွေ ရွေးချယ်တတ်ဖို့ လိုပါတယ်။ လက်ထပ်လက်စွပ်ကို စိန်မဟုတ်ဘဲ ရွှေလက်စွပ် လုပ်မယ်ဆိုရင်တော့ ဘယ်လိုအချက်လေးတွေနဲ့ ရွေးချယ်ရမလဲဆိုတာ ပြောပြမယ်နော်။

လက်ရာနဲ့ ပန်းထိမ်

ဒီဇိုင်းစုံလားဆိုတာလည်း စုံတွဲလေးတို့ ထည့်သွင်းရွေးချယ်ရမှာပဲ ဖြစ်ပါတယ်။ လက်ထပ်လက်စွပ်မှာလည်း ဒီဇိုင်းပေါင်းများစွာ ရှိတာမို့ ကိုယ်လုပ်ချင်တဲ့ ဒီဇိုင်းကို လက်ရာသေသေသပ်သပ် လုပ်ပေးနိုင်လားဆိုတာ ကြည့်ပါ။ ပန်းထိမ်တွဲလျက် ရှိတဲ့ ဆိုင်တွေဆိုရင်တော့ ပိုပြီးတော့ အဆင်ပြေပါတယ်။ တချို့ဆိုင်တွေက ပန်းထိမ်က သက်သက်အပ်ရတယ်ဆိုရင် တစ်ခုခု ပြင်ချင်တဲ့အခါ ရက်စောင့်ရတာမျိုး ဖြစ်တတ်ပါတယ်။ ဒါကြောင့် ပန်းထိမ် တွဲလျက် ရှိတာကို ရွေးချယ်ပါ။ လက်ရာမှာလည်း သေသေသပ်သပ် လုပ်ပေးနိုင်တာမျိုး စုံစမ်းပါ။

ဒီဇိုင်း

ဒီဇိုင်းကလည်း သေချာ ရွေးချယ်ရမှာပါ။ လက်ထပ်လက်စွပ်မှာဆိုရင် အများစုက လက်ဗွေရာပါတာ၊ အမှတ်တရ ရက်စွဲရေးထိုးတာလေးတွေ လုပ်ကြပါတယ်။ အဲဒါတွေ သေချာ လုပ်ပေးလားဆိုတာ မေးပါ။ လက်ထပ်လက်စွပ် များများလုပ်ဖူးတဲ့ အတွေ့အကြုံရှိတဲ့ ရွှေဆိုင်ကို အပ်ပါ။

အရောင်

ရွှေဆိုရင် အဝါရောင် ရှိတယ်လို့ အများစုက သိထားပေးမယ့် တချို့ရွှေတွေမှာ အရောင်ဖျော့တာ၊ အရောင်တောက်တာလည်း ရှိပါတယ်။ ကိုယ်က ဘယ်လိုအရောင်ကို ကြိုက်လဲဆိုတာ မူတည်ပြီး ရွေးချယ်ရမှာပါ။ နောက်ပြီး အချိန်တိုအတွင်း အရောင်မှိန်တတ်လားဆိုတာလည်း စုံစမ်းပါ။ အဲ့ဒီလိုမျိုး ကိုယ်ကြိုက်တဲ့ အချက်တွေ ပြည့်စုံမှသာ ရွေးချယ်ပါ။

ရွှေရည်ပြည့်လား

ခုနောက်ပိုင်းမှာ ရွှေဆိုင်ထိ မသွားဖြစ်သေးရင်တောင် အင်တာနက်ပေါ်ကနေ ဈေးဆိုင်တွေကို စုံစမ်း ကြည့်ရှူမေးမြန်းလို့ ရနေပါပြီ။ အရင်ဆုံး ရွေးချယ်ရမှာကတော့ ကိုယ်က အမြဲ ဝတ်ထားမယ့် ပစ္စည်းဖြစ်တာကြောင့် ရွှေရည်ပြည့် မပြည့်ကို အရင်ဆုံး စဉ်းစားပါ။ တချို့ဆိုင်တွေဆိုရင် ရွှေရည်မပြည့်တာ(၁၃ပဲရည်) နဲ့ လုပ်တာမျိုးလည်း ရှိပါတယ်နော်။ ဒါကြောင့် လက်စွပ်လုပ်တော့မယ်ဆိုရင် ရွှေရည်ဘယ်နှစ်ပဲလဲဆိုတာ သေချာ မေးမြန်းပါ။ (၁၅) ပဲရည် ရွှေရည်ကတော့ အကောင်းဆုံးပါပဲ။အခေါက်ရွှေနဲ့လုပ်လည်း ရတယ်နော်။

ဝန်ဆောင်မှု

ရွှေဆိုင်တွေ အများကြီးထဲမှာမှ ဖော်ရွှေပြီး ဝန်ဆောင်မှု ရှိတဲ့ဆိုင်နဲ့ ရက်ချိန်းတိကျတဲ့ ဆိုင်ကို ရွေးပါ။ တစ်သက်မှာ တစ်ခါသာ လုပ်ရတဲ့ လက်ထပ်လက်စွပ် ဖြစ်တာမို့ အားလုံး အဆင်ပြေချောမွေ့နေဖို့ လိုပါတယ်။ လက်စွပ်အမျိုးအစားတွေ သေချာ ပြပေးတာ၊ သေချာ ရှင်းပြပေးတာမျိုး လုပ်မယ့် ဆိုင်မျိုးကိုပဲ ရွေးချယ်ပါနော်။

လက်ထပ်လက်စွပ်လေးကလည်း မင်္ဂလာမောင်နှံအတွက် အရေးကြီးတဲ့ ပစ္စည်းဖြစ်တာမလို့ ရွှေနဲ့လုပ်မယ်ဆိုရင် ရွှေလက်စွပ်ကောင်းကောင်း ဖြစ်လို့ လိုတယ်နော်။ အခုပြောပြထားတဲ့ နည်းလမ်းတွေနဲ့ ရွေးလို့ ရပါတယ်။

marry.com.mm

Read times
Rate this item
(0 votes)