ရွှေမှော်ရှိရာ ဥရုမြစ်တစ်လျှောက် ရွာတွေ ရေကြီးနေ

ရွှေမှော်ရှိရာ ဥရုမြစ်တစ်လျှောက် ရွာတွေ ရေကြီးနေ BBC

စစ်ကိုင်းတိုင်း အထက်ပိုင်း ရွှေမှော်တွေရှိရာ ဥရုမြစ်တစ်လျှောက် အောက်တိုဘာ ၂၄ ရက်နေ့ကစပြီး ရေကြီးရေလျှံမှုတွေဖြစ်လာလို့

 

ဟုမ္မလင်းမြို့နယ်ထဲက နောင်ပိုအောင် အပါအဝင် ကျေးရွာအများအပြား ရေမြုပ်နေကြတယ်လို့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီး အမှတ်၂ က လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဌေးလွင်က ပြောကြားခဲ့ပါတယ်။

 

ဥရုမြစ်တစ်လျှောက်ရှိ ရွှေထွက်ရှိရာဒေသတွေ အပါအဝင် ကျေးရွာ အတော်များများရေမြုပ်နေပြီး နန့်တာကျေးရွာမှာတော့ ကလေးငယ်တစ်ဦး ရေနစ်သေဆုံးခဲ့တယ်လို့ သူကပြောပါတယ်။ နောင်ပိုအောင်ကျေးရွာက အမြင့်ပိုင်းရှိ ရွှေကူရပ်ကွက်မှာတော့ အိမ်အောက်ထပ်တွေအထိ ရေမြုပ်နေပြီးတော့ အနိမ့်ပိုင်းဘက်က ရပ်ကွက်တွေမှာတော့ အိမ်တွေမြုပ်တာတချို့ရှိတယ်လို့ နောင်ပိုအောင်ကျေးရွာ ရွှေကူရပ်ကွက် နေထိုင်သူဒေါ်နန်းမေပုလဲက ပြောကြားခဲ့ပါတယ်။

 

No caption

 

ဥရုမြစ်ရေကြီးတာဟာ ပြီးခဲ့တဲ၂၀၀၆ ခုနှစ်နောက်ပိုင်းအခုလိုရေကြီးတာမျိုးမရှိကြောင်းနဲ့ ၁၉၉၆ နှစ်နောက်ပိုင်းနှစ်ကြိမ်သာရေကြီးခဲ့ပြီး အခုတစ်ကြိမ်ရေကြီးမှု ကပိုဆိုးလာတယ်လို့ လည်းနောင်ပိုအောင်ဒေသခံတွေက ပြောပါတယ်။ ဒေသတွင်းမှာတော့ နောင်ပိုအောင်၊ နန့်တာ၊ နန့်တော၊ မိုင်းကိုင် နှင့် စေတီဆိပ် ကျေးရွာတွေကတော့ ရေကြီးရေလျှံမှုကို ဆိုးဆိုးဝါးဝါး ခံစားနေရတယ်လို့ ဒေသခံတွေဆီမှ သိရခဲ့ပြီး နောင်ပိုအောင်ရွာမှာနေထိုင်တဲ့ ဟုမ္မလင်းမြို့နယ် တိုင်းဒေသကြီးအမှတ် ၂ လွှတ်တော်ကိုယ်စားလှယ်ကတော့ ဥရုမြစ်တစ်လျှောက် ကျေးရွာတွေအားလုံးနီးပါးရေမြုပ်နေတာဖြစ်တယ်လို့ သတင်းပေးပို့ခဲ့ပါတယ်။

 

ဥရုမြစ်ဘေးက ရွှေမှော်လုပ်သားတွေ ဈေးဝယ်ရာ နောင်ပိုအောင်ဈေးကြီးလည်း ရေကြီးလာစဉ်အချိန်မီ ရေလွတ်ရာပစ္စည်းတွေ မရွှေ့နိုင်လို့ ဆုံးရှုံးမှုတချို့ရှိခဲ့သလို ဒေသအတွင်းစိုက်ပျိုးထားတဲ့ စပါးခင်းတွေ ရေမြုပ်ကုန်လို့ တောင်သူလယ်သမားတွေမှာလည်း ဆုံးရှုံးမှုတွေရှိတယ်လို့ ဦးကျော်ဌေးလွင် ကပြောပါတယ်။ နောင်ပိုအောင်ရွာမှာ အောက်တိုဘာလ ၂၄ ရက်နေ့ညနေပိုင်းကစပြီး ဥရုမြစ်ရေစတက်လာတာဖြစ်ပြီးတော့ အောက်တိုဘာလ ၂၅ ရက်နေ့မနက်ပိုင်း နှစ်နာရီလောက်မှာ အိမ်အောက်ထပ် ရေမြုပ်သွားကြောင်းလည်း နောင်ပိုအောင်ဒေသခံတွေက ပြောပါတယ်၊

 

ရေဘေးသင့် နောင်ပိုအောင် ကျေးရွာ

 

နေအိမ်တစ်လုံးလုံး ရေမြုပ်ခံရသူတွေကိုတော့ ဘုန်းတော်ကြီးကျောင်းတွေမှာ ပြောင်းရွှေ့နေထိုင်နေကြတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးကျော်ဌေးလွင် ကပြောပါတယ်။ ရေနစ်မြုပ်တဲ့ဒေသတွေမှာ အခုအခါ လှေတွေ စက်လှေတွေနဲ့သာ သွားလာနေရပြီး ဟုမ္မလင်းမြို့နဲ့ဆက်သွယ်တဲ့ ကားလမ်းလည်း မြစ်ရေကြီးပြီး ရေလွှမ်းကာ တံတားတွေကျိုးနေတဲ့အတွက် အဆက်အသွယ် ပြတ်တောက်နေတယ်လို့လည်းဟုမ္မလင်းဒေသခံတွေကပြောပါတယ်။

 

ဥရုမြစ်ဟာ ကချင်ပြည်နယ်မှာ မြစ်ဖျားခံပြီး ရွှေထွက်ရှိတဲ့မြစ်ဖြစ်ပြီး ဟုမ္မလင်းမြို့အနီးမှာ ချင်းတွင်းမြစ်ထဲကို စီးဝင်တဲ့ မြစ်ဖြစ်ပါတယ်။ ချင်းတွင်းမြစ်ဟာ နှစ်စဉ်ရေကြီးလေ့ရှိပေမဲ့ ဥရုမြစ်ကတော့ ဆယ်နှစ်တစ်ကြိမ်ခန့်သာ ရေကြီးလေ့ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဥရုမြစ်ရေကြီးတာဟာ မြစ်အထက်ပိုင်းမှာ မိုးကြီးပြီး ရေတွေဆင်းလာတဲ့အခါ ဥရုမြစ်စီးဝင်တဲ့ ချင်းတွင်းမြစ်ကလည်းရေတွေတက်နေတာကြောင့် အခုလိုရေလျှံတာဖြစ်တယ်လို့လည်း ဒေသခံတွေကပြောပါတယ်။

 

ရေမြုပ်နေတဲ့ ဥရုမြစ်ဘေးက ရွှေမှော်တွေ

 

အစိုးရဘက်က ရေနစ်မြုပ်ရာဒေသတွေကိုသွားရောက်ပြီး အကူညီပေးရေးတွေ လုပ်နေတယ်လို့ သိရကြောင်းနဲ့ အောက်တိုဘာလ ၂၅ ရက် ညနေပိုင်းမှာတော့ ရေကြီးတာ တန့်သွားကြောင်းလည်း နောင်ပိုအောင်ကျေးရွာဒေသခံတွေဆီကနေ သိရပါတယ်။ မြန်မာနိုင်ငံမိုးလေဝသနဲ့ဇလဗေဒညွန်ကြားမှုဦးစီးဌာနကတော့ တောင်တရုတ်ပင်လယ်ထဲက အပူပိုင်းမုန်းတိုင်းဟာ ဗီယက်နမ်နိုင်ငံ ဒါနန်းမြို့ကို ဖြတ်ကျော်ဝင်ရောက်မှာဖြစ်ပြီးတော့ စစ်ကိုင်းတိုင်းဒေသကြီးအထက်ပိုင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်(တောင်ပိုင်း) နဲ့ ရခိုင်ပြည်နယ်တို့မှာ နေရာကျဲကျဲနဲ့ ကျန်တိုင်းဒေသကြီး နဲ့ ပြည်နယ်တို့မှာ အောက်တိုဘာလ ၂၆ ရက်နေ့ နေရာကွက်ကျား မိုးထစ်ချုန်း ရွာမယ်လို့ ခန့်မှန်းထားပါတယ်။

 

 

Credit: BBC

 

 

 

Read times Last modified on Tuesday, 27 October 2020 11:24
Rate this item
(0 votes)