ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့်ကျောက်မျက်ရတနာရောင်းဝယ်ရေး စင်တာ တည်ဆောက်မှု (၈၀) ရာနှုန်း ပြီးစီး

ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့်ကျောက်မျက်ရတနာရောင်းဝယ်ရေး စင်တာ တည်ဆောက်မှု (၈၀) ရာနှုန်း ပြီးစီး MRTV

မြန်မာနိုင်ငံ၏ အရည်အသွေးမြင့် ကျောက်စိမ်းများထွက်ရှိရာ ဖားကန့်မြို့၌ ပထမဆုံး အဆင့်မြင့် ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစင်တာကို တည်ဆောက်လျက်ရှိရာ (၈၀) ရာခိုင်နှုန်း ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။


အဆိပါ ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်လှစ်ချိန်တွင် ဒေသတွင်း ကျောက်မျက်အချောထည်လုပ်ငန်းအား ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ကျောက်မျက် ရတနာလုပ်ငန်းရှင်များအသင်း (ဖားကန့်)မှ ဥက္ကဋ္ဌ ဦးဇော်လင်းမြင့် (ခ) ဦးဝမ်းက ပြောသည်။

 

"ကျွန်တော်တို့ ကျောက်မျက်အသင်းကနေ မန္တလေး၊ နေပြည်တော်နဲ့ တရုတ်နိုင်ငံ ရွှေလီတို့ ကို ကျောက်မျက်အချောထည်လုပ်ငန်းလုပ်နိုင်ဖို့ ဒေသတွင်းက လူငယ်တွေကို ပညာသင်စေလွှတ်ထားတာရှိပါတယ်၊ ဒီက ကျောက်မျက်ရောင်းဝယ်ရေးစင်တာ ဖွင့်ချိန်မှာလည်း အချောထည်လုပ်ငန်း လုပ်ကိုင်တတ်သူတွေကို အလုပ်အကိုင်ဖန်တီးပေးဖို့ ရှိပါတယ်၊ ဖားကန့်က ထွက်တဲ့ ကျောက်ကို ဖားကန့်မှာပဲ အချောထည်တစ်ခါတည်းလုပ်၊ တစ်ခါတည်း ဈေးကွက်ဖော်ဆောင်ပေး၊ အဲ့လိုစီစဉ်ထားပါတယ်"ဟု ဦးဝမ်းက ပြောသည်။

 

ကျောက်မျက်ရောင်းဝယ်ရေးစင်တာကို ဖားကန့်မြို့နှင့် ဆိပ်မူကျေးရွာသွား ကားလမ်းမကြီးဘေး ယူမာကျေးရွာရှိ ကျောက်မျက်အသင်းရုံး ဘေးကပ် လျက်တွင် ခွင့်ပြုရရှိသော မြေ(၄)ဧက ပေါ်၌ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း (ဖားကန့်)မှ တာဝန်ယူ အကောင်အထည်ဖော် တည်ဆောက်လျက် ရှိသည်။

 

ကျောက်မျက်ရောင်းဝယ်ရေးစင်တာ၌ လက်ရှိ လူနေထိုင်နိုင်သည့် (၁၅)ပေ၊ (၃၀) ပေကျယ်ဝန်းသော (၄)ခန်းတွဲ (၃)ထပ် အဆောက်အဦ(၅)လုံး တည်ဆောက်ပြီးစီးနေပြီး အခန်းပေါင်း(၂၀)ကို တစ်ခန်းလျှင် ငွေကျပ်(၇၅၀) သိန်းဖြင့် ရောင်းချထားကြောင်း သိရသည်။

 

ယင်းစင်တာ၌ (၃) ပေပတ်လည်ခန့် ခုံချ၍ ကျောက်အရောင်းအဝယ်ပြုလုပ် နိုင်သည့် ရုံ (၃)ရုံ ပါဝင်ပြီး တစ်ရုံလျှင် (၂၁၆)ခန်း၊ စုစုပေါင်း (၃)ရုံ အတွက် (၆၄၈) ခန်း ပါဝင်မည်ဖြစ်ပြီး၊ ငှားရမ်းနိုင်သည့် (၃)ခန်းတွဲ(၃)ထပ် အဆောက် အဦ(၂)လုံး၊ စားသောက်ရုံ (၂)ခန်းတွဲ (၂)လုံးနှင့် စားသောက်ဆိုင် (၃)ခန်းတွဲ (၂)လုံးတို့ ပါဝင်ကြောင်း သိရသည်။

 


Ref; MRTV

Read times
Rate this item
(0 votes)