ပုလဲအကြောင်းသိကောင်းစရာ

ပုလဲအကြောင်းသိကောင်းစရာ Google

ပုလဲသည် ပင်လယ်အတွင်း နေထိုင်သော ကမာ(သို့)မုတ်ကောင်၏ ကိုယ်တွင်းမှ ရရှိသော အရာဖြစ်ပါတယ်။တွင်းထွက် ကျောက်မျက် မဟုတ်ပါ။

ပုလဲကို မြန်မာလူမျိုးတို့က နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာတစ်ပါးအဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြပါတယ်။ နဝရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုးအာနိသင် ရှိကြသည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေမင်္ဂလာ ရှိခြင်းပင်ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လိုဖွယ်ရာ တွေ့မြင်ရမှာပါ။

 

ပုလဲတွင် သဘာဝပုလဲနှင့် မွေးပုလဲဟူ၍ နှစ်မျိုးရှိပါတယ်။ မြိတ်ကျွန်းစုတွင် နေထိုင်ကြသော ဆလုံတိုင်းရင်းသားများသည် ပုလဲငုပ်၍ အသက်မွေးကြပါတယ်။

 

ပုလဲအမျိုးအစားများ

 

ပုလဲသည် ခရုကမာကောင် (Mollusks) မျိုးနွယ်များမှ ထွက်ရှိတာပါ။ အခွံနှစ်ခုပါသော ခရုကမာကောင် အမျိုးပေါင်း ၈၀၀၀ ခန့်ရှိသည့်အနက် အမျိုး (၂၀)ခန့်သာ ပုလဲထွက်ရှိပါတယ်။ ရေချိုတွင် ရှင်သန်ပြီး ပုလဲ ထုတ်လုပ်နိုင်သည့် ခရုကမာမျိုးကို ဂုံးကောင် (Mussel) ဟု ခေါ်ပါတယ်။ ရေငန်တွင် ရှင်သန်ပေါက်ဖွားပြီး ပုလဲ ထုတ်လုပ်နိုင်သည့် ခရုကမာကောင်မျိုးကိုမူ မုတ်ကောင် (Oyster) ဟု ခေါ်ပါတယ်။

 

ရေငန်ပုလဲ (၃)မျိုးရှိသည့် အနက် ဂျပန်ပုလဲဟု ခေါ်သည့် အကိုယာပုလဲ Akoya Pearl များကို Pinctada Fucata မုတ်ကောင်မှ မွေးမြူထုတ်လုပ်ပြီး ဂျပန်တွင် အများဆုံး ထုတ်လုပ်ကာ ပုလဲနက်ဟု လူသိများသော Tahitian Pearl များကို Pinctada Margaritafera မုတ်ကောင်မှ ထုတ်လုပ်ပြီး တဟေတီ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါတယ်။ ရေငန်ပုလဲ အမျိုးအစားများ ဖြစ်သည့် တောင်ပင်လယ်ပုလဲ South Sea Pearl များကို Pinctada Maxima မုတ်ကောင်များမှ မွေးမြူထုတ်လုပ်ပြီး သြစတေးလျ နိုင်ငံတွင် အများဆုံး ထုတ်လုပ်ပါတယ်။ ယင်းမုတ်ကောင် မျိုးသည် တောင်ပင်လယ်ဟု ခေါ်သည့် အရှေ့တောင် အာရှ၏ တောင်ဘက် ကမ်းခြေနှင့် သြစတြေးလျ တိုက်၏ မြောက်ဘက် ကမ်းခြေ အကြား ရေပြင်တွင်သာ ရှင်သန် ပေါက်ဖွားကြပါတယ်။ ထို့ကြောင့် တောင်ပင်လယ် ပုလဲကို သြစတေးလျနိုင်ငံ၊ အင်ဒိုနီးရှားနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံနှင့် မြန်မာနိုင်ငံ တို့တွင်သာ မွေးမြူထုတ်လုပ် ထွက်ရှိပါတယ်။

 

 

ပုလဲဖြစ်ပေါ်ပုံ

 

ပုလဲသည့် မုတ်ကောင်၏ ခန္ဓာကိုယ်အတွင်းတွင် ဖြစ်ပေါ်ပြီး ပုလဲသားအလွှာ layers of Nacre များဖြင့် ဖွဲ့စည်းထားပါတယ်။ ပုလဲသားမှာ ကယ်လ်စီယမ် ကာဘွန်နိတ် ၉၃% နှင့် ကျန် ၇% မှာ သြော်ဂဲနစ် ဒြပ်ပေါင်းနှင့် ရေများ ပါဝင်ဖွဲ့စည်းထားခြင်း ဖြစ်ပါတယ်။ ပုလဲသား တစ်လွှာလျှင် ဝ.၀၀၀၀၅ မီလီမီတာ အထူ ရှိပါတယ်။ မွေးပုလဲတစ်လုံးတွင် ပုလဲသား အလွှာပေါင်း (၁၀၀၀) ထက်မနည်း ရှိပါတယ်။ မုတ်ကောင်များသည် တစ်ရက်လျှင် ပုလဲသား အလွှာ (၃)လွှာမှ (၇)လွှာအထိ ဖုံးအုပ်လေ့ရှိပါတယ်။

 

 

မွေးပုလဲ

 

မွေးပုလဲဆိုသည်မှာ သဘာဝပုလဲ ဖြစ်ပေါ်မှု ဖြစ်စဉ်ကို လူတို့က ပြုပြင် ဖန်တီးထားခြင်း ဖြစ်ပါတယ်။ ပုလဲသား၏ သိပ်သည်းခြင်းနှင့် တူညီသော ဝတ်ဆံလုံး ( Nucleus ) ကို ဆက်သားစ ( Mantle ) နှင့် အတူ မုတ်ကောင်၏ ခန္ဓာကိုယ် အတွင်းသို့ ထည့်သွင်းပေးခြင်း ဖြစ်ပါတယ်။ ထိုသို့ ထည့်သွင်းရာတွင် ဝတ်ဆုံလုံး အလွယ်တကူ ပြန်ထွက် မသွားစေရန်နှင့် လုံးဝန်းကြီးမှားသော ပုလဲ ရရှိစေရန် အတွက် မုတ်ကောင်၏ ခန္ဓာ ကိုယ်အား ခွဲစိတ်၍ သတ်မှတ်နေရာသို့ ရောက်ရှိအောင် ကျွမ်းကျင်သူများမှ ဝတ်ဆံ သွင်းယူရခြင်း ဖြစ်ပါတယ်။ မွေးပုလဲ တစ်လုံးတွင် ပုလဲသား၏ အထူမှာ (ဝ.၄) မီလီမီတာမှ (၄.ဝ) မီလီမီတာ အထိ ရှိနိုင်ပါတယ်။ ပုလဲ၏ သိပ်သည်းခြင်း Density မှာ (၂.၆ မှ ၃.၀ ) အတွင်း ရှိပြီး မာကြောမှု Hardness မှာ Mohs Scale အရ (၃.၅) ရှိပါတယ်။

 

ပထမဆုံးသော မွေးပုလဲကို ဂျပန်လူမျိုး မီကီမိုတို ဆိုသူက ၁၈၉၈ ခုနှစ်တွင် စတင် ဖော်ယူနိုင်ခဲ့ပြီး ဂျပန်ဘုရင် အား ဆက်သနိုင်ခဲ့တာပါ။ မြန်မာနိုင်ငံ မြိတ်ကျွန်းစုတွင် မွေးပုလဲ ထုတ်လုပ်မှု လုပ်ငန်းကို ဂျပန်ကုမ္ပဏီ တစ်ခု ဖြစ်သော South Sea Pearl Company နှင့် မြန်မာနိုင်ငံမှ ကော့သောင်း ကုန်သွယ်မှု အသင်းတို့ ပူးပေါင်းကာ ၁၉၅၄ ခုနှစ်တွင် မြန်မာနိုင်ငံမှ ပထမဆုံး မွေးပုလဲများ ထွက်ရှိခဲ့ပါတယ်။

 

 

ပုလဲထိန်းသိမ်းရန်

 

နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာများ၌ စိန်၏ မာကြောမှုမှာ(၁၀) ဖြစ်၍ အမြင့်ဆုံးဖြစ်ပြီး ပုလဲ၏ မာကြောမှုမှာ အနိမ့်ဆုံး ဖြစ်ခြင်းတို့ကြောင့် စနစ်တကျ ထိန်းသိမ်းသုံးစွဲရန် လိုအပ်ပါတယ်။ ပုလဲအား အခြားသော လက်ဝတ်ရတနာများနှင့်အတူ သိမ်းဆည်းခြင်းမှ ရှောင်ကြဉ်သင့်ပါတယ်။ ရေနွေးဖြင့် ဆေးကြောခြင် မပြုလုပ်ရပါ။ နူးညံ့ပြီး စိုစွတ်သော အဝတ်ဖြင့် အသာအယာ ပွတ်၍ သန့်ရှင်းရေးကို ပုံမှန် ပြုလုပ်ပေးရပါတယ်။

 

မြန်မာ့ရေပြင်မှ ပုလဲများကို ၁၉၅၇ ခုနှစ်တွင် စတင်ဖော်ယူ နိုင်ခဲ့ပါတယ်။ ၁၉၅၉ ခုနှစ် ဖေဖော်ဝါရီလတွင် (၇) ကြိမ်မြောက်အထိ ပုလဲ ဖော်ယူခဲ့ပြီး ထိုအကြိမ် အပါအဝင် စုစုပေါင်း ပုလဲ ရောင်းရငွေမှာ ဂျပန်ယန်း သန်း (၁၉၀)ရရှိခဲ့ပါတယ်။ ထိုငွေ၏ တစ်ဝက်ကို မြန်မာတို့ ဘက်မှ ရရှိခဲ့ပါတယ်။

 

ဂျပန်တို့သည် မြန်မာ့ရေပြင်မှ ပုလဲများကို (၃၅)ကြိမ် အထိ ဖော်ယူခဲ့ပါတယ်။ ယင်း (၃၅)ကြိမ်မြောက် ပုလဲဖော်ခြင်းကို ၁၉၆၃ နိုဝင်ဘာလတွင် ပြုလုပ်ခဲ့ပြီး ပုလဲ အလုံး ၂၈၅၉ လုံး ၊ အလေးချိန် ၂၂၀၃.၃ မီမို ဖြစ်၍ ပျမ်းမျှခြင်း ပုလဲ တစ်လုံးလျှင် အလေးချိန် (ဝ.၇၇) မီမိုရှိသဖြင့် ပျမ်းမျှ အရွယ်အစား အချင်း (၁၃) မီလီ မီတာခန့် ရှိပါတယ်။ နိုင်ငံတော်မှ တာဝန်ယူပြီးနောက် ဂျပန်တို့ မွေးမြူခဲ့သော ပုလဲများကို ၁၉၆၆ ခုနှစ်၊ ဒီဇင်ဘာလအထိ (၁၁)ကြိမ် ဖော်ယူခဲ့ပြီး ပုလဲလုံးရေ (၆၃၀၉၀) လုံး ၊ အလေးချိန် (၄၈၀၄၃) မိုမီ ရရှိခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပညာရှင်တို့သည် ပူးပေါင်းကြံဆ ကြိုးပမ်းခဲ့ရာ ၁၉၆၆ ခုနှစ်၊ ဇွန်လတွင် မြန်မာ့ပညာရှင်များ အနေဖြင့် မြန်မာ့ပုလဲများကို အောင်မြင်စွာ ဝတ်ဆံသွင်း မွေးမြူနိုင်ခဲ့ပါတယ်။ ယင်းဝတ်ဆံသွင်း ပုလဲများကို ၁၉၆၈ ခုနှစ်၊ ဒီဇင်ဘာလတွင် စမ်းသပ် ပုလဲဖော်ခဲ့ရာ ပုလဲများ အရည်အသေး ပြည့်မီ ကောင်းမွန်သဖြင့် ပထမဆုံး အကြိမ် ပုလဲဖော်ခြင်းကို ၁၉၆၉ ခုနှစ်တွင် ဖော်ယူနိုင်ခဲ့ပါတယ်။

 

 

မြန်မာ့ရေပြင်မှ ထွက်ရှိသည့် ပုလဲများကို ကမ္ဘာပုလဲ ဈေးကွက်တွင် လူကြိုက်များ ထင်ရှားလာသည်နှင့် အမျှ မြန်မာ့ ပုလဲ လုပ်ငန်း အနေဖြင့် တီထွင် ကြံဆမှုများ စမ်းသပ်လုပ်ဆောင်ခဲ့ပါသည်။ ယင်းသို့ တီထွင်စမ်းသပ် လုပ်ကိုင်မှုများအနက် အောင်မြင်ခဲ့သည့် တီထွင်မှုမှာ ပုလဲအိမ်အတွင်းသို့ ဒုတိယအကြိမ် ဝတ်ဆံလုံး ပြန်လည် ထည့်သွင်းမွေးမြူသည့်နည်း ဖြစ်ပါတယ်။ ယင်းနည်းမှာ မြန်မာပညာရှင် ဦးခင်ညွန့်အနေဖြင့် မိမိဖာသာ စဉ်းစားတွေးခေါ် ကြံဆကာ အောင်မြင်မှု ရရှိခဲ့သည့် နည်းဖြစ်ပါတယ်။

 

 

မြန်မာ့ ပုလဲလုပ်ငန်းသည် ၂၀၀၀ ခုနှစ်မှ စတင်၍ သားဖောက် မုတ်ကောင်များ မွေးမြူပြီး ၂၀၀၂ ခုနှစ်မှ စတင်၍ သားဖောက် မုတ်ကောင်များကို ဝတ်ဆံ သွင်းနိုင်ခဲ့ပါတယ်။ ၂၀၀၃ ခုနှစ်တွင် မြန်မာ့ ပုလဲလုပ်ငန်း သည် သားဖောက် မုတ်ကောင် (၈၀၀၀၀)ကျော်ကို ဝတ်ဆံသွင်း မွေးမြူနိုင်ခဲ့ပါတယ်။ ၂၀၀၆-၀၇ ခုနှစ်၊ ဘဏ္ဍာရေးနှစ်တွင် မြန်မာ့ရေပြင်မှ ရရှိခဲ့သော ပုလဲ အလေးချိန်မှာ ၂၄၀၅၉၅.၉၇ မီမို ထွက်ရှိခဲ့ပါတယ်။ ပုလဲ အလုံး ၄၁၀၀၀၀ ခန့် ထွက်ရှိခဲ့ပါတယ်။

 

မြန်မာ့ပုလဲ လုပ်ငန်းသည် ပင်လယ် ရေမျက်နှာပြင် ပေါ်တွင် Surface Long Ling ဖြင့် မွေးမြူသည့် စနစ်ကို ပြောင်းလဲ ကျင့်သုံး မွေးမြူနိုင်ခဲ့သဖြင့် မည်သည့် ပင်လယ်ကြမ်းပြင် (ကျောက်၊ သဲ၊ ရွှံ့နွံ)မဆို ပုလဲ မွေးမြူနိုင်သည့် အဆင့် ရောက်ရှိနေပါပြီ။ ပုလဲမွေးမြူရာတွင်လည်း စက်ယန္တရားများ သုံးနေနိုင်ပြီ ဖြစ်သဖြင့် ပုလဲ အမြောက်အများ မွေးမြူထုတ်လုပ် လာနိုင်နေပါပြီ။

 

မြန်မာ့ပုလဲ လုပ်ငန်း၏ အဓိက ပုလဲမွေးမြူနေသော ကျွန်းစခန်း များမှာ -

 

ဒိုမယ်လ်ကျွန်း - ပုလဲကျွန်း ၊ ဘုတ်ပြင်းမြို့နယ်

 

မလိကျွန်း - ပုလောမြို့နယ်

 

ရွှေကျွန်းကြီး - ကော့သောင်းမြို့နယ်    တို့ ဖြစ်ပါတယ်။

 

ဖော်ပြပါ မြန်မာ့ပုလဲလုပ်ငန်း၏ ပုလဲမွေးမြူသော စခန်းများတွင် မြန်မာ့ ပညာရှင်များက ထုတ်လုပ်မွေးမြူလျက်ရှိသော တောင်ပင်လယ်ပုလဲများသည် ကမ္ဘာ့ပုလဲဈေးကွက်တွင် လူကြိုက်များသော ပုလဲများ ဖြစ်ပါတယ်။ အရည်အသွေး ကောင်းမွန်ရုံ သာမက ရေရှည်ခိုင်မာသည့်အတွက် လူကြိုက်များပြီး တန်ဖိုးအမြင့်မားဆုံး ပုလဲများ ဖြစ်ပါတယ်။

 

မြန်မာ့ပုလဲ လုပ်ငန်းသည် မြန်မာ့တောင်ပင်လယ် ပုလဲများကို နှစ်စဉ် ရန်ကုန်မြို့တွင် ပြပွဲများ ပြုလုပ်၍ နိုင်ငံခြားသား ကုန်သည်များသို့ လည်းကောင်း၊ ပြည်တွင်း အရောင်းပွဲများ ပြုလုပ်၍ နိုင်ငံသား ကုန်သည်များသို့ လည်းကောင်း ရောင်းချပေးလျက် ရှိပါတယ်။

 

Credit: Wikipedia

Read times Last modified on Tuesday, 25 August 2020 16:00
Rate this item
(0 votes)
Tagged under