ကမ္ဘာပေါ်ကအရှားပါးဆုံးကျောက်တွေထဲမှာပါဝင်ပြီး မြန်မာနိုင်ငံမှာသာထွက်ရှိတဲ့ `Painite´ပိန်းနိုက်ကျောက်အကြောင်း

ကမ္ဘာပေါ်ကအရှားပါးဆုံးကျောက်တွေထဲမှာပါဝင်ပြီး မြန်မာနိုင်ငံမှာသာထွက်ရှိတဲ့ `Painite´ပိန်းနိုက်ကျောက်အကြောင်း

ပိန်းနိုက်ကျောက်တွေဟာ လက်ရှိမှာမြန်မာနိုင်ငံမှာသာထွက်ရှိတဲ့ ကျောက်အမျိုးအစားထဲမှာပါဝင်နေတာဖြစ်ပါတယ်။

 

 

ပထမဆုံးအနေနဲ့ထွက်ရှိခဲ့တဲ့ ပိန်းနိုက်ကျောက်တွေကိုတော့ ဗြိတိန်ကျောက်မျက်ပညာရှင်Arthur Charles Davy Pain(အာသာချားလ်စ်ဒေးဗစ်ပိန်း)ကနေပြီးတော့ ၁၉၅၁ခုနှစ်မှာစတင်တွေ့ရှိခဲ့ပြီးနောက် ၁၉၅၇ခုနှစ်မှာတော့ ကျောက်မျက်ရတနာအမျိုးအစားတစ်မျိုးအဖြစ်စတင်ကာမိတ်ဆက်ခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ နှစ်ပေါင်းများစွာကြာသည့်တိုင်အောင် ပိန်းနိုက်ကျောက်ကို အနက်ရောင်နဲ့အနီရောင်ရှိတဲ့ တစ်ခုထဲသာရှိသောကျောက်မျက်အဖြစ်သာသိရှိခဲ့ကြတာဖြစ်ပြီး လန်ဒန်မှာရှိတဲ့ ဗြိတိန်ပြတိုက်မှာထားရှိခြင်းခံခဲ့ရတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ကမ္ဘာ့အရှားပါးဆုံးသောကျောက်မျက်ရတနာအဖြစ် ပိန်းနိုက်ကျောက်ကိုသတ်မှတ်ခြင်းခံခဲ့ရတာပါ။ မကြာသေးတဲ့နှစ်တွေမှာတော့ မြန်မာနိုင်ငံမှာ ပိန်းနိုက်ကျောက်ပေါင်း ၁၀၀၀ကျော်ကိုတွေ့ရှိခဲ့ရာ ကမ္ဘာ့အရှားပါးဆုံးကျောက်စာရင်းရဲ့ နံပါတ်(၅)နေရာကိုသာရောက်ရှိသွားတာဖြစ်ပါတယ်။ ပိန်းနိုက်ကျောက်ဟာ တန်ဖိုးရှိပြီး ရှားပါးလွန်းတာကြောင့် တစ်ကာရက်အလေးချိန်ရှိတဲ့ ပိန်းနိုက်ကျောက်ရဲ့တန်ဖိုးဟာ $60,000(မြန်မာငွေ ၈၁၈သိန်းကျော်)တန်ဖိုးရှိတာပဲဖြစ်ပါတယ်။

 

ယခုအခါပိန်းနိုက်ကျောက်တွေဟာ မြန်မာနိုင်ငံမှာသာထွက်ရှိတာဖြစ်ပါတယ်။ ပိန်းနိုက်ကျောက်ရဲ့ မာကျောမှုဟာ Mohs Scaleအရ8အထိတောင်ရှိတာပဲဖြစ်ပါတယ်။ ပိန်းနိုက်ကျောက်ဟာ အရောင်တောက်ပတဲ့အပြင် ဆွဲဆောင်မှုရှိတဲ့အနီရောင်အရောင်အသွေးလည်း ရှိတာပဲဖြစ်ပါတယ်။ ဒါ့အပြင် ၎င်းကျောက်တွေကို ဖြတ်တောက်ပစ်ဖို့က ကျောက်မျက်ကျွမ်းကျင်သူတွေအတွက်တောင်အလွန်ခက်ခဲတာဖြစ်ပါတယ်။ ကျောက်မျက်အရည်အသွေးရှိတဲ့ အပိုင်းကိုဖြတ်တောက်ရာမှာ အလွန်သေးငယ်သွားလေ့ရှိတာကြောင့်ကျောက်ရဲ့ တောက်ပမှုတွေလျော့သွားစေနိုင်ခြင်းကြောင့်ဖြစ်ပါတယ်။

 

 

ပိန်းနိုက်ကျောက်တွေမှာလည်း အရောင်မျိုးစုံရှိတာကြောင့် ပတ္တမြားတွေအပြင် ဥဒေါင်ကျောက်တွေနဲ့ပါ တစ်ခါတစ်လေထင်မှတ်မှားခြင်းခံရလေ့ရှိတာဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပိန်းနိုက်ကျောက်တွေဟာ အလင်းယိုင်ညွှန်းကိန်းအရတော့ ပတ္တမြားတွေနဲ့ခြားနားနေတာဖြစ်ပါတယ်။ ဒါ့အပြင်ကျောက်ရဲ့ အလင်းဖြန့်ကျက်မှုနဲ့ စုပ်ယူနိုင်စွမ်းကတော့ ဥဒေါင်ကျောက်တွေနဲ့ ခြားနားနေတာပဲဖြစ်ပါတယ်။ 2007ခုနှစ်မှာတော့ လန်ဒန်သမိုင်းပြတိုက်မှာ ယခင်ကထားရှိခဲ့တဲ့ ဖရဲအူကျောက်ကိုမှမိုးကုတ် ပတ္တမြားတွေနဲ့ တွဲဖက်ပြီးတွေ့ခဲ့တဲ့ကျောက်ဟာ တကယ်တော့ ဖရဲအူကျောက်မဟုတ်ပဲ ပိန်းနိုက်ကျောက်သာဖြစ်ကြောင်းအတည်ပြုခြင်းခံခဲ့ရတာပါ။

 

ပိန်းနိုက်ကျောက်တွေဟာ ရှားပါးပြီးတန်ဖိုးရှိလွန်းပေမယ့် ၎င်းတို့ကိုတုပထားတဲ့ကျောက်တွေတော့ ထွက်ရှိခြင်းမရှိသေးပါဘူး။ ဒါ့အပြင် ပိန်းနိုက်ကျောက်တွေကိ ကျောက်မျက်အရည်အသွေးဖြစ်လာအောင် ပြုပြင်ခြင်းမျိုးလည်း မရှိပါဘူး။ မြန်မာနိုင်ငံကတော့ ရှားပါးလွန်းတဲ့ပိန်းနိုက်ကျောက်များထွက်ရှိတဲ့ တစ်ခုတည်းသောနိုင်ငံဖြစ်ပါတယ်။ ပိန်းနိုက်ကျောက်ဟာ မိုးကုတ်အနောက်ဘက် ကျောက်ပြဿဒ်၊ ဝက်လူးမှော်က ထွက်သတဲ့။ မိုးကုတ်အရှေ့ဘက် သူရိန်တောင်မှာလည်းတွေ့ရတယ် ဆိုကြပါတယ်။ဒါ့အပြင် ပန်းနိုက်ဟာ လိမ္မော်၊ ပန်းနု၊ အညို စသဖြင့် အရောင်ကွဲပြီးတွေ့ရတာလည်းဖြစ်ပါတယ်။


Ref: KyaukSein

Read times Last modified on Tuesday, 24 November 2020 18:04
Rate this item
(3 votes)