ဇာတ်ရှိန်မြင့်လာပြီဖြစ်တဲ့ Angelina Jolie နဲ့ Brad Pitt တို့ရဲ့ လေးနှစ်ကြာပဋိပက္ခ

ဇာတ်ရှိန်မြင့်လာပြီဖြစ်တဲ့ Angelina Jolie နဲ့ Brad Pitt တို့ရဲ့ လေးနှစ်ကြာပဋိပက္ခ People.com

ဟောလိဝုဒ်ရဲ့နာမည်ကျော် စုံတွဲတစ်တွဲ ဖြစ်ခဲ့ဖူးတဲ့ Angelina Jolie နဲ့ Brad Pitt တို့ဟာ လေးနှစ်ခန့် ကြာမြင့်လာပြီဖြစ်တဲ့ ကွာရှင်းပြတ်စဲမှု အမှုတွဲမှာ နောက်ထပ် စိန်ခေါ်မှုတွေကို တွေ့ကြုံလာရပြီ ဖြစ်ပါတယ်။

ယခုဖြစ်ပွားနေတဲ့ ကိစ္စကတော့ Jolie နဲ့ Pitt တို့ရဲ့ ကွာရှင်းမှုကို တာဝန်ယူထားရတဲ့ ပုဂ္ဂလိက တရားသူကြီးနဲ့ ပတ်သက်ပြီး အချင်းများနေကြတာ ဖြစ်ပါတယ်။

 

People မဂ္ဂဇင်းက စုံစမ်းရရှိထားတဲ့ တရားရေးဆိုင်ရာ စာရွက်စာတမ်းတွေအရ အသက်(၄၅)နှစ်အရွယ် ရှိပြီဖြစ်တဲ့ မင်းသမီး Angelina Jolie ဟာ သူမရဲ့ခင်ပွန်းဟောင်း Brad Pitt နဲ့ ကွာရှင်းတဲ့အမှုမှာ တာဝန်ယူထားတဲ့ တရားသူကြီး John W. Ouderkirk ကို အမှုကနေ ဖယ်ရှားပေးဖို့ ဩဂုတ်လ(၇)ရက်နေ့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတရားသူကြီးဟာ Jolie တို့မောင်နှံကို ၂၀၁၄ခုနှစ်တုန်းက လက်ထပ်ပေးခဲ့တဲ့ တရားသူကြီးဖြစ်ပြီး ၂၀၁၇ခုနှစ်မှာ ကွာရှင်းမယ်ဆိုတော့လည်း နှစ်ဦးလုံးက သဘောတူညီပြီး ငှားရမ်းခဲ့တဲ့ တရားသူကြီး ဖြစ်ပါတယ်။

 

Angelina Jolie considering move to London suburb with children ...

 

မင်းသမီး Jolie ရဲ့ စွပ်စွဲချက်ကတော့ တရားသူကြီး Ouderkirk ဟာ သူကိုယ်တိုင်နဲ့ Brad Pitt ရဲ့ရှေ့နေတွေကြားက လက်ရှိ ရှိနေဆဲအလုပ်ကိစ္စတွေနဲ့ ပတ်သက်မှုတွေအကြောင်းကို မင်းသမီးဆီ မဖြစ်မနေ အသိပေးဖို့ လိုအပ်ပေမယ့် အချိန်မီ အသိမပေးခဲ့ဘူးလို့ ဆိုထားတာ ဖြစ်ပါတယ်။

 

ဒီအကြောင်းနဲ့ ပတ်သက်ပြီး Brad Pitt ဘက်က ရှေ့နေတွေကတော့ ပြီးခဲ့တဲ့ ကြာသပတေးနေ့မှာ ပြန်လည်ချေပတဲ့ ထုချေလွှာတစ်ခုကို တင်ထားပါသေးတယ်။ Pitt ရဲ့ရှေ့နေတွေကတော့ ဒါဟာ အချိန်ကာလကြာမြင့်စွာ အမှုရင်ဆိုင်လာခဲ့တဲ့ ကလေးတွေရဲ့ အုပ်ထိန်းခွင့်နဲ့ ပတ်သက်ပြီး စီရင်ချက်ချကာနီးမှာ Jolie ဘက်က ပါးနပ်စွာနဲ့ အကွက်ရွှေ့တာသာ ဖြစ်တယ်လို့ ဆိုထားပါတယ်။

 

နှစ်ဘက်စလုံးက အပြိုင်အဆိုင် ထုချေလွှာတွေ တင်ပြီးတဲ့ အချိန်မှာလည်း ပဋိပက္ခက ဆက်လက်ကြီးထွားလာလျက် ရှိနေပါတယ်။ Jolie ရဲ့ရှေ့နေဖြစ်တဲ့ Samantha Bley DeJean ကတော့ သူတို့ဘက်က သဘောထားကို People မဂ္ဂဇင်းကနေတစ်ဆင့် ကြေညာထားပါတယ်။

 

“မစ္စတာ Pitt ဘက်က ရှေ့နေအဖွဲ့ဟာ တရားသူကြီး Ouderkirk ရဲ့ တုံ့ပြန်မှုကို မစောင့်နိုင်ဘဲ ကြားဝင်ဖြေရှင်းနေတာကို စိတ်မကောင်းစွာ တွေ့ရှိရပါတယ်။ ဒါဟာ တရားသူကြီး Ouderkirk ရဲ့အဖြေကို လွှမ်းမိုးချင်လို့ ပြုလုပ်လိုက်တဲ့ အားထုတ်မှုဖြစ်ကြောင်း ဘယ်သူမဆို ကောက်ချက်ချနိုင်ပါလိမ့်မယ်။ အမှုရှေ့ဆက်သွားဖို့ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်လာခဲ့ရင် ဒါဟာ သူတို့အမှုသည်ရဲ့ အကျိုးအတွက် အသိအမှတ်မပြုထားတဲ့ အထူးခံစားခွင့်တွေ ဖန်တီးပေးဖို့ သူတို့ လုပ်လိုက်တဲ့ အားကျိုးမာန်တက် ကြိုးစားမှုကြောင့်ပဲ ဖြစ်ပါလိမ့်မယ် … ” လို့ Jolie ရဲ့ရှေ့နေက ကြေညာချက်မှာ ပြောကြားထားပါတယ်။

 

Pitt နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက People မဂ္ဂဇင်းကို ပြောကြားထားချက်ကတော့ “ဒီတရားသူကြီးက သူတို့နှစ်ယောက်ကို လက်ထပ်ပေးခဲ့တဲ့ တရားသူကြီးပါပဲ။ အဲ့ဒီ့တရားသူကြီးဟာ Jolie ရဲ့ရှေ့နေအဖွဲ့က ကောင်းကောင်းသိတဲ့ လူတစ်ယောက်ဖြစ်ပြီး သူတို့ကပဲ Jolie နဲ့ Pitt တို့ကို ဒီတရားသူကြီးနဲ့ မိတ်ဆက်ပေးလိုက်တာပါ။ သူမရဲ့ရှေ့နေအဖွဲ့ဟာ ဒီတရားသူကြီးနဲ့တွဲပြီး အလုပ်တွေလည်း အတူတူလုပ်ဖူးပါတယ်။ ဒါကြောင့် တစ်ခုတည်းသော အကြောင်းပြချက်ဟာ သူမရဲ့ရှေ့နေအဖွဲ့က သူတို့ရှုံးတော့မယ်ဆိုတာ သိနေလို့ တမင်အကွက်ဆင်ပြီး တရားသူကြီး အစားထိုးဖို့ ကြိုးစားတာပါ… ” လို့ သိရပါတယ်။ အဆိုပါ တရားသူကြီးဟာ ၂၀၁၄ခုနှစ်က ပြုလုပ်ခဲ့တဲ့ Jolie နဲ့ Pitt တို့ရဲ့ လက်ထပ်ပွဲကို တက်ရောက်ခဲ့တဲ့ အယောက်နှစ်ဆယ်တည်းသော ဧည့်သည်ထဲမှာ ပါဝင်ခဲ့ပြီး သူတို့ကို လက်ထပ်ပေးခဲ့တဲ့ တရားသူကြီး ဖြစ်ပါတယ်။

 

ဟောလိဝုဒ်ရဲ့ နာမည်ကျော်စုံတွဲတစ်တွဲ ဖြစ်ခဲ့ပေမယ့် Jolie ဟာ ၂၀၁၆ခုနှစ်မှာ ကွာရှင်းခွင့် လျှောက်ထားခဲ့ပြီး မနှစ်ကစလို့ နှစ်ယောက်လုံးက လူလွတ် ဆင်ဂယ်လ်တွေဖြစ်ကြောင်း ကြေညာခဲ့ကြပါတယ်။ အခုဖြစ်ပွားနေတာကတော့ ကလေးတွေရဲ့ အုပ်ထိန်းခွင့်ရရှိဖို့ အမှုရင်ဆိုင်နေတာ ဖြစ်လို့ ကွာရှင်းပြတ်စဲတဲ့အမှုရဲ့ အပြီးသတ် ဆုံးဖြတ်ချက် မထွက်လာခင် တစ်ဖက်နဲ့တစ်ဖက် အသာစီးရဖို့ ကြိုးစားနေကြတာလည်း ဖြစ်ပါတယ်။

 

Jolie နဲ့ Pitt တို့မှာ စုစုပေါင်း ကလေးခြောက်ယောက် ရှိပါတယ်။ အကြီးဆုံးသား Maddox ကတော့ အသက်(၁၈)နှစ်ရှိပြီဖြစ်ပြီး သူ့အောက်မှာတော့ (၁၆)နှစ်အရွယ် Pax ၊ (၁၅)နှစ်အရွယ် Zahara ၊ (၁၄)နှစ်အရွယ် Shiloh နဲ့ အမွှာလေးနှစ်ယောက်ဖြစ်တဲ့ (၁၂)နှစ်အရွယ် Vivienne နဲ့ Knox တို့ ဖြစ်ပါတယ်။ အကြီးဆုံး သုံးယောက်ဖြစ်တဲ့ Maddox ၊ Pax နဲ့ Zahara တို့ဟာ တရားဝင် မွေးစားထားတဲ့ အမွေစားအမွေခံ သားသမီးတွေဖြစ်ပြီး အငယ်သုံးယောက်ဖြစ်တဲ့ Shiloh ၊ Vivenne နဲ့ Knox တို့ကတော့ Jolie နဲ့ Pitt တို့ရဲ့ သွေးသားရင်း သားသမီးတွေ ဖြစ်ပါတယ်။

 

Source People

 

 

Read times Last modified on Wednesday, 19 August 2020 10:59
Rate this item
(0 votes)
Tagged under