ပထမဆုံးအကြိမ် လိင်တူစုံတွဲတွေကိုပါ လက်ထပ်ခွင့်ပြုလိုက်တဲ့ ထိုင်ဝမ် စစ်မှုထမ်းတွေရဲ့ စုပေါင်းမင်္ဂလာပွဲကြီး

ပထမဆုံးအကြိမ် လိင်တူစုံတွဲတွေကိုပါ လက်ထပ်ခွင့်ပြုလိုက်တဲ့ ထိုင်ဝမ် စစ်မှုထမ်းတွေရဲ့ စုပေါင်းမင်္ဂလာပွဲကြီး The Start Magazine

ထိုင်ဝမ် စစ်မှုထမ်းတွေရဲ့ စုပေါင်းမင်္ဂလာပွဲကြီးမှာ လိင်တူစုံတွဲတွေကို ပထမဆုံးအကြိမ် မင်္ဂလာပွဲ အတူပါဝင် ဆင်နွှဲခွင့် ပြုလိုက်ပါတယ်။

 

ထိုင်ဝမ်စစ်တပ်က စစ်မှုထမ်းတွေ အတူ စုပေါင်းပြီး ဒီလို မင်္ဂလာပွဲကြီးတွေကို နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။ ဒါပေမဲ့ လိင်တူစုံတွဲတွေ အတူပါဝင် လက်ထပ်တာကတော့ ဒါ ပထမဆုံး အကြိမ် ဖြစ်ပါတယ်။ အဲဒီလိင်တူ စုံတွဲတွေထဲက တစ်ဦးက ဒါဟာ "စစ်တပ်အတွင်းမှာ ရှိတဲ့ လိင်တူချင်းစိတ်ဝင်စားသူ LGBT တွေ အရှေ့ထွက်လာပြီး မားမားမတ်မတ် ရပ်ကြဖို့" လှုံ့ဆော်ပေးနိုင်လိမ့်မယ်လို့ သူမျှော်လင့်ကြောင်း ပြောပါတယ်။

 

ထိုင်ဝမ်မှာ လိင်တူချင်း လက်ထပ်တာကို ပြီးခဲ့တဲ့ နှစ်က တရားဝင် ခွင့်ပြုပေးလိုက်ပြီး နောက်ပိုင်းမှာ လိင်တူစုံတွဲပေါင်း လေးသောင်းလောက် လက်ထပ်ခဲ့ကြပြီးပါပြီ။ "ကျွန်မတို့ စစ်တပ်က ပွင့်လင်း မြင်သာမှု ရှိတယ်" လို့ လီယင်ယင် ဆိုသူ အမျိုးသမီးနဲ့ လိင်တူချင်း လက်ထပ်ခဲ့သူ စစ်ဗိုလ် ချန် ယင်ရှန်က AP သတင်းဌာနကို ပြောပါတယ်။

 

"ချစ်မှုရေးရာ ချစ်ကိစ္စမှာ လူတိုင်းကို တန်းတူ ဆက်ဆံရမယ်"လို့ သူက ပြောပါတယ်။ သူဟာ သူ့လိင်မှုရေးရာနဲ့ ပတ်သက်လို့ အမြဲတမ်း ပွင့်ပွင့်လင်းလင်း နေထိုင်ပြောဆိုတတ်သူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဗိုလ်မှူး ဝမ်ယီနဲ့ သူ့ရဲ့ လိင်တူဇနီး မုန်း ယူမီ တို့ စုံတွဲက မင်္ဂလာအခမ်းအနားပွဲ တစ်လျှောက်လုံး LGBT သက်တံအလံတခုကို ကိုင်ပြီး လက်ထပ်ခဲ့ကြပါတယ်။ မစ္စမုန်းရဲ့ မိဘတွေကတော့ ဒီအခမ်းအနားကို မတက်ခဲ့ကြပါဘူး။ ဒါပေမဲ့ မစ္စဝမ်ဘက်ကတော့ သူ့မိဘတွေရော၊ သူ့ဆရာမပါ သူတို့ကို အားပေးထောက်ခံတဲ့အနေနဲ့ မင်္ဂလာပွဲ တက်ရောက်ခဲ့ကြပါတယ်။ "ဒါဟာ စစ်တပ်အတွက် အခက်အခဲတွေကို ဖြတ်ကျော်ခဲ့တဲ့ အရေးပါတဲ့ ခြေလှမ်းကြီးတစ်ရပ် ဖြစ်တယ်လို့ ကျွန်မ ခံစားမိပါတယ်" လို့ မစ္စဝမ်ရဲ့ မိခင်က AP သတင်းဌာနကို ပြောပါတယ်။

 

"အမျိုးသားနဲ့ အမျိုးသမီး လက်ထပ်ကြတဲ့ လိင်ကွဲ စုံတွဲတွေအတွက်တော့ ဒါဟာ စာရွက်တရွက်မှာ လက်မှတ်ထိုးလိုက်တာပဲလို့ ဆိုကောင်း ဆိုနိုင်မှာ ဖြစ်ပေမယ့် လိင်တူစုံတွဲတွေအတွက်တော့ ဒါဟာ သိပ်ကို အရေးပါပါတယ်"။ ဒီနှစ် မင်္ဂလာပွဲအခမ်းအနားမှာ လိင်တူစုံတွဲတွေ ပါဝင်လာတာဟာ "လိင်စိတ်ခံယူမှု ကွဲပြားသူတွေနဲ့ ပတ်သက်လို့ ထိုင်ဝမ်စစ်တပ်ရဲ့ အမြင်ပိုကျယ်မှုနဲ့ တိုးတက်ပြောင်းလဲလာတဲ့ သဘောထား" ကို ထင်ဟပ်ပြလိုက်တာ ဖြစ်တယ်လို့ ထိုင်ဝမ်စစ်တပ်က ပြောပါတယ်။

 

လိင်စိတ်ခံယူမှု ကွဲပြားတာကို ထည့်သွင်းမစဉ်းစားပဲ မင်္ဂလာစုံတွဲတိုင်းကို ဆုမွန်ကောင်း တောင်းပေးခဲ့တယ်လို့လည်း ဆိုပါတယ်။ ပြီးခဲ့တဲ့နှစ်က နှစ်စဉ်ကျင်းပတဲ့ စစ်တပ် စုပေါင်းမင်္ဂလာပွဲမှာ ပါဝင် လက်ထပ်ဖို့ လိင်တူ စုံတွဲ ၃ တွဲ မှတ်ပုံတင်ခဲ့ကြပါတယ်။ ဒါပေမဲ့ "လူမှုအသိုင်းအဝန်းရဲ့ ဖိအားတွေကြောင့်" နောက်ပိုင်းမှာ သူတို့ကို ပါဝင်ခွင့် မပြုခဲ့ဘူးလို့ စစ်တပ်သတင်းရပ်ကွက်တွေကို ကိုးကားပြီး ဒေသတွင်း သတင်းမီဒီယာတွေက ရေးသားဖော်ပြခဲ့ပါတယ်။ ထိုင်ဝမ်မှာ လိင်တူချင်း လက်ထပ်တာကို ပြီးခဲ့တဲ့နှစ်က တရားဝင် ခွင့်ပြုပေးခဲ့ပေမဲ့လည်း လိင်ကွဲစုံတွဲတွေလိုတော့ လိင်တူစုံတွဲတွေမှာ အခွင့်အရေးတွေ တန်းတူ ခံစားခွင့် မရကြသေးပါဘူး။

 

၂၀၁၇ ခုနှစ်မှာ ထိုင်ဝမ်ရဲ့ ဖွဲ့စည်းပုံ အခြေခံ တရားရုံးက လိင်တူစုံတွဲတွေကို တရားဝင် လက်ထပ်ခွင့်ပြုဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒါပေမဲ့ လိင်တူချင်း လက်ထပ်တာကို တရားဝင်ခွင့်ပြုဖို့ ဒီဆုံးဖြတ်ချက်အပေါ် မဲဆန္ဒရှင်အများစုက ကန့်ကွက်ခဲ့ကြပါတယ်။ အဲဒီအတွက် ထိုင်ဝမ်အစိုးရအနေနဲ့ တရားဝင် ပြဌာန်းထားတဲ့ လက်ထပ်ထိမ်းမြားခွင့် ဆိုတဲ့ လက်ရှိ အဓိပ္ပာယ်ဖော်ဆောင်ချက်ကို ပြင်ဆင်ခွင့် မရှိခဲ့ဘဲ အဲဒီအစား လိင်တူချင်း လက်ထပ်ခွင့် အထူးဥပဒေတစ်ရပ်ကို ပြဌာန်းပေးခဲ့ပါတယ်။ ဒါ့ကြောင့် လိင်တူစုံတွဲတွေအနေနဲ့ လိင်တူချင်းလက်ထပ်ဖို့ ခွင့်ပြုတဲ့ နိုင်ငံက နိုင်ငံခြားသားကိုသာ လက်ထပ်ထိမ်းမြားနိုင်ခွင့် အပါအဝင် ကန့်သတ်မှု တချို့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် လိင်တူစုံတွဲတွေအနေနဲ့ သူတို့နှစ်ဦးထဲက တစ်ဦးဦးရဲ့ သားသမီး အရင်းအခြာကိုသာ မွေးစားခွင့် ရှိမှာ ဖြစ်ပါတယ်။

 

ထိုင်ဝမ်ဟာ လိင်တူအခွင့်အရေးနဲ့ ပတ်သက်လို့ အာရှဒေသမှာ ဟိုးကတည်းက ထိပ်က ဦးဆောင်လာခဲ့တာ ဖြစ်ပြီး တိုင်ပေမြို့တော်မှာ LGBT တွေအတွက် စီတန်းလှည့်လည်တဲ့ အခမ်းအနားပွဲကို နှစ်စဉ် ကျင်းပလေ့ ရှိပါတယ်။ အာရှဒေသက တခြားနိုင်ငံတွေမှာလည်း LGBT အုပ်စုတွေအပေါ် ထားရှိတဲ့ သဘောထားတွေကို ထင်ဟပ်ပြတဲ့အနေနဲ့ စည်းမျဉ်းဥပဒေတွေ ပြောင်းလဲ ချမှတ်လာပါတယ်။ အိန္ဒိယနိုင်ငံမှာ လိင်တူချင်း လိင်ဆက်ဆံတာကို ရာဇဝတ်မှုအဖြစ် မသတ်မှတ်တော့ဖို့ ၂၀၁၈ ခုနှစ်မှာ အိန္ဒိယ တရားရုံးချုပ်က ဆုံးဖြတ်ခဲ့ပါတယ်။

 

 

Source: The Start Magazine

Read times Last modified on Sunday, 01 November 2020 13:13
Rate this item
(0 votes)
Tagged under