ရန်ကုန်စတော့ဈေးကွက်တွင်၂၀၂၀ပြည့်နှစ် အောက်တိုဘာလ အထိ နိုင်ငံခြားသားများ ငွေကျပ်သန်း ၂၅၀ ကျော်ရင်းနှီးမြှုပ်နှံထား

ရန်ကုန်စတော့ဈေးကွက်တွင်၂၀၂၀ပြည့်နှစ် အောက်တိုဘာလ အထိ နိုင်ငံခြားသားများ ငွေကျပ်သန်း ၂၅၀ ကျော်ရင်းနှီးမြှုပ်နှံထား Google

ရန်ကုန်စတော့ဈေးကွက်တွင် နိုင်ငံခြားသားများအား စတော့ရှယ်ယာရောင်းဝယ်ခွင့်ပြုထားသည့်အချိန် မှ စ၍ ၂၀၂၀ပြည့်နှစ် အောက်တိုဘာလ အထိ နိုင်ငံခြားသားများ၏ ဈေးကွက်အတွင်း ရင်းနှီးမြှုပ်နှံမှုတန်ဖိုးသည် ကျပ်သန်း၂၅၀ ရှိကြောင်း ရန်ကုန်စတော့အိတ်ချိန်းမှ သိရသည်။

 

ရန်ကုန်စတော့အိတ်ချိန်း အမှုဆောင်အကြီးတန်းမန်နေဂျာ ဦးသက်ထွန်းဦးက “ရန်ကုန်စတော့အိတ်ချိန်း စာရင်းဝင်ကုမ္ပဏီတွေဆီမှာ နိုင်ငံခြားသားတွေ အနေနဲ့ ၂၀၂၀ပြည့်နှစ် မတ်လကစပြီး စတင်ရောင်းဝယ်ဖောက်ကားနိုင်ခဲ့တာပါ’’ ဟု အောက်တိုဘာ ၂၉ ရက်တွင်ပြောကြားသည်။

 

ရန်ကုန်စတော့အိတ်ချိန်း၏ စာရင်းဝင်ကုမ္ပဏီများဖြစ်သော FMI ၊ FPB ၊ TMH နှင့် EFR တို့တွင် ဝယ်ယူထားခြင်း ဖြစ်ကြပြီး ၂၀၂၀ ပြည့်နှစ် မတ် ၂၀ ရက်မှစ၍ နိုင်ငံခြားသားများ၊ နိုင်ငံခြားအဖွဲ့အစည်းများကို ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ ဝယ်ယူခွင့် ပြုခဲ့ကြောင်းသိရသည်။

 

ရန်ကုန်စတော့အိတ်ချိန်း YSX စာရင်းဝင်ကုမ္ပဏီများ၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသည့် နိုင်ငံခြားသားများ အနေဖြင့် သတ်မှတ်ထားသည့် ဘဏ်စာရင်းများဖွင့်လှစ်၍ အရောင်းအဝယ်ပြုလုပ်ရန် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန၊ ငွေချေးသက်သေခံလက်မှတ်လုပ်ငန်းကြီးကြပ်ရေး ကော်မရှင်က ကြေညာချက်အမှတ် (၄/ ၂၀၂၀) ဖြင့် အသိပေးကြေညာခဲ့ကြောင်း ၊ မြန်မာနိုင်ငံ ငွေချေးသက်သေခံလက်မှတ် လုပ်ငန်းကြီးကြပ်ရေးကော်မရှင်သည် အမိန့်ကြော်ငြာစာအမှတ် (၁/ ၂၀၁၉) နှင့် ညွှန်ကြားချက်အမှတ် (၁/ ၂၀၂၀) တို့ကို ထုတ်ပြန်၍ ရန်ကုန်စတော့အိတ်ချိန်းစာရင်းဝင် ကုမ္ပဏီများ၏ အစုရှယ်ယာများ နေ့စဉ်အရောင်းအဝယ်ပြုလုပ်ရာ၌ နိုင်ငံခြားသားများ ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့ကြောင်း သိရသည်။

 

နိုင်ငံခြားသားများအနေဖြင့် အစုရှယ်ယာများ အရောင်းအဝယ်ပြုလုပ်ရာတွင် ယင်းတို့၏ ရင်းနှီးမြှုပ်နှံငွေများ မြန်မာနိုင်ငံအတွင်းသို့ ယူဆောင်လာခြင်း၊ ရင်းနှီးမြှုပ်နှံမှုမှ ပြန်ရငွေများ နိုင်ငံခြားသို့ ပြန်လည်ပေးပို့ခြင်းများဆောင်ရွက်ရာ၌ နိုင်ငံခြားသုံးငွေ စီမံခန့်ခွဲမှုဥပဒေ၊ နိုင်ငံခြားသုံး ငွေစီမံခန့်ခွဲမှုစည်းမျဉ်းနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ချမှတ်ထားသည့်စည်းမျဉ်းစည်းကမ်း၊ ညွှန်ကြားချက်များကို တိကျစွာလိုက်နာ၍ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ကြီးကြပ်မှုကို ခံယူရန် ညွှန်ကြားထားကြောင်း သိရသည်။အောက်တိုဘာလ (၂၉) ရက်နေ့မှ နိုဝင်ဘာလ (၂)ရက်နေ့သည် သီတင်းကျွတ်ရုံးပိတ်ရက်များအဖြစ် ကြေငြာထားရာ ရန်ကုန်စတော့အိပ်ချိန်းဈေးကွက်ကို ပိတ်ထားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Source: Xinhua

Read times Last modified on Friday, 30 October 2020 11:25
Rate this item
(0 votes)
Tagged under