အန္တရာယ် ပြွန်းသည့် ကျောက်စိမ်းတွင်းမှ ရေမဆေးကျောက် ရှာသူများ

အန္တရာယ် ပြွန်းသည့် ကျောက်စိမ်းတွင်းမှ ရေမဆေးကျောက် ရှာသူများ chinadialogue

"မြေပြိုတာ ရှောင်လွှဲလို့ မရဘူး။ အဲဒီ အန္တရာယ်ကို ကျွန်မတို့ အားလုံး သိထားကြပါတယ်" ဟုအသက် ၁၄ နှစ်မှစ၍ ကျောက်စိမ်းတွင်းများတွင် အလုပ်လုပ်ခဲ့သူဖြစ်ပြီး

 

ယခုအခါ အသက် ၃၃ နှစ်အရွယ် ဒေါ်အေးရီက ပြောကြားခဲ့သည်။ "ဘယ်အချိန် ထဖြစ်ဦးမလဲဆိုတာ မသိနိုင်ဘူး။ ဒါပေမဲ့ တစ်ချိန်မဟုတ် တစ်ချိန်မှာ ဖြစ်ကိုဖြစ်လိမ့်မယ်ဆိုတာကိုတော့ ကျွန်မတို့ သိတယ်”

 

၂၀၂၀ ပြည့်နှစ် ဇူလိုင်လ ၂ ရက်တွင် ဖားကန့်မြို့အနီး မြေပြိုကျခဲ့ရာ အနည်းဆုံး ၁၇၅ ဦး သေဆုံးခဲ့သည်မှာ မှတ်ဉာဏ်ထဲ လတ်ဆတ်နေဆဲ ဖြစ်သည်။

 

တရားမဝင် ကျောက်စိမ်းတူးကြသူများသည် ကျစ်စာပုံပေါ်မှာ တူးဆွပြီး ရှာကြသည်။ ကျောက်စိမ်းတွင်းမှ သယ်ထုတ်ပြီး လာပုံထားသော မြေကြီးပုံကြီး ဖြစ်ပြီး နဂိုကတည်းက ပြိုချင်ချင် ဖြစ်ပေရာ မိုးသည်းထန်သည့်အခါ ပြိုကျတော့သည်။ တောင်းစောင်းမှာ ရှိနေသူ အများအပြားတို့ကို အောက်ခြေရှိ နွံကန်ထဲသို့ ခေါ်ဆောင်သွားသည်။

 

ထရပ်ကားကြီးမှ သွန်ချသော မြေများထဲ ကျောက်ရှာဖို့ အသင့်စောင့်နေကြသည်။ အနီးအနားရှိ စက်ယန္တရားကြီးများ သုံးစွဲပြီး အကြီးအကျယ် တူးဖော်သော ကျောက်စိမ်းတွင်းများမှ သယ်ဆောင်လာသည့် ကျစ်စာများ ဖြစ်သည်။

 

 

သွန်ချထားသည်မြေ ငြိမ်သွားသည်နှင့် မြေကြီးပုံပေါ် ကျောက်ရှာဖို့ တက်ကြသည်။ ကျောက်စိမ်းလုပ်ငန်းတွင် မမြင်လိုက်သဖြင့် စွန့်ပစ်လိုက်သော ကျစ်စာမြေကြီးထဲ ရောပါလာသည့် ကျောက်စိမ်းတုံးများကို ရှာကြသည်။ အန္တရာယ်များသော အခြေအနေဖြစ်ပေရာ ထိခိုက်ဒဏ်ရာရခြင်းများနှင့် အသက်ဆုံးရှုံးခြင်းများ ဖြစ်ပေါ်သည်။ 

 

ပတ်ဝန်းကျင်ထိန်းသိမ်းရေးမှ တာဝန်ရှိပုဂ္ဂိုလ်က ကျောက်တူးသမားများကို အပြစ်တင်သည်။ လောဘကြောင့် ဒုက္ခရောက်ကြရသည်။ သူတို့သည် တစ်နယ်တစ်ကျေးမှ ရောက်လာကြသော ဆင်းရဲနွမ်းပါးသူများ ဖြစ်ကြပြီး ကျောက်ရဖို့ အသည်းအသန် ဖြစ်နေကြသည်။ အချို့က အစိုးရကို အပြစ်တင်သည်။ ပြီးခဲ့သည့် ၅ နှစ်တာအတွင်း ကျောက်စိမ်းလုပ်ငန်းကို ထိထိရောက်ရောက် ကိုင်တွယ်ထိန်းကျောင်းပေးနိုင်ခြင်း မရှိခဲ့ဟု ထောက်ပြကြသည်။ ကျောက်စိမ်းလုပ်ငန်းကဏ္ဍတွင် စစ်ဖက်ဆိုင်ရာတို့ကလည်း ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေကြသည်။

 

အစိုးရသည် ကျောက်စိမ်းလုပ်ငန်းကဏ္ဍကို ထိန်းချုပ်ဖို့ မစွမ်းသာသည့်အပြင် ဝန်လေးနေသည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ကြပ်မတ်ဆောင်ရွက်နိုင်ခြင်း မရှိချေ။ ၂၀၁၇ ခုနှစ်တွင် ပတ်ဝန်းကျင် စီမံခန့်ခွဲရေး အစီအစဉ် အသစ်တစ်ခု ရေးဆွဲခဲ့သော်လည်း အကောင်အထည် မဖော်ဖြစ်သေးပေ။

 

ကောင်းကင်မှ ဂြိုဟ်တုဓာတ်ပုံများတွင် ဖော်ပါနေသည်မှာ မြေပြင်မှာ တောပြုန်းနေပြီး ဒဏ်ရာအမာရွတ်များ ရှိနေသည်ကို ဖားန့်ကတစ်ဝိုက်တွင်  တွေ့ရသည်။၊ တောင်များကို ဧရာမ မြေတူးစက်ကြီးများဖြင့် တူးထုတ်ပစ်ကြသည်။ နက် သည်ထက် ပိုနက်သည်အထိ တူးကြသည်။ ထွက်လာသည့် မြေကြီးများကို တောင်ပုံရာပုံ ပုံထားကြသည်။ ကျောက်စိမ်း တူးဖော်ရေးသာ အဓိက ဖြစ်သည်။

 

 

ပြီးခဲ့သည့် နှစ်ပေါင်း ၃၀ နှင့် ယခု ဂြိုဟ်တုဓာတ်ပုံ နှစ်ခုက ဖားကန့်တွင် ကျောက်စိမ်းတူးဖော်မှုများကြောင့် ပြောင်းလဲသွားပုံကို ဖော်ပြနေသည်။

ဒေါ်အေးရီက “ကျွန်မ ဒီကို ရောက်ခါစနဲ့ အခု ဖားကန့် လုံးဝကွာခြားသွားပြီ။ ကျွန်မတို့ မော့ကြည့်ခဲ့ကြတဲ့ တောင်တွေနေရာမှာ ကျစ်စာမြေကြီးပုံကြီးတွေ ဖြစ်ကုန်ပြီ၊ တချို့တောင်တွေက ဂျောက်ကမ်းပါးတွေ ဖြစ်ကုန်ပြီ”

 

စွန့်ပစ်ရေများကို ဂရုမစိုက်ပဲ စွန့်ထုတ်ပစ်နေခြင်းသည်လည်း ပျက်စီးမှုများ ဖြစ်ပေါ်စေသည်။ ရေကြီးသည့် ကြိမ်ရေနှင့် ပြင်းထန်မှုတို့ ပိုများစေသည်။ ရေအရင်းအမြစ်တို့ကိုလည်း ညစ်ထေးပျက်စီးစေသည်။

တရုတ်ပြည်မှ ဝယ်လိုအားသည် မြန်မာ့ ကျောက်စိမ်းတူးဖော်မှုကဏ္ဍကို မီးထိုးပေးနေသည်။ တရုတ်အထောက်အပံ့ဖြင့် လုပ်ကိုင်သော တရားမဝင် ကုမ္ပဏီများက ကွန်ရက်ဖွဲ့ပြီး ကျောက်စိမ်းများကို တရုတ်ပြည်သို့ တင်ပို့နေသည်။ လက်နက်ကိုင် အဖွဲ့အစည်းများကလည်း ကျောက်စိမ်းတင်ပို့မှုတွင် ပါဝင်ပတ်သက်နေသည်။

စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်မှုသည် ဖားကန့်ကို လမျက်နှာပြင်သဖွယ် ချိုင့်ဝှမ်းကြီးများ ဖြစ်ပေါ်စေသည်။

 

မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်ရှိ ဖားကန့်သည် မြန်မာနိုင်ငံ၏ ကျောက်စိမ်း တူးဖော်ရာနေရာ ဖြစ်သည်။ အခြားကျောက်တူးသမားများ နည်းတူ အသက်  ၂၈ နှစ်ရှိ ကိုဌေးသည် ပုံမှန်အားဖြင့် ကုမ္ပဏီ ဝန်ထမ်းတစ်ဦးဖြစ်သည်။ မိုးရာသီကာလ ဇွန်မှ အောက်တိုဘာလအထိ ကိုယ့်အလုပ်ကို လုပ်ကိုင်သည်။ သူသည် ထီဆုကြီး ပေါက်သည့်နှယ် ကျောက်စိမ်းတုံး ရပြီး တရားမဝင်လမ်းကြောင်းမှ ရောင်းချပြီး သဌေးဖြစ်ကိန်းကို မျှော်လင့်သည်။ 

သူက ပြောသည်။ “ကျောက်စိမ်းတွင်းမှာ လုပ်ရတာ ကံစစ်စစ်အပေါ် အကုန်လုံး မူတည်နေတယ်။ စတူးခါစမှာပဲ ကျောက်ကောင်းကောင်း တစ်တုံး ရနိုင်တယ်။ သူဌေးဖြစ်သွားနိုင်တယ်။  ဆယ်စုနှစ်တွေ ချီပြီး ကြာမြင့်နေတာတောင် ကံမကောင်းတော့ ဘာမှ မရတာလဲ ဖြစ်နိုင်တယ်” သူက ဆက်ပြောသည်။ “ လွယ်တာတော့ တကယ် မလွယ်ဘူး။ ကျွန်တော့ အိပ်မက် ဆုတောင်းပြည့်ဖို့ ဒီမှာ ကျွန်တော် ဆက်နေမယ်။ ကျွန်တော့ မိသားစု၊ ကျွန်တော့သား ချမ်းသာအောင် ကျွန်တော် လုပ်ပေးချင်တယ်။ သေရမှာကို ကျွန်တော် ဂရုမစိုက်ဘူး”

 

စွန့်ပစ်ပြီး ပုံထားသည့် ကျစ်စာမြေကြီးများက တောင်များသဖွယ် ဖြစ်နေသည်။

 

ဒေါ်အေးရီ၏ ခံစားချက်သည် ကိုဌေးနှင့် မတူချေ။ “ အမှန်အတိုင်း ပြောရရင် ဒီနေရာက ကျွန်မ တကယ် ထွက်သွားချင်တယ်”

သူ့အဖေက တန်ဖိုးကြီးသည့် ကျောက်စိမ်းတုံးတစ်တုံးကို ရခဲ့ဖူးသော်လည်း တန်ဖိုးကို မသိသဖြင့် ကျပ် ၂,၀၀၀ ဖြင့် ရောင်းလိုက်သည်။ ထိုကျောက်ကို ဝယ်လိုက်သူတို့က ပြန်ရောင်းသည့်အခါ ကျပ် ၈၀,၀၀၀ ရသည်။ “အဖေ သုံးရက်လောက် မအိပ်နိုင် မစားနိုင် ဖြစ်သွားတယ်”

 

ကျောက်စိမ်းတူးသည့် ကုမ္ပဏီတစ်ခုမှ ဝန်ထမ်းတစ်ဉီးက ကျောက်စိမ်းတင်ပို့သည့် ကုန်တင်ကား မောင်းနှင်သူ ဖြစ်သည်။ သူက “ ကျောက်စိမ်းအားလုံးနီးပါး တရုတ်ပြည်ကို တင်ပို့ကြတယ်” ဟု ပြောသည်။

 

 

တောင်သဖွယ်ဖြစ်နေသော ကျစ်စာမြေကြီးပုံ ပြိူကျသည်မှာ အဆန်း မဟုတ်ချေ။ အထူးသဖြင့် မိုးရာသီတွင် ရေတိုက်စားပြီး အကြီးအကျယ် မြေပြိုကျလေ့ ရှိသည်။ 

 

သူလုပ်ကိုင်သည် ကုမ္ပဏီသည်လည်း အများနည်းတူ တရုတ်မြန်မာ ဖက်စပ်လုပ်ငန်း ဖြစ်သည်။ ကုမ္ပဏီအားလုံးနီးပါးသည် တရုတ်နှင့် တစ်နည်းမဟုတ် တစ်နည်းဖြင့် ဖက်စပ်လုပ်ကိုင်နေကြသည်ဟု သူက ပြောပြသည်။

ပြည်ပမှ ကျောက်စိမ်းတွင်း ပိုင်ဆိုင်ခွင့် မရှိချေ။ သို့ဖြစ်ရာ တရားမဝင် ဖက်စပ်လုပ်ငန်းများ ဖြစ်ပြီး တရုတ်ပြည်မှ ရင်းနှီးမြှုပ်နှံသူများက ကျောထောက်နောက်ခံ ပြုပေးထားသည်။ 

 

“ ကျောက်ကောင်းကောင်း အခု ၃၀ ရတယ်ဆိုရင် တချို့ပဲ ပြည်တွင်းဈေးကွက်ထဲကို ရောက်တယ်။ ကျောက်တွေ တရုတ်ပြည်ကို ရောက်ကုန်တာ ကျပ် ကုဋေကဋာ တန်ဖိုးရှိမယ်” ဟု ထရပ်ကားယာဉ်မောင်းက ပြောပြသည်။ သူ့ကုမ္ပဏီက ပုံမှန်အားဖြင့် တရုတ်ပြည်သို့ ကျောက်စိမ်းတုံးများကို တစ်ပတ်လျှင် တစ်ကြိမ် ပို့ပေးသည်။ တန်ဖိုးကြီးမားသည့် ကျောက်စိမ်းတုံး ရလျှင် ချက်ချင်း ပေးပို့သည်။

 

ထွက်ရှိသည့် ကျောက်စိမ်းတုံးများသည် အဓိကလမ်းကြောင်း သုံးသွယ်ဖြင့် တရုတ်ပြည်သို့ ရောက်ရှိကြသည်။ နေပြည်တော် ကျောက်စိမ်းအရောင်းပွဲတွင် တရားဝင် ရောင်းချသည်ကို ဝယ်ယူပြီး တရုတ်ပြည်သို့ တင်ပို့သည်။

မန္တလေးရှိ ကျောက်စိမ်းဈေးကွက်သို့ ရောက်ရှိပြီး ထိုမှတစ်ဆင့် တရုတ်ပြည်သို့ တင်ပို့သည်။ ထရပ်ကားများဖြင့် နယ်ခြားမှတစ်ဆင့် တိုက်ရိုက်တင်ပို့သည်။ နယ်ခြား ကျော်ဖြတ်ပြီး ကျောက်စိမ်းတုံးများ တင်ပို့ရသည်မှာ အခက်အခဲ မကြီးမားချေ။ ကမ္ဘာ့ကျောက်စိမ်း ထွက်ရှိမှုများတွင် ၉၀% ကို မြန်မာနိုင်ငံမှ ထွက်ရှိပြီး တရုတ်ပြည်တွင် အဆုံးသတ်သည်။

 

 

ကျောက်စိမ်း တူးဖော်နေကြသည့် လုပ်ငန်းများတွင် တရားဝင် လုပ်ကိုင်နေကြသည်များ ရှိသကဲ့သို့ တရားမဝင် လုပ်ကိုင်နေကြသည်များလည်း ရှိသည်။ တရားဝင် လုပ်ကိုင်သော လုပ်ငန်းများတွင်လည်း ကျောက်စိမ်းတုံးများကို တရားမဝင် လမ်းကြောင်းဖြင့် တရုတ်ပြည်သို့ ပေးပို့သည့် လုပ်ငန်းများ ရှိနေသည်။ ခြုံငုံ၍ ဆိုရလျှင် ကျောက်စိမ်း တူးဖော်တင်ပို့ရေးလုပ်ငန်းကဏ္ဍသည် တရားမဝင် လုပ်ကိုင်မှုများ များပြားသည်။ ရှမ်းပြည်နယ် နယ်ခြား မူဆယ်မှ တစ်ဆင့် တရုတ်ပြည် ယူနန်ပြည်နယ်သို့ ကျောက်စိမ်းတုံးများ ရောက်ရှိကြသည်။ တရားမဝင် တင်ပို့မှုများကို ပြီးခဲ့သည့် ၅ နှစ်တာအတွင်း တားဆီးဖို့ ဆောင်ရွက်ချက်များသည် ထိထိရောက်ရောက် မရှိခဲ့ချေ။ တရားဝင် လမ်းကြောင်းတွင်လည်း ပေးသင့်ပေးထိုက်သည့် အခွန် မပေးဆောင်ရအောင် လုပ်ကိုင်ဆောင်ရွက်မှုများ အနည်းနှင့်အများ ရှိနေသည်။

 

 

ကျောက်စိမ်းများကို အရိုင်းအတိုင်းသာ တရုတ်ပြည်သို့ ပေးပို့ကြသည်။ ပြည်တွင်းမှာ ကျောက်စိမ်းကို နိုင်နိုင်နင်းနင်းဖြင့် ပန်းပုထုဆစ်နိုင်ခြင်း မရှိချေ။ အကယ်၍သာ ကျောက်စိမ်းအချောကိုင် ကောင်းကောင်းလုပ်နိုင်မည် ဆိုလျှင် တရားမဝင် အရိုင်းတုံး တင်ပို့မှုများ လျော့ကျမည် ဖြစ်သည်။ ကိုဗစ်ကြောင့် နေပြည်တော်တွင် ကျောက်စိမ်း အရောင်းပွဲ မကျင်းပနိုင်ခြင်းသည်လည်း တရားမဝင်လမ်းကြောင်းများမှ တင်ပို့မှု ပိုများစေသည်။

 

တရုတ်ပြည်မှ မန္တလေးသို့ လေကြောင်းမှ လာပြီး ကျောက်စိမ်းဝယ်ယူခြင်းများလည်း ရှိသည်။ ဝယ်ယူလိုက်သည့် ကျောက်စိမ်းများကို တရားမဝင်လမ်းကြောင်းဖြင့်သာ တင်ပို့ပေးသည်။ ဝယ်လက်က ပြည်တော်ပြန်ပြီး အဆက်အသွယ်မှတစ်ဆင့် ကျောက်စိမ်းတုံးများ ရောက်အလာကို စောင့်သည်။ လွယ်ဂျယ်နှင့် ကမ်းပိုက်တီး စခန်းများမှတစ်ဆင့် တင်ပို့သည့် ကျောက်စိမ်းများကို အကောက်ခွန်က စည်းကြပ်သည့် အခွန်ပေးဆောင်ပြီး တရုတ်ပြည်သို့ သယ်ဆောင်ခြင်းများလည်း ရှိသည်။

 

တရုတ်မြန်မာ နယ်ခြားမြို့ ရွှေလီတွင်လည်း ကျောက်စိမ်း အရောင်းအဝယ် လုပ်ကြသည်။ ယူနန်ပြည်နယ်တွင် ကျောက်စိမ်းအရောင်းအဝယ် အကြီးအကျယ် လုပ်သည့် မြို့သုံးခုမှာ ရွှေလီ၊ တန်ချောင်နှင့် ယင်ကျန်းတို့ ဖြစ်သည်။

 

ကိုဗစ် ကြောင့် ကျောက်စိမ်းတုံးများ စီးဆင်းမှုသည် သိသိသာသာ လျော့ကျခြင်း မရှိချေ။ ပုံမှန်အတိုင်းသာ ဆက်ရှိနေဆဲဖြစ်သည်။

 

ကျောက်စိမ်းတူးဖော်ခြင်းကြောင့် ဒေသခံများ ဖွံ့ဖြိုးတိုးတက်မှု သိသိသာသာ မရှိသည့်အပြင် ပတ်ဝန်းကျင် ပျက်စီးခြင်း၊ မူးယစ်ဆေးဝါး ပေါ်များခြင်း အပါအဝင် ဆိုးကျိုးများကိုသာ ရရှိသည်။ တိုင်းပြည်အနေဖြင့်လည်း အကျိုးစီးပွား သိသာသည့် ပမာဏ မရရှိချေ။

 

 

Source: chinadialogue.net

Read times Last modified on Saturday, 28 November 2020 15:25
Rate this item
(0 votes)
Tagged under