ယောက္ခမနဲ့ ချွေးမကြားက အဓိကပြဿနာ

ယောက္ခမနဲ့ ချွေးမကြားက အဓိကပြဿနာ google.com

သားမက်နဲ့ ယောက္ခထီးဟာ ဘယ်တုန်းကမှ အဆင်မပြေခဲ့သလို ချွေးမနဲ့ ယောက္ခမဆိုတာလည်း ငြိုးသူရန်ဘက်တွေမဟုတ်ပါဘဲ မပြေလည်နိုင်တဲ့ လူသားတွေပါ။ ကမ္ဘာပေါ်က စစ်ပွဲတွေအားလုံး ပြေငြိမ်းသွားသည့်တိုင်အောင် ယောက္ခမနဲ့ ချွေးမကြားက ပြဿနာတွေက ကျန်နေဆဲ ဖြစ်မယ်ထင်ပါတယ်...

ယောက္ခမဆိုတာကလည်း သားကို အကဲပို၊ ချွေးမဆိုတာကလည်း ယောက်ျားကို အကြင်နာပိုကြလေတော့ ထုံးစံအတိုင်း နှစ်ဦးသား အချစ်ပြိုင်ရင်း ကျွတ်ကျိကျွတ်ကျိတွေ ဖြစ်ကုန်တော့တာပေါ့။ ဒီလိုဖြစ်တတ်အောင်ကြားက မီးလောင်ရာ လေပင့်တတ်သူကလည်း ရှိသေးတယ်။ ဘယ်သူဖြစ်ရမလဲ ယောက္ခမရဲ့ ချစ်လှစွာသောသား… မိန်းမရဲ့ အချစ်ဆုံးယောက်ျားပေါ့။ သူကတော့ တမင်ရည်ရွယ် ရန်တိုက်ပေးတာမဟုတ်ပေမဲ့ သူတို့ရဲ့ အနေအထိုင် အပြောအဆိုတွေကြောင့်လည်း ချွေးမနဲ့ယောက္ခမတို့ကြားက အဖုအထစ်တွေ ပိုကြီးလာရတော့တာပဲ။ 

 

သူတို့ကြောင့် ချွေးမနဲ့ ယောက္ခမကြား ဖြစ်တတ်တဲ့ ပြဿနာလေးတွေကို ပြောပြရရင်တော့….

 

 

၁။ မိန်းမကဟင်းချက်ကျွေးတဲ့အခါ

 

မညားခင်ကတော့ “မင်းချက်ကျွေးတဲ့ ဟင်းလေးက စားလို့ကောင်းလိုက်တာ” လို့ မကောင်းလည်း ကောင်းတယ်လို့ ရှာကြံချီးကျူးတတ်ပေမဲ့ ညားလို့လည်း ပြီးရော “မင်းချက်တာတွေက ညံ့လိုက်တာ၊ ငါ့အမေဟင်းချက်ရင် ဘယ်လိုကောင်းတာ ငါ့အမေလက်ရာပဲကြိုက်တာ” လို့ သူကနှိုင်းတော့ ကိုယ့်စိတ်ထဲတစ်မျိုးဖြစ်သွားပြီ။ လူ့သဘာဝအရ တစ်ဘက်သားအပေါ် မကျေနပ်စိတ်လေး သေးသေးလေး ဝင်သွားပြီပေါ့။ ဒီအဖုအထစ်လေးဟာ ယောက္ခမနဲ့ချွေးမနဲ့ကြားမှာ ဆက်ပြီး ပြဿနာတွေ တက်ဖို့မီးစလေးဖြစ်သွားပြီလေ။

 

 

၂။ ယောက္ခမက ဘာမဟုတ်တာလေးတွေကို ပြိုင်တဲ့အခါ

 

ချွေးမက ယောက္ခမတွေ အိမ်လာလည်တဲ့အခါ နှစ်သက်စေဖို့ ကိုယ့်အိမ်ကို အစွမ်းကုန်ပြင်ဆင်ထား၊ ဟင်းကောင်းကောင်းလေးတွေ ချက်ထားပေမဲ့ တို့အိမ်မှာ ပြင်ဆင်ထားတာက ပိုသာတယ်တို့၊ တို့အိမ်မှာ ဒီထက်ပိုပြီးဟင်းတွေ အရသာကောင်းတယ်တို့ မသိမသာလေးပြိုင်ဆိုင်တဲ့ စကားတွေ ဆိုလာရင် ချွေးမစိတ်ထဲ ဘယ်ကောင်းပါ့မလဲ။ တကယ်က ချွေးမဆိုတာ အခုမှ အိမ်ထောင်မှုတွေကို စတင်လုပ်ရတာဆိုတော့ ယောက္ခမလောက်တော့ ဘယ်ကျွမ်းကျင်ပါ့မလဲ။ အဲဒါကို ကြားက အလိုက်သင့်ဖြန်ဖြေမပေးဘဲ အလိုက်မသိ ကိုယ့်ယောက်ျားက ဟုတ်တယ်၊ ဟုတ်တယ် ဆိုပြီး စကားဝင်ထောက်လိုက်လို့ကတော့ ပွဲကပိုလှပြီပဲ။ ယောက္ခမနဲ့ ချွေးမမချစ်သော်လည်းအောင့်ခါနမ်းရသေးတယ်။

 

 

၃။ အိမ်ထောင်မှုတွေကို ယောက်ျားက ကူလုပ်တဲ့အခါ

 

ဒီခေတ်မှာ ကိုယ်တွေ မိန်းမသားတွေလည်း အပြင်ထွက်အလုပ်လုပ်ပြီး အိမ်ထောင့်ဝန်ကို ထမ်းရလေတော့ အိမ်မှုကိစ္စတွေကို ကျားကျားကလည်း ကူလုပ်သင့်တာပေါ့။ ကိုယ့်ကျားကျားက နားလည်မှုရှိလို့ ကူလုပ်ပေးမှပဲ အိမ်မှုကိစ္စတွေလည်း ထောင့်စေ့၊ နားလည်မှုတွေလည်း ပိုရ.. အေးဆေး ရိုလို့လည်း ရတယ်လေ… ချစ်ချစ်ခင်ခင်ပေါ့။ ဒါကိုပဲ ယောက္ခမကြီးက သူ့ရဲ့ရွှေပေါ်မြတင်သားလေးကို အိမ်မှုကိစ္စတွေ ခိုင်းရက်လေတယ်လို့ ငြူစူပါလေရော။အဲဒီမှာ ကျားကျားတို့က ပါးပါးနပ်နပ်နဲ့ သူလည်း အလုပ်တွေမနိုင်လို့သားက ကူလုပ်ပေးတာပါ။ တစ်ခါတလေပါလို့ ချော့ရင်ယောက္ခမက စိတ်ပြေပါဦးမယ်။အဲဒီလိုမဟုတ်ဘဲ “အမေတို့ကလည်းဗျာ၊ သားမိန်းမ သားချစ်လို့ ကူလုပ်ပေးတာ ဘာဖြစ်တုန်း နေရာတကာ မပြောပါနဲ့ ဘာညာကွိကွ” ဆိုပြီး လုပ်လို့ကတော့ ယောက္ခမဖြစ်သူက သူ့သားလေးကိုအပြစ်မမြင်ဘဲ ချွေးမသွေးထိုးလို့ သားတော်မောင် ဒီလိုပြောပါတယ်ဆိုပြီး ချွေးမကို မျက်မုန်းကျိုးပါလေရော။

 

 

၎။ ကိုယ့်သားရဲ့ နေရာပေးတာ မခံရတော့မှာ စိုးရိမ်တဲ့အခါ

 

အရင် မိန်းမ မရခင်ကတော့ ဘာပဲလုပ်လုပ် အမေ့ကို တိုင်ပင်တဲ့ သားလိမ္မာလေး၊ စိတ်ညစ်စရာရှိတိုင်း အမေ့ကိုရင်ဖွင့်တဲ့ သားလိမ္မာလေး၊ အမေရဲ့ လမ်းညွှန်မှုအတိုင်း လိုက်နာတတ်တဲ့ သားလိမ္မာလေး မိန်းမလည်းရရော အမေကိုချောင်ထိုးပါလေရော။ ဘာလုပ်လုပ် မိန်းမနဲ့တိုင်ပင်၊ မိန်းမကိုရင်ဖွင့်၊ မိန်းမစကားနားထောင်တာမြင်ရတော့ အမေရင်တွေပူပြီလေ။ ထုံးစံအတိုင်း ပြဿနာက ချွေးမကိုပဲ မြှားဦးလှည့်ပြီပေါ့။ ဒါကြောင့် ကျားကျားက အမေ့ကိုလည်း ထုံးစံအတိုင်း နေရာပေးရင် ပြဿနာနည်းနည်းလျှော့မှာပေါ့။ဒါကကျားကျားတို့ကြောင့် ချွေးမနဲ့ ယောက္ခမကြားမှာ ဖြစ်တတ်တဲ့ ပြဿနာလေးတွေပါ။ မတည့်အတူနေ၊ချွေးမနဲ့ ယောက္ခမတို့ ပြေလည်သွားစေဖို့ကတော့ ဘယ်သူမှတတ်နိုင်မှာမဟုတ်ပေမဲ့ ကျားကျားအနေနဲ့ ဒီလိုအပြုအမူလေးတွေ ဆင်ခြင်သင့်ပါတယ်။

 

 

Credit;Sugar Cane(For Her Myanamr)

Read times Last modified on Tuesday, 18 September 2018 16:04
Rate this item
(1 Vote)