ပထမဆုံးဒိတ်ဆိုတဲ့အတွက် စိတ်လှုပ်ရှားနေမှာတော့အမှန်ပါပဲ။ သင့်နဲ့တွေ့ဆုံမယ့် ကောင်မလေးအတွက်
သူ့ရဲ့သင့်အပေါ်မှာ ပထမဆုံးအမြင်ကအရေးကြီးပါတယ်။ ပထမဆုံးအမြင်မှာစပြီး သူ့မျက်လုံးထဲမှာ ကန့်လန့်ဖြစ်နေရင် ရှေ့ဆက်ပြီးအဆင်ပြေမှာ မဟုတ်တော့ပါဘူး။ ဒါ့ကြောင့်သင့်ရဲ့ ပထမဆုံးဒိတ်အတွက်ပြင်ဆင်သွားရမယ့် အချက် (၅) ချက်ကိုဖော်ပြပေးလိုက်ပါတယ်။
သန့်ရှင်းပါ၊ ကိုယ့်ကိုကိုယ်ယုံကြည်မှုရှိပါ
သန့ှ်ရှင်းမှုဟာ သင့်ကိုယ်သင်ယုံကြည်မှုရှိစေပါတယ်။ ဒါ့ကြောင့် မသွားခင် ရေချိုးသွားပါ၊ လက်သည်း၊ခြေသည်းတွေကို သန့်သန့်ရှင်းရှင်းနဲ့ညှပ်သွားပါ၊ ပါးစပ်မှ အနံ့မထွက်စေရန် သွားတိုက်သွားပါ၊ ခံတွင်းသန့်ဆေးသုံးလို့လည်းရပါတယ်။ လေ့လာတွေ့ရှိချက်များအရ သန့်ရှင်းစင်ကြယ်မှုဟာ စိတ်ကိုပါသစ်လွင်စေတယ်လို့သိရပါတယ်။

သင့်တော်တဲ့အ၀တ်အစားတွေဝတ်ဆင်သွားပါ
သင်ဟာ ဖက်ရှင်ကိုစိတ်ဝင်စားသည်ဖြစ်စေ မ၀င်စားသည်ဖြစ်စေ သင့်ရဲ့ပထမဆုံးဒိတ်မှာ ကြည့်ကောင်းနေဖို့တော့လိုပါတယ်။ သင့်ကောင်မလေးရဲ့အမြင်မှာ သင့်ရဲ့ပုံစံက သန့်ရှင်းသပ်ရပ်နေမှ ဖြစ်မှာပါ။ ဈေးကြီးတဲ့အ၀တ်အစားတွေ ၀တ်ဆင်သွားဖို့မလိုပါဘူး။ သင့်မှာရှိတဲ့အ၀တ်အစားနဲ့ သပ်ရပ်ပြီးကြည့်ကောင်းအောင် ၀တ်ဆင်တတ်ဖို့ပဲလိုပါတယ်။ ဂျိုင်းလိမ်းဆီ၊ ရေမွှေး စတာတွေကိုလည်း စွတ်ဖျန်းသွားဖို့ အကြံဉာဏ်ပေးချင်ပါတယ်။

ပြုံးပါ
သင့်ရဲ့ပထမဆုံးဒိတ်ကိုသွားဖို့ အိမ်ကစထွက်ကတည်းက ပြုံးပါ၊ သွားတဲ့လမ်းမှာလည်းပြုံးပါ၊ ဘာဖြစ်လို့လဲဆိုရင် ပြုံးခြင်းဟာ သင့်စိတ်ကို သက်တောင့်သက်သာဖြစ်စေဖို့အတွက် အထောက်အကူပြုပါတယ်။ သင်နဲ့ချိန်းဆိုထားတဲ့ ကောင်မလေးကိုတွေ့တဲ့အခါမှာလည်း ပြုံးပြီးနှုတ်ဆက်ပါ။ ဒါမှ သူမစိတ်ထဲမှာ သင်က သဘောကောင်းတယ်၊ ဖော်ဖော်ရွေရွေရှိတယ်ဆိုပြီး မြင်မှာပါ။ ဒါဆိုသင်တို့နှစ်ယောက်ပထမဆုံး စကားစပြောတဲ့အခါမှာလည်း ရှိန်မနေတော့ဘူးပေါ့။
မေးခွန်းအနည်းငယ်ပြင်ဆင်သွားပါ
ပထမဆုံးဒိတ်မှာအဖြစ်များတာက ဆွံ့အ နေတာပါပဲ။ ပထမဆုံးတွေ့ဖူးတဲ့သူစိမ်းနှစ်ဦးကြားမှာ ပြောစရာစကားများရှားပါးနေမှာပါ။ ဒီအခြေအနေက နှစ်ဦးစလုံးအတွက်လည်း နေရထိုင်ရခက်စေပါတယ်။ ဒါ့ကြောင့် စကားစပြတ်သွားတဲ့အခါကျရင် ဆွံ့အ မနေအောင် သင့်ကောင်မလေးကိုမေးဖို့ မေးခွန်း ၃ ခုကနေ ၅ ခုလောက်အထိ အိမ်ကနေပြင်ဆင်သွားပါ။ ဥပမာ ဘယ်ကျောင်းမှာတက်ခဲ့တာလဲ၊ အခုဘာအလုပ်အကိုင်လုပ်နေလဲ စသဖြင့်ပေါ့။ ဒီနည်းနဲ့ သင်တို့နှစ်ဦးကြားက တိတ်ဆိတ်ခြင်းကို ဖြိုခွင်းလို့ရပါတယ်။
ကိုယ့်ကိုကိုယ်အားပေးစကားပြောပါ
ဒိတ်တွေ ခဏခဏသွားဖူးတဲ့သူအတွက်တော့ကိစ္စမရှိပေမယ့် အခုမှ ပထမဆုံးဒိတ်သွားဖူးတဲ့သူဆိုရင်တော့ စိတ်လှုပ်ရှားနေမှာအမှန်ပါပဲ။ ဒီလိုအချိန်မှာ စိတ်ဂယောက်ဂယက်ဖြစ်မနေအောင် ကိုယ့်ကိုကိုယ်အားပေးစကားပြောဖို့လိုပါတယ်။ “ငါစိတ်တည်ငြိမ်အောင်ထားထားတယ်၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိတယ်၊ ငါအဆင်ပြေမှာပါ” စတဲ့စကားတွေကို ကိုယ့်ကိုကိုယ် ပြောကြားရင်းနဲ့ ကိုယ့်ရဲ့ယုံကြည်မှုကို တည်ဆောက်လို့ရပါတယ်။
Relationship နဲ့ပတ်သက်တဲ့ ဆောင်ရန်၊ရှောင်ရန် အချက်များကို စိတ်ဝင်စားတယ်ဆိုရင် အောက်ကလင့်ခ်တွေထဲဝင်ပြီး ဖတ်ကြည့်လို့ရပါတယ်။
Author – Nyi Min Khant




