မင်္ဂလာပွဲလေးကို ကမ်းခြေမှာကျင်းပမယ်ဆိုဘာတွေစဉ်းစားဖို့လိုမလဲ

မင်္ဂလာပွဲလေးကို ကမ်းခြေမှာကျင်းပမယ်ဆိုဘာတွေစဉ်းစားဖို့လိုမလဲ google

စုံတွဲလေးတို့ရေ မင်္ဂလာဧည့်ခံပွဲလေးကို ဟိုတယ်တွေမှာမလုပ်ချင်ဘဲ ကမ်းခြေမှာဆန်းဆန်းပြားပြားလေးလုပ်မယ်စိတ်ကူးထားလား၊

ကမ်းခြေမှာမင်္ဂလာပွဲလေးလုပ်မယ်ဆိုရင်တော့ စဉ်းစားရမယ့်အချက်တွေကအရမ်းကိုများပါတယ်နော်။ဘာတွေစဉ်းစားရမလည်းဆိုတာ ပြောပြပေးပါ့မယ်။

 

ကမ်းခြေရွေးမယ်

ကမ်းခြေမှာ မင်္ဂလာပွဲလုပ်မယ်လို့ တွေးလိုက်တာနဲ့ ဘယ်ကမ်းခြေမှာလုပ်မလဲဆိုတာ ဦးစားပေးပြီးစဉ်းစားရမှာပါနော်။ ကမ်းခြေရွေးတဲ့အခါ ဦးစားပေးတွေးရမှာက ကိုယ့်ရဲ့ဧည့်ပရိသတ်ပါ။ ကိုယ့်ရဲ့ ဧည့်သည်တွေလာဖို့ လမ်းခရီး အဆင်ပြေရဲ့လားဆိုတာ ဦးစားပေးစဉ်းစားရပါမယ်။ ပြီးတော့ ကမ်းခြေမှာတည်းခိုမယ့် ဟိုတယ်ရဲ့ဝန်ဆောင်မှုတွေပါပဲ။ ကမ်းခြေမှာဆောင်မယ်ဆိုရင် ဟိုတယ်ရဲ့ ဝန်ဆောင်မှုလိုအပ်ပါတယ်။ ဒါတွေသေချာသိမှအဆင်ပြေမှာပါ။

 

ရာသီဥတု

ပင်လယ်ကမ်းခြေမှာ မင်္ဂလာပွဲလေးလုပ်ဖို့အတွက် ရာသီဥတုကိုသေချာလေးသိဖို့လိုပါတယ်။ မိုးတွင်းချိန်ခါမှာမင်္ဂလာပွဲလေးမကျင်းပကြဘူးဆိုပေမယ့် ကမ်းခြေရဲ့ရာသီဥတုပေါ် မူတည်ပြီးပွဲအချိန်ကိုစီစဉ်ရမှာပါ။ မိုးလေဝသကောင်းမှ ပွဲလေး စည်ကားနိုင်မှာပါနော်။

 

အပြင်အဆင်

ကမ်းခြေမှာ သဘာဝအလှတွေဖြစ်တဲ့ ပင်လယ်နဲ့ဟိုတယ်၊ အုန်းပင်တွေရှိတယ်ဆိုပေမယ့် တခြားအပြင်အဆင်တွေ ထပ်ထည့်ရမှာပဲလေနော်။ ကမ်းခြေမှာဆောင်တဲ့အခါ ပြင်ဆင်တဲ့ Theme လေးတွေက ပုံမှန်ဟိုတယ်မှာ ပြင်ဆင်တာထက် ပိုပြီး Romantic ဖြစ်ဖို့လိုပါတယ်နော်။ ကမ်းခြေကကျယ်တော့ ဓါတ်ပုံလေးတွေထောင်တာက အစဂရုစိုက်ရမှာပါ။ နေရာကျယ်တော့ တစ်ခုစီကျဲနေရင်လည်း မလှတာမျိုးဖြစ်သွားတတ်ပါတယ်။

 

အစားအသောက်

ကမ်းခြေမှာ ဧည့်ခံပွဲလုပ်တဲ့အခါ ကမ်းခြေမှာရှိတဲ့ အစားအသောက်တွေကို အဓိကထားပြီးကျွေးမလား ဒါမှမဟုတ် ဟိုတယ်ကစီစဉ်ပေးတဲ့ ပုံမှန် Menu set ကိုပဲကျွေးမလား။ ကမ်းခြေဆိုရင်တော့ ဘူဖေးနဲ့ပိုပြီး လိုက်ဖက်ပါတယ်။ ကိုယ်ဖိတ်မယ့် ဧည့်သည်တွေထဲမှာလည်း ပင်လယ်စာနဲ့မတည့်တဲ့သူတွေ ပါလာနိုင်တယ်လေ၊ ဒီတော့ သူတို့အတွက်ဘာတွေစီစဉ်ထားပေးမလဲပေါ့။ ဒါမျိုးတွေ စီစဉ်ဖို့လိုပါတယ်။ ကမ်းခြေဆိုရင်တော့ တော်တော်များများက လူငယ်တွေ ပျော်တဲ့ပွဲလေးပါ။ သောက်စရာလေးတွေ စီစဉ်ထားပေးတာကပိုပြီးပျော်စရာကောင်းမှာပါနော်။

 

မိတ်ကပ်နဲ့ ဓါတ်ပုံ

ကမ်းခြေမှာ မင်္ဂလာပွဲလုပ်ပြီဆိုရင်တော့ ကိုယ်လိုချင်တဲ့ မိတ်ကပ်ဆရာကို ကြိုပြီး ချိတ်ထားဖို့လိုပါတယ်။ ကိုယ်ဆောင်မယ့် ကမ်းခြေကို လိုက်ပါပြင်ပေးနိုင်မယ့် မိတ်ကပ်ဆရာ ဖြစ်ဖို့အရမ်းအရေးကြီးပါတယ်။ ကမ်းခြေထိ လိုက်ပါပြင်ပေးရမယ့်အတွက် ကုန်ကျစရိတ်လည်း ပိုပြီးတော့များနိုင်ပါတယ်။ ဓါတ်ပုံလည်းမိတ်ကပ်လိုပါပဲ။ နယ်အထိဆင်းပြီး လိုက်ရိုက်ပေးရမှာ ဖြစ်တဲ့အတွက် သူတို့အတွက် ခရီးစရိတ်တွေပါ ကုန်ကျနိုင်တာမို့ ကုန်ကျစရိတ် ပိုများနိုင်ပါတယ်။ ဒါမှမဟုတ် ကမ်းခြေအနီးတဝိုက်မှာရှိတဲ့ အဆင်ပြေမယ့်ဓါတ်ပုံဆရာကို ရွေးချယ်ဖို့လည်း စဉ်းစားနိုင်ပါတယ်။

 

ဧည့်သည်တွေ အဆင်ပြေအောင်

ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်တွေအတွက်ရော ကားစီစဉ်ပေးတာမျိုး လုပ်ပေးနိုင်မလား။ ကိုယ်ဖိတ်ထားတဲ့ ဧည့်သည်တွေက ကိုယ့်အစီအစဉ်နဲ့ လာမယ့်သူတွေများလား။ ဒီအချက်လေးကို ကြည့်ပြီး စီစဉ်ရမှာပါ။ ဒါမှ ကိုယ့်ပွဲလာမယ့်သူတွေကို စိတ်မညစ်စေမှာပါ။

 

စုံတွဲလေးတို့ရေ ကမ်းခြေမှာမင်္ဂလာပွဲကျင်းပဖို့ သေချာလေးစီစဉ်လိုက်မယ်ဆိုရင် အများကအားကျရတဲ့မင်္ဂလာပွဲလေးဖြစ်ပြီးတော့ ပင်လယ်ကြီးကတောင် သြချမှင်သက်သွားမှာ အသေအချာပါပဲနော်။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Thursday, 21 February 2019 14:45
Rate this item
(0 votes)