ကိုယ့်ရဲ့ မွေးနေ့ဂဏာန်းအလိုက်အချစ်ရေး

ကိုယ့်ရဲ့ မွေးနေ့ဂဏာန်းအလိုက်အချစ်ရေး Google

ဒီတစ်ခါတော့ Wedding Guide ပရိတ်သတ်ကြီးအတွက် မွေးနေ့ဂဏာန်းအလိုက်အချစ်ရေး အကြောင်းမျှဝေပေးလိုက်ပါတယ်။

အင်္ဂလိပ်လ မည်သည့်လတွင်မဆို


၁ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၁၊ ၁၀၊ ၁၉၊ ၂၈ ရက် မွေးသူများကို ၁ ဂဏန်းသမားများဟု ခေါ်သည်။ ၁ ဂဏန်းပိုင်ရှင်များက အချစ် မေတ္တာဟူသည် နှလုံးသားနှင့်ဦးနှောက် ပေါင်းစပ်ဆုံးဖြတ်ရသော အချင်းအရာဖြစ်သည်ဟု ယူဆကြသည်။ ဘဝအဖေါ်ကို ရွေးချယ်သောအခါ ဦးနှောက်၏ ဆုံးဖြတ်ချက်ကို ထည့်သွင်းစဉ်းစားလေ့ရှိသည်။ မိမိအပေါ် နားလည်ခွင့်လွှတ်၍ ပံ့ပိုးကူညီခြင်းရှိသူကို ရွေးချယ်တတ်သည်။ ကံခေသည်မှာ အချစ်ဆုံးနှင့် ကွေကွင်းရတတ်ပြီး ချစ်သူကတစ်ယောက်၊ လက်ထပ်ရသူကတစ်ဦး ဖြစ်တတ်သည်။ အသက် ၁၆ မှ ၂၂ နှစ်ကြား မေတ္တာကံခေ၍ ၂၂ ကျော်မှ ရင့်ကျက်သော နှလုံးသားဖြင့် ခိုင်မြဲသော ချစ်ခြင်းမေတ္တာ ပိုင်ဆိုင်ခွင့်ရှိမည်။

 

၂ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၂၊ ၁၁၊ ၂၀၊ ၂၉ ရက် မွေးသူများကို ၂ ဂဏန်းသမားများဟုခေါ်သည်။ အချစ်နှင့်အမှန်းကြား နယ်နိမိတ်သည် မျဉ်းကြောင်းငယ်လေးမျှသာဖြစ်မည်။ ချစ်မိ၊ တွယ်တာ မိပြီဆိုက အရာရာပေးဆပ်တတ်ပြီး မုန်းပြီဆိုက လှည့် မကြည့်။ အလွန်ချစ်တတ်သလို အငြိုးအတေးကြီးတတ်သည်။ မေတ္တာတရားနှင့် ချစ်ခြင်းအပေါ် အလေးအနက်ထား၍ ဘဝအဖေါ် ရွေးချယ်လင့်ကစား ဂုဏ်၊ ငွေကြေးတိုကို အဓိကထားသည်ဟု အများမှ အထင်လွဲခြင်းခံရတတ်သည်။ အသက် ၂၅ နှစ်မတိုင်မီ သူတစ်ပါး ကတိစကားများ အပေါ် ယုံစားမိ၍ စိတ်သောက ခံစားရတတ်သည်။ အချစ်ဦးနှင့် ဆုံဆည်းကိန်း မရှိသော်လည်း အချစ်ဆုံးသူနှင့်လက်တွဲရမည်။

 

၃ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၃၊ ၁၂၊ ၂၁၊ ၃၀ ရက် မွေးသူများကို ၂ ဂဏန်းသမား များဟုခေါ်သည်။ မျက်နှာပွင့်၍လူချစ်လူခင်ပေါများမည်။ ချစ်သူရည်းစား တစ်ဦးမကရှိမည်။ သူတစ်ပါး အပေါ် အနိုင်ယူ ဗိုလ်ကျရမှကျေနပ်သူများ ဖြစ်ပေရာ အချစ်စိတ်နှင့် ခံယူမူမှာ ဆိုးနွဲ့သမျှကို နားလည်ခွင့်လွှတ်သောသူ၊ အနိုင်ယူရမည့်သူကို ရွေးချယ်တတ်သည်။ နှလုံးသားကို ဦးစားပေး၍ ဆုံးဖြတ်ပြီးမှ မှားယွင်းသလို ပြန်ခံစားတတ်သည်။ နောက်ဆုံးတွင်ကား အရင်ဆုံး ချစ်သူအပေါ် စိတ်ပြန်လည်သွားမည်။ တစ်ဦးကို အသည်းနှလုံးပုံပေး၍ ချစ်တတ်သလို တစ်ပြိုင်တည်း အခြားသူတစ်ဦးအပေါ် ချစ်နိုင်စွမ်း ရှိသည်။ နှလုံးသားအပေါ် ဦးစားပေးလွန်းသူဖြစ်သည်။

 

၄ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၄၊ ၁၃၊ ၂၂၊ ၃၁ ရက်နေ့ မွေးသူများကို ၄ ကဏန်းသမားများဟုခေါ်သည်။ အစွဲအလမ်းကြီးခြင်း၊ တစ်ဖက်စွန်းကျလွန်းခြင်းကြောင့် နှလုံးသားရေးရာ စိတ်သောက ကြုံတတ်သည်။ ဂုဏ်အနိမ့်အမြင့် မတူသူများ အနက် နိမ့်ကျသူကို ဦးစားပေးရွေးချယ်၍ အလိုလိုက်အကြိုက်ဆောင်ကာ ဘဝမြှင့်တင်ပေးကာမှ မိမိ၏အသည်းကို ခွဲသွားခြင်း ခံရတတ်သည်။ စိတ်လှုပ်ရှားမူနှင့် ဆန်းသစ်သော အတွေ့အကြုံများကို လိုလားသော နှလုံးသားကို ပိုင်ဆိုင်သည်။ သို့သော် ဦးနှောက်နှင့် နှလုံးသားအကြား အမြဲတွေေ၀ ဒွိဟဖြစ်ကာ မေတ္တာရေးရာတွင် စိတ်ဓါတ်တက်လွယ်၊ ကျလွယ်သည်။ ဖြောင့်မှန်ရိုးသာ၍ မိမိကြောင့်တစ်ပါးသူ စိတ်ချမ်းမြေ့ အေးချမ်းရခြင်းကို လိုလားသူဖြစ်သည်။ ပေးဆပ် အနစ်နာ ခံသည်။

 

၅ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၅၊ ၁၄၊ ၂၃ ရက်မွေးသူများကို ၅ ဂဏန်းသမားများ ဟုခေါ်သည်။ တွေေ၀ ဒွိဟဖြစ်တတ်သော သဘောသဘာဝရှိသော်လည်း စိတ်ဓါတ် အလွန်ခိုင်မြဲသည်။ အလွယ်တကူ ဆုံးဖြတ်ရွေးချယ်လေ့မရှိ။ မိမိအပေါ် တလေးတစားနှင့် တန်ဖိုးထားသူ၊ တစ်စုံတစ်ရာ အထောက်အကူပြု ပံ့ပိုးနိုင်သူကို ရွေးချယ်တတ်သည်။ အရွေးရခက်အောင် အခွင့်အရေးနှစ်မျိုး ကြုံလာပါက နှလုံးသား၏ တောင်းဆိုမူအပေါ် ရဲဝံ့ပြတ်သားစွာ အလေးပေးမည့်သူဖြစ်သည်။ မိမိနှင့် အသက် အရွယ်၊ ဝန်းကျင်ဇာတိ သဘာဝမတူ ကွာခြားသူများနှင့် မေတ္တာမျှတတ်သည်။ ချစ်သူနှင့် ခွဲခွာရလေ သံယောဇဉ် ပြင်းထန်လေဖြစ်သည်။ အလွန်စိတ်ကူးယဉ်ဆန်သော နှလုံးသားဖြစ်သည်။

 

၆ ဂဏန်း သမားများ
မည်သည့်လတွင်မဆို ၆၊ ၁၅၊ ၂၄ ရက်မွေးသူများကို ၆ ဂဏန်းသမားများဟု ခေါ်သည်။ သံယောဇဉ်ကြီး၍ခိုင်မာသော မေတ္တာတရားနှင့် မိမိက ချစ်ရသူအပေါ် အမြဲစိတ်ချမ်းသာအောင် ဖြည့်ဆည်းပေးရမည်ဟူသောအယူအဆရှိသည်။ ချစ်ခဲ၍ အချစ်မြဲသည်။ မိသားစု အသိုင်းအဝိုင်း မတူညီသူကို ရွေးချယ်၍ အားလုံးနှင့်ဆန့်ကျင်ရန် ဝန်မလေး။ အပျော်သဘော စိတ်ကစားခြင်းမရှိဘဲ သစ္စာ တရားရှိမှ အချစ်မေတ္တာသည် ပြီးပြည့်စုံသည်ဟု ယူဆထား သူဖြစ်သည်။ သို့သော် သူတစ်ပါးအပေါ် မိမိပေးဆပ်သလောက် ထပ်တူ ပြန်ကောင်းသူရရန် ခဲယဉ်းပေသည်။ အချစ်မေတ္တာထက် တစ်စတစ်စ ရစ်နွယ်လာသော သံယောဇဉ်ကို နှစ်သက်သူဖြစ်သည်။

 

၇ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၇၊ ၁၆၊ ၂၅ ရက်မွေးသူများကို ၇ ဂဏန်းသမားများဟု ခေါ်သည်။ အခိုင်အမာဆုံးဖြတ်၍ လေးလေးနက်နက် ချစ်တတ်သည့် အလွန်အေးချမ်းမြင့်မြတ်သော မေတ္တာပိုင်ရှင်ဖြစ်သည်။ တစ်ပါးသူအပေါ်လွန်လွန်ကဲကဲ စာနာနားလည်တတ်ည်။ အချစ်အတွက် အရာရာ ရင်ဆိုင်ဆန့်ကျင်တိုက်ခိုက်ရန် ဝန်မလေးသော်လည်း အချစ်ကိုဖွင့်ဟ ပြောဆိုရန် အလွန်ရှက်သဖြင့် မချစ်တတ်သောသူဟူ၍ အထင်မှားခံရတတ်သည်။ မိမိအား နားလည်မူရှိသူကိုဦးစားပေး ရွေးချယ်သင့်သည်။ အလွန်စန်းပွင့်သော်လည်း ချစ်သူများရန် ဝန်လေးသည် ဘဝလမ်းကြောင်းတွင် မွေးရပ်၊ ဘာသာ၊ ဓလေ့ ထုံးစံမတူသူများနှင့် မေတ္တာမျှရတတ်သည်။

 

၈ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၈၊ ၁၇၊ ၂၆ ရက်မွေးသူများကို ၈ ဂဏန်းသမားများဟုခေါ်သည်။ အရာရာတွင် ထိန်းချုပ်နိုင်သောစိတ်ရှိသလောက် မေတ္တာတရားတွင် ထိန်းချုပ်နိုင်ခြင်းမရှိ။ ချစ်သူကို အလိုလိုက်လွန်း၊ ဦးစားပေးလွန်းသဖြင့် စိတ်သောက ခံစားရတတ်သည်။ ချစ်သူကိုအရာရာပြည့်စုံစေလိုသဖြင့် ပေးဆပ်တတ်သော သဘာဝကြောင့် မိမိနှလုံးသားကို ခုတုံးလုပ်ခြင်းမျိုးပင် ခံရတတ်သည်။ သီးသန့် အေးချမ်းစွာနေတတ်ပြီးမနာလိုဝန်တိုခြင်းကင်းသော ကြီးမြတ်သည့် နှလုံးသားအား ပိုင်ဆိုင်သည်။ မိမိကိုယ်မိမိ အထီးကျန်ဆန်ကာ အားငယ်နေတတ်သော ခံစားချက်ရှိသည်။ သူတစ်ပါး ပစ်ပယ်ထားသူကို စာနာစိတ်အပြည့်နှင့် မေတ္တာထားတတ်သည်။

 

၉ ဂဏန်းသမားများ
မည်သည့်လတွင်မဆို ၉၊ ၁၈၊ ၂၇ ရက်မွေးသူများကို ၉ ဂဏန်း သမားများဟုခေါ်သည်။ အလွန်အချစ်ခံလိုသည်။မိမိ အပေါ် အေးအေးချမ်းချမ်း သိမ်သိမ်မွေ့မွေ့ နူးညံ့စွာ အလေးပေးဆက်ဆံသူအား လိုလားသည်။ အချစ်အတွက် ဘာမဆို ပေးဆပ်ရဲသည်။ အလွန်မျက်နှာများ၍ ရည်းစားမှိုလိုပေါက်အောင် အပြိုင်ထားလင့်ကစား အိမ်ထောင်ရေးရာတွင် အချစ်ဆုံးနှင့် လွဲချော်၍ နီးစပ်မူအရှိဆုံးသူနှင့် ဆုံဆည်းရတတ်သည်။ မည်မျှဆိုးသော အိမ်ထောင်ဖက်ဖြစ်စေ အိမ်ထောင်တစ်ဆက်တည်းမြဲစေရန် အစဉ်ကြိုးပမ်းလေ့ရှိသည်။ အပြင်ပန်းအရ ကြမ်းတမ်းခက်ထန်သည်ဟုထင်ရ လင့်ကစား အတွင်းစိတ်နူးခံ့၍ အပေးသမားသာဖြစ်သည်။

 

 

Source: sayar Tharhtetsan

Read times Last modified on Wednesday, 12 August 2020 13:22
Rate this item
(1 Vote)