မင်္ဂလာပွဲကို ကိုယ်တိုင် စီစဉ်မလား WEDDING PLANNER ကို အပ်မလား

မင်္ဂလာပွဲကို ကိုယ်တိုင် စီစဉ်မလား WEDDING PLANNER ကို အပ်မလား

မင်္ဂလာပွဲတစ်ခုဖြစ်မြောက်ရေးစီစဉ်ရာမှာ ခန်းမ၊ အခမ်းအနား အပြင်အဆင်၊ ကိတ်၊ ဝတ်စုံ၊

ဓာတ်ပုံ၊ ဗီဒီယို၊ အခမ်းအနားမှူး၊ ဖျော်ဖြေရေး အစီအစဉ်၊ ဖိတ်ကြားရေး၊ မိတ်ကပ်စတဲ့ များမြောင်လှတဲ့ ကိစ္စတွေကို တစ်နေရာမှ လစ်ဟာမှုမရှိအောင်  ကိုယ်တိုင်ရော၊ မိဘဆွေမျိုး အသိုင်းအဝိုင်းပါ ဘယ်လိုပဲ ဝိုင်းဝန်း စီစဉ်စီစဉ်၊ အစီအစဉ်တကျ သေသေသပ်သပ်နဲ့ စိတ်ပင်ပန်း မောလျစရာမလိုဘဲ ပြီးစီးသွားဖို့ဆိုတာ မလွယ်ကူတဲ့ အလုပ်ဖြစ်ပါတယ်။

ဒါကြောင့်လည်း ယနေ့ခေတ်တွင် တချို့က Wedding Planner တွေကို သုံးကြပြီး တချို့ကျတော့လည်း ကိုယ့်ပွဲကို ကိုယ်တိုင်ကိုယ်ကျ ကိုယ်ဖြစ်ချင်တဲ့အတိုင်း စိတ်တိုင်းကျ ပုံဖော်ချင်ပါတယ်ဆိုတဲ့ သူတွေလည်း ရှိနေပါတယ်။ Event planner တချို့ကတော့ မင်္ဂလာပွဲတွေကို စီစဉ်ပေးရတာဟာ လူတွေရဲ့ တစ်ကိုယ်ရေ ခံစားချက်တွေကို ပြည့်မီအောင် ဝန်ဆောင်မှုပေးရတာမို့ တခြားပွဲတွေ စီစဉ်ရတာထက်ပိုလို့ အနုစိတ် ပင်ပန်းတယ်လို့ ဆိုကြပါတယ်။


နိုနိုအောင်
ကိုယ်က အလုပ်မှာ Event တွေ စီစဉ်နေကျဆိုတော့ ကိုယ့်မင်္ဂလာပွဲ ကိုယ့်ဘာသာ စီစဉ်နိုင်တယ်ဆိုပြီး လုပ်ကြတာ။ ဝိုင်းကူညီတာက အစ်မနဲ့ သတို့သားပေါ့။  မင်္ဂလာပွဲ စီစဉ်တုန်း စိတ်အဖိစီးရဆုံးက ငွေကြေးပဲ။ သမီးတို့က ကိုယ့်ပိုက်ဆံနဲ့ကိုယ်စုပြီး မင်္ဂလာဆောင် လုပ်တာဆိုတော့ သမီး မိဘရဲ့ Expectation ကို မီအောင် လိုက်လုပ်ရတာ အတော်အခက် တွေ့တယ်။ မိဘဆီကလည်း ပြန်မယူချင်ဘူး။ တကယ် မင်္ဂလာဆောင်လုပ်တော့ နီးလေ ကုန်လေပဲ။ ကြိုတွက်ထားတာတောင် မှန်းထားတဲ့ ကုန်ပေါက်တွေရော၊ မမှန်းထားတာတွေရောက အကုန် အသီးသီးပေါ်လာတာ။ ဘတ်ဂျက်ထက် ပိုလာတော့ ခေါင်းခဲတာပေါ့။ လုပ်နေရင်း ပင်ပန်းလာပေမယ့်လည်း Planner အပ်ဖို့တော့ စိတ်ကူးမရဘူး။ ကိုယ့် လက်ကိုယ့်ခြေလုပ်ရတာ ကြိုက်လို့။  နောက် Planner တွေက ဈေးကြီးတာရယ်၊ မယုံရတာရယ်နဲ့ ပေးရတဲ့ဈေးနဲ့ မတန်တာတွေလည်း ပါတယ်။ အခု သမီး မင်္ဂလာဆောင်က ကိုယ်တိုင် လိုက်စီစဉ်တော့ ပင်ပန်းပေမယ့် သိန်း ၁၀ဝ ကျော်နဲ့ တန်အောင်ရတယ်လို့ ထင်တယ်။ ပန်း၊ ဝတ်စုံ၊ ဘာညာအစပေါ့။ ဧည့်သည်က ၅၀ဝ ဆိုတော့ Planner အပ်ရင်တော့ အများကြီး ပေးရမှာပဲ။ ဒါပေမယ့် နောက်ဆုံး ကျေနပ်တယ်လေ။

02

မေသန္တာဝင်း
မေတို့ မင်္ဂလာပွဲ ၄ ပွဲလုပ်တယ်။ ဘယ်ပွဲမှာမှ Wedding Planner မသုံးဘူး။ အကုန် ကိုယ့်ဘာသာကိုယ် လုပ်တာ။ အသေ ပင်ပန်းတယ်။ ပင်ပန်းတယ်ဆိုပေမယ့် Wedding Planner သုံးလိုက်ရ ကောင်းသားလို့ အတွေး လုံးဝမဝင်မိပါဘူး။ ကိုယ် လုပ်ချင်တာ ကိုယ်ပဲ သိတာလေ။ ကိုယ့် ပွဲကိုယ် Personal Touch ပဲပါတာ ကြိုက်တယ်။ ပင်ပန်းပေမယ့် နှစ်ယောက်အတူ လုပ်ရတာဆိုတော့ ပိုပျော်တယ်။ တစ်ယောက်နဲ့ တစ်ယောက် ဒီပွဲပေါ် ထားတဲ့ Sentimental Value ကို ပို မြင့်စေတယ်လေ။ တကယ်တော့ အရူးအမူး ဖြစ်တဲ့သူတွေလောက်ပဲ Planner သုံးတယ်လို့ ထင်တယ်။ မင်္ဂလာပွဲ စီစဉ်ရတဲ့အထဲမှာ စိတ် အပင်ပန်းရဆုံးက လူနေရာချတာ၊ ဘယ်သူတွေကို ဖိတ်မလဲ ရွေးရတာ၊ VIP တွေ နေရာ အဆင်ပြေပါ့မလားဆိုတာ တွေးရတာတွေပေါ့။ မေတို့ဆို ဖိတ်စာကအစ ကိုယ့်ဘာသာ ကိုယ်လုပ်တာ။ မင်္ဂလာပွဲဆိုတာ ပျော်ဖို့လည်း အရေးကြီးတယ်။ စီးပွားဖြစ် အမြတ်ရအောင် လုပ်တဲ့ပွဲမှ မဟုတ်တာလေ။ မေတို့ နှစ်ယောက်စလုံးက ကိုယ်စုထားတဲ့ပိုက်ဆံနဲ့ ကိုယ် မင်္ဂလာပွဲ လုပ်ခဲ့ကြတာ။

03

ဇင်မာဝင်းစံ
အချိန်မရှိ၊ ကိုယ်တိုင် လိုက်မစီစဉ်နိုင်တဲ့ သူတွေအတွက်တော့ Planner က ကောင်းတာပေါ့နော်။ တချို့ကလည်း ကိုယ်တိုင်စီစဉ်တာ ကောင်းတယ်၊ ဈေးလည်း ပိုသက်သာတဲ့အပြင် ပိုလည်း စိတ်တိုင်းကျတယ်လို့ ပြောကြတယ်။ အကျိုးကျေးဇူးကတော့ ကိုယ်အပ်တဲ့သူက ကောင်းတယ်ဆိုရင် စိတ်ချမ်းသာရမယ်၊ လူမပင်ပန်း၊ အချိန်မကုန်ဘူးပေါ့။  အဲ ကိုယ်အပ်မိတဲ့သူက တလွဲဆိုရင်တော့ ပွဲမတိုင်ခင်ရော ပွဲအပြီးမှာပါ စိတ်ညစ်ရမှာပါ။ အဆင်ပြေခြင်း မပြေခြင်းကလည်း သေချာပေါက် တွက်ထားလို့ မရပြန်ဘူး။  နာမည်ကြီးပြီး သူများနဲ့ အဆင်ပြေပေမယ့် ကိုယ်နဲ့ ပြေချင်မှပြေတာ။ လာမယ့် နိုဝင်ဘာမှာ လုပ်မယ့် သမီး မင်္ဂလာပွဲအတွက်တော့ တစ်ဝက်ကို Planner အပ်ပြီး တစ်ဝက်ကို ကိုယ်တိုင်စီစဉ်ပါတယ်။ Planner အပ်တာကျ ဝတ်စုံဆို ကိုယ်တိုင် စီစဉ်စရာမလိုဘူး၊ သူတို့ အကုန်လုပ်ပေးတာကို ကိုယ်က ဖြစ်ချင်တာ ပြောရုံပဲဆိုတော့ အတော်သက်သာတယ်။

Read times Last modified on Wednesday, 19 September 2018 14:51
Rate this item
(1 Vote)