မိုးကုတ် ထာပွဲဈေးများကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြန်ဖွင့်ခွင့်ပြု

မိုးကုတ် ထာပွဲဈေးများကို ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြန်ဖွင့်ခွင့်ပြု Google

မိုးကုတ်ဒေသ၌ Covid-19 ကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရန် ယာယီပိတ်ထားခဲ့သည့် ပန်းခြံထာပွဲဈေး (ကျောက်မျက်ဈေး) နှင့် မဏိမင်္ဂလာထာပွဲတို့ကို ဒီဇင်ဘာ ၂၀ (ယနေ့)တွင် ပြန်လည်ဖွင့်လှစ်ခွင့်ပြုမည်ဖြစ်ကြောင်း မိုးကုတ်မြို့နယ် စည်ပင်သာယာရေးကော်မတီထံမှ သိရသည်။

 

မိုးကုတ်ဒေသ၌ Covid-19 ရောဂါကူးစက်ပျံ့နှံ့မှုကို ကာကွယ်ထိန်းချုပ်ရန် ထာပွဲဈေးများကို အောက်တိုဘာ ၁၂ ရက်က စတင်ပိတ်ထားခဲ့ခြင်းဖြစ်ရာ အဆိုပါဈေးနှစ်ဈေး ပိတ်ထားရသည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။

 

စည်ပင်သာယာရေး ကော်မတီအောက်ရှိ ပန်းခြံထာပွဲဈေးနှင့် မဏိမင်္ဂလာထာပွဲဈေးတို့ကို Covid-19 စည်းကမ်းသတ်မှတ်ချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ်ခွင့်ပြုရန် အစည်းအဝေးပြုလုပ်ကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်၍ သတ်မှတ်စည်းကမ်းချက်များကို မလိုက်နာလျှင် ပြန်ပိတ်မည်ဖြစ်ကြောင်း မိုးကုတ် မြို့နယ်စည်ပင်သာယာရေး ကော်မတီ ဥက္ကဋ္ဌ ဦးဝင်းတင့်က ပြောကြားခဲ့ပါသည်။

 

"အများစုက ထာပွဲမထွက်ရတော့ စီးပွားရေးအနေအထား ကျပ်တည်းသွားကြတာရှိတာပေါ့နော်၊ သူတို့ကလည်း ဖွင့်ခွင့်ပြုဖို့ တောင်းဆိုထားတာရှိတယ်၊ ဒီဈေးနှစ်ခုက စည်ပင်ကနေ ခွင့်ပြုချက်ပေးလို့ရတဲ့ ကျောက်မျက်ဈေး နှစ်ခုပေါ့။ အပြင်မှာလည်း ကျောက်မျက်ဈေးတွေရှိတယ်၊ အဲဒီကျောက်မျက်ဈေးတွေမှာလည်း လုပ်ကိုင်နေတာရှိတော့ ဒီဈေးတွေကို ပြန်ဖွင့်လှစ်ခွင့်ပြုဖို့ ဆုံးဖြတ်လိုက်တဲ့သဘောပါ၊ မိုးကုတ်မှာ ကိုဗစ်ထိန်းချုပ်နိုင်မှု အနေအထားကတော့ အားလုံးကောင်းပါတယ်" ဟု ၎င်းကပြောခဲ့ပါသည်။

 

ထာပွဲသို့ လာရောက်သူများသည် နှာခေါင်းစည်း၊ လက်အိတ်၊ လက်ဆေးဂျယ်များပါရမည်ဖြစ်ပြီး ထီးဝိုင်းအောက်ရှိ စားပွဲဝိုင်းတစ်ခုလျှင် ၅ ယောက်ထက် ပိုထိုင်ခွင့်မပြုဟုသောအချက်အပါအဝင် သတ်မှတ်စည်းကမ်းချက်များကို လိုက်နာရမည်ဖြစ်ကြောင်း မိုးကုတ်ထာပွဲ ကျောက်ကုန်သည်၊ ပွဲစားများအသင်းဥက္ကဋ္ဌ ဒေါ်ဖြူဖြူမြင့်ကလည်း ပြောခဲ့ပါသည်။

 

"အခုလို ဖွင့်ခွင့်ရတော့ အကုန်လုံးလည်းဝမ်းသာကြတာပေါ့။ ထာပွဲတွေပိတ်ထားလိုက်တော့ မြို့ရဲ့စီးပွားရေးက အရမ်းခက်ခဲကျပ်တည်းသွားကြတယ်"ဟု ဒေါ်ဖြူဖြူမြင့်က ပြောခဲ့ပါသည်။

 

 

The Voice

Read times Last modified on Monday, 21 December 2020 17:50
Rate this item
(0 votes)