ပုလဲတစ်လုံးရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်ကြမလဲ

ပုလဲတစ်လုံးရဲ့တန်ဖိုးကို ဘယ်လိုသတ်မှတ်ကြမလဲ Google

ပုလဲကို မြန်မာလူမျိုးတို့က နဝရတ်ကိုးပါးတွင် ပါဝင်သော ရတနာတစ်ပါးအဖြစ် အမြတ်တနိုး တန်ဖိုးထား ဝတ်ဆင်ကြပါတယ်။ 

နဝရတ် ကိုးပါးစလုံးတွင် တစ်ခုခြင်း၌ ထူးခြားသည့် တန်ခိုးအာနိသင် ရှိကြသည့်အနက် ပုလဲ၏ အာနိသင်မှာ ကျက်သရေမင်္ဂလာ ရှိခြင်းပင်ဖြစ်သည်။ ပုလဲ၏ အားသာချက်မှာ ကျောက်မျက်များကဲ့သို့ ခွဲဖြတ်ခြင်း၊ သွေးယူခြင်းတို့ ဆောင်ရွက်ရန် မလိုပဲ ပုလဲဖော်ယူ ပြီးလျှင် ပြီးခြင်းပင် လှပနှစ်လိုဖွယ်ရာ တွေ့မြင်ရမှာပါ။

ကျက်သရေမင်္ဂလာ အပေါင်းနှင့် ပြည့်စုံတဲ့ ပုလဲတွေကို ဘယ်လိုတန်ဖိုးဖြတ်ကြမလဲ.......။

ပုလဲ အကြောင်း နှင့် ပုလဲကို ဘယ်လိုထိန်းသိမ်းလဲဆိုတာတွေကို ပရိတ်သတ်တွေအတွက် Gold & Jewellery မှ ဖော်ပြပေးလိုက်ပါတယ်။

 


ပထမဦးဆုံးအနေဖြင့် ပုလဲတွေကို တန်ဖိုး သတ်မှတ်ရာတွင် အောက်ဖော်ပြပါ အချက် (၇)ချက် ပေါ်မှာ အဓိကအခြေခံပြီး ဆုံးဖြတ်လေ့ရှိပါတယ်။

 

၁။ LUSTRE ( ပွင့်ရည် အရည်အသွေး )

ပြင်ပမှ အလင်းရောင်သည် ပုလဲသား အလွှာပါးလေးများ အတွင်းသို့ ထိုးဖောက် ဝင်ရောက် ရိုက်ခတ်၍ အလင်းပြန်ခြင်း ဖြင့် ပုလဲ တစ်လုံး၏ တောက်ပမှု အလင်း ဖြစ်ပေါ် စေခြင်းအား ပွင့်ရည်ဟု ခေါ်ပါသည်။ တန်ဖိုး သတ်မှတ်ရာတွင် အခြေခံရသည့် အချက်များ အားလုံးတွင် ပွင့်ရည်သည် အရေးကြီးဆုံး ဖြစ်ပါသည်။ ပွင့်ရည် မရှိသော ပုလဲ များသည် ထွန်းလင်း တောက်ပမှု မရှိဘဲ အရောင်မှိန်နေပါသည်။

 

၂။ SURFACE QUALITY ( ပုလဲ မျက်နှာပြင် ချောမွေ့ ပြေပြစ်မှု )

ပုလဲ တစ်လုံးနှင့် တစ်လုံးမှာ မျက်နှာပြင်၏ အနေအထားပေါ်တွင် မူတည်၍ အရည်အသေးအားဖြင့် မတူညီနိုင်ပါ။ အနာအဆာ ကင်းသော ပုလဲများသည် ရှားပါးမှုကြောင့် အကောင်းဆုံးဟု သတ်မှတ်ခံရပြီး တန်ဖိုးအားဖြင့် ဈေးအလွန်ကြီးပါသည်။ မွေးပုလဲများသည် သက်ရှိ သတ္တဝါမှ ထုတ်လုပ်ရခြင်း ဖြစ်၍ အနာအဆာ တစ်မျိုးမျိုး ရှိနေတတ်ပါသည်။ စက်ရုံမှ ထုတ်လုပ် သကဲ့သို့ စင်းလုံးချောမရနိုင်ပါ။ ထိုအချက်သည်ပင်လျှင် သဘာဝ၏ ထိတွေ့မှု ဖြစ်သောကြောင့် ပုလဲ တစ်လုံးနှင့် တစ်လုံး ရာနှုန်းပြည့် မတူညီနိုင်သဖြင့် ပုလဲကို မြတ်နိုးသူများ တန်ဖိုးထားစရာ ဖြစ်ပါသည်။

 

၃။ NACRE QUALITY ( ပုလဲသား အလွှာ၏ အထူအပါး )

ပုလဲသား အလွှာထုသည် ပွင့်ရည် LUSTRE ဖြစ် ပေါ်စေရန် အခြေခံကျသည့် အချက် ဖြစ်ပါသည်။ ပုလဲသား အလွှာ ထူပါးခြင်းသည် ပုလဲ၏ အရည်အသွေးကို ဆုံးဖြတ်နိုင်ရန် အထောက်အကူ ပြုပါသည်။ ပိုမိုတောက်ပသော ပုလဲ အများစုမှာ ပုလဲသားလွှာ ထူထဲမှု ရှိပြီး ပုလဲသားလွှာ ပါးနေပါက အရောင်မှာ မှိန်ပြီး ဖြူသော အရောင်အဆင်း ရှိနေပါသည်။ ပုလဲသားလွှာ ပါးနေပါက ပုလဲ၏ တန်ဖိုး ကျဆင်းနိုင်ပါသည်။ ပုလဲသားလွှာ ထူမှသာ ရာစုနှစ်များစွာ ခိုင်ခံ့နေပြီး ဆွဲဆောင်မှု ရှိသည့် အသွင်အပြင်ကိုလည်း ထိန်းထား နိုင်ပါသည်။ ပုလဲသားလွှာ ထူသည့် ပုလဲတိုင်းသည် တူညီသော ပွင့်ရည် မရှိနိုင်ပါ။ ပုလဲသားလွှာများ အတွင်း အလင်းဖောက်ထွင်း ဝင်ရောက်နိုင်မှုနှင့် ပုလဲသား အလွှာ အထပ်လေးများ အစီအစဉ် ကျနစွာ တည်ရှိနေမှုတို့ပေါ် မူတည်၍ ပွင့်ရည် မတူညီမှုကို ဖြစ်စေပါသည်။

 

၄။ SIZE ( အရွယ်အစား )

တောင်ပင်လယ် ပုလဲများသည် အရွယ်အစား ကြီးသော ပုလဲများ ဖြစ်ပါသည်။ ပုလဲတစ်လုံးသည် သူ့အမျိုးအစားနှင့် သူ ရှိရမည့် အရွယ်ထက် ပိုမို ကြီးမားနေမည် ဆိုပါက ထိုပုလဲ၏ မက်မောဖွယ် ကောင်းသော ရှားပါးသည့် အရည်အသွေး ( Rarity ) ကြောင့် အမျိုးတူ ပုလဲများထက် တန်ဖိုး အားဖြင့် ပိုမို မြင့်မားလာမည် ဖြစ်ပါသည်။

 

၅။ SHAPE (ပုံသဏ္ဌာန်)

ပုလဲ၏ ပုံသဏ္ဌာန် အပေါ် မူတည်၍လည်း တန်ဖိုးကို ဆုံးဖြတ်ပါသည်။ လုံးဝန်းသော ပုလဲများသည် တန်ဖိုး အမြင့်ဆုံး ရရှိနိုင်ပါသည်။

 

၆။ COLOUR ( အရောင် )

တောင်ပင်လယ် ပုလဲ၏ အခြေခံအရောင်အဖြစ် ငွေရောင်နှင့် ရွှေရောင်ဟု နှစ်ရောင်သတ်မှတ်ပါသည်။ အခြေခံအရောင်ပေါ်တွင် ထပ်မံစိုးမိုးပြီး ရောယှက်ဖြစ်ပေါ်နေသော အရောင်ကွဲ များမှာ ပန်းရောင်၊ ရွှေအိုရောင်၊ ရွှေဝါရောင်နှင့် နို့နှစ်ရောင်တို့ ဖြစ်ပါသည်။ သက်တန့် ရောင်စဉ်ကဲ့သို့ မျက်နှာပြင်တွင် ရောင်စုံ ဖြာထွက်နေသော ပုလဲများသည် ဈေးအမြင့်ဆုံး ရစေသည်။

 

၇။ MATCHING ( တူညီ လိုက်ဖက်မှု )

ပုလဲ တစ်လုံးနှင့် တစ်လုံး တိကျစွာ တူညီနိုင်ခြင်း မရှိပါ။ တူညီ လိုက်ဖက်မှုသည် လည်ဆွဲ သွယ်တန်းရာတွင် လည်းကောင်း၊ ပုလဲ တစ်လုံးထက် ပိုမိုသော လက်ဝတ် ရတနာ များ စီခြယ်ရာတွင် လည်းကောင်း၊ အထောက်အကူ ပြုသည်။ တူညီ လိုက်ဖက်မှု ရှိသည့် ပုလဲ တစ်လုံးစီကို ညီမျှသော အကျိုး ကျေးဇူး ဖြစ်ပေါ် လာအောင် ဖန်တီး ယူနိုင်မည် ဆိုလျှင် ထိုကဲ့သို့ တူညီ လိုက်ဖက်မှုကို MATCHING ဟု ခေါ်ပါသည်။

 

 

Source: Wikipedia

Read times
Rate this item
(1 Vote)
Tagged under