လင်ရယ် မယားရယ်လို့ ဖြစ်လာကြရင်

လင်ရယ် မယားရယ်လို့ ဖြစ်လာကြရင် google.com

လင်ရယ် မယားရယ်လို့ ဖြစ်လာကြရင် တစ်ယောက်ကတစ်ယောက်အတွက်ချစ်သူရည်းစားထက်ပိုတဲ့ အားကိုးအားထားရာပါရမီဖြည့်ဖက်ကောင်းဖြစ်ရမှာပါ။

 

လက်ထပ်ပြီးလို့ လင်ရယ် မယားရယ်လို့ ဖြစ်လာကြတဲ့လင်မယားတွေကြားမှာ အချစ်၊ နားလည်ပေးမှု၊ ဂရုစိုက်မှု ဆိုတာတွေအပြင် တစ်ဦးအပေါ်တစ်ဦး အရေးကြီးတဲ့ဖြည့်ဆည်းပေးမှုတွေလည်း လိုအပ်ပါတယ်။ ဖြည့်ဆည်းပေးမှုဆိုတဲ့နေရာမှာ ရုပ်ဝတ္ထုနဲ့ ငွေကြေးဥစ္စာဖြည့်ဆည်းမှုကိုပြောတာမဟုတ်ပါဘူး။ ရုပ်ဝတ္ထုထက် ပိုပြီးအရေးကြီးတဲ့ စိတ်ပိုင်းဆိုင်ရာဖြည့်ဆည်းပေးမှုတွေကိုပြောတာပါ။

 

လက်ထပ်ထိမ်းမြားပြီးသွားလို့ အိမ်ထောင်သည် ဘဝရောက်တဲ့အခါ အပျို၊ လူပျိုဘဝတုန်းကလိုတော့ တစ်ချို့ကိစ္စတွေမှာ ပြုမူလို့ မရတော့ပါဘူးနော်။ ဒါဟာ လွတ်လပ်ခွင့်တွေ ဆုံးရှုံးသွားတာ မဟုတ်ပါဘူး။ အိမ်ထောင်ရှင်ကောင်းတစ်ယောက်ဖြစ်ဖို့ မိသားစုအပေါ် တာဝန်သိတတ်တာပဲဖြစ်ပါတယ်။ ပျော်ရွှင်သာယာတဲ့အိမ်ထောင်တစ်ခုဖြစ်ဖို့ ငွေရေးကြေးရေးခိုင်မာတောင့်တင်းဖို့အရေးပါလှပါတယ်။ အဲ့ဒီအတွက် ဝင်ငွေထွက်ငွေ မျှရမှာ ဖြစ်တဲ့အပြင် အရေးပေါ်ကိစ္စတွေမှာလိုအပ်လာရင် သုံးဖို့ငွေလည်းစုဆောင်းရမှာပါ။

 

များသောအားဖြင့်တော့ ယောက်ျားလေးတွေက ပိုက်ဆံစုလေ့စုထမရှိသလို အသက်ငယ်ပြီးအလှကြိုက်တဲ့ မိန်းကလေးတွေကလည်း ပိုက်ဆံစုတဲ့အကျင့်မရှိကြတာများပါတယ်။ တစ်ကိုယ်ရည်ဘဝမှာ တစ်လစာ တစ်လစာ အလျဉ်မီရုံတင်သုံးစရာရှိရင် အဆင်ပြေနိုင်ပေမယ့် အိမ်ထောင်သည်ဘဝရောက်တဲ့အခါမှာတော့ ငွေပိုငွေလျှံ လက်ထဲမှာအမြဲရှိသင့်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ပိုက်ဆံကုန်မယ့်မိသားစုအရေးကိစ္စတွေက မရည်ရွယ်ဘဲ ပေါ်လာတတ်တဲ့အပြင် တစ်ကိုယ်တည်းနေတုန်းကထက် လူမှုရေးကိစ္စတွေပိုများတဲ့အတွက်ကြောင့်ပါပဲ။

 

အိမ်ထောင်ပြုပြီးသွားရင်တိုးပွါးအောင်လုပ်ရမယ့်အရာတွေမှာ ငွေကြေးတစ်ခုပဲအရေးကြီးတာမဟုတ်ပါဘူး။ ပညာနဲ့၊ Professional Skill တွေတိုးပွါးလာဖို့ အရေးကြီးတဲ့အတွက် ကိုယ့်ရဲ့အိမ်ထောင်ဘက်ကိုယ်ရည်ကိုယ်သွေး မြင့်မားစေဖို့နဲ့ ပိုမိုကောင်းမွန်တဲ့အလုပ်အကိုင်အခွင့်အလမ်းတွေရရှိနိုင်ဖို့ ဖြည့်ဆည်းပေးရပါမယ်။ ဆိုလိုတာကတော့ အတတ်ပညာတစ်ခုခု သင်ယူချင်တာ၊ လုပ်ငန်းအတွက် လိုအပ်တဲ့ပစ္စည်းတွေ ဝယ်ယူချင်တာမျိုးအတွက် ကိုယ်ကအားပေးထောက်ခံသူ ဖြစ်သင့်ပါတယ်။ ဒါကြောင့် လင်ရယ် မယားရယ်လို့ ဖြစ်လာကြရင် တစ်ယောက်ကတစ်ယောက်အတွက် ချစ်သူလင်မယားထက်ပိုတဲ့အားကိုးအားထားရာပါရမီဖြည့်ဖက်ကောင်း ဖြစ်ရမှာပါ။

 

 

Credit;Marry

Read times Last modified on Tuesday, 18 September 2018 15:41
Rate this item
(1 Vote)