ဟန်းနီးမွန်းခရီး (ပျားရည်ဆမ်းခရီး) ကို ဘာလို့သွားကြတာလဲ?

ဟန်းနီးမွန်းခရီး (ပျားရည်ဆမ်းခရီး) ကို ဘာလို့သွားကြတာလဲ? google

အချို့လူတွေအတွက်တော့ ပျားရည်ဆမ်းခရီးဆိုတာ အချိန်ကုန် ပိုက်ဆံကုန်တဲ့ အရေးမကြီးတဲ့ခရီးလို့ ထင်ကောင်းထင်ကြပါလိမ့်မယ်။

 

ဒါပေမယ့် ပျားရည်ဆမ်းခရီးဆိုတာ ရိုးရိုးသာမန်ခရီးထက် ထူးခြားတာတော့အမှန်ပါပဲ။ ကိုယ်နဲ့တစ်ဘဝလုံး ပေါင်းဖက်ရမယ့် လက်တွဲဖော်နဲ့ နှစ်ယောက်အတူ နားလည်မှုတည်ဆောက်ရမယ့် ခရီးပါပဲ။ ဒါကြောင့် ဇနီးမောင်နှံနှစ်ဦးအတွက် စိတ်ဖိစီးမှုတွေကင်းဝေးပြီး တန်ဖိုးရှိတဲ့အချိန်များဖန်တီးနိုင်မယ့် ပျားရည်ဆမ်းခရီးကို ဘာကြောင့်သွားသင့်လဲဆိုတဲ့ အချက် (၅) ချက်ကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်။

 

(၁) လက်ထပ်ခြင်းဆိုတာ သီးခြားဘဝတစ်ခုစီကလာတဲ့ လူနှစ်ဦးအတွက် တစ်ယောက်နဲ့တစ်ယောက် ကူညီဖေးမရင်း ချစ်ခြင်းမေတ္တာများနဲ့ တစ်ဘဝလုံးစာရှေ့ဆက်သွားရမယ့် ခရီးရှည်ကြီးတစ်ခုကို ထွက်နေတာပါပဲ။ ဒါ့ကြောင့် ကိုယ်နဲ့စိတ်တူသဘောတူ လိုအပ်ချက်များကို ဖြည့်စွက်ကူညီပေးမယ့်၊ ကိုယ့်ကိုလည်းအချစ်စစ်နဲ့ချစ်မယ့် လက်တွဲဖော်တစ်ယောက်ကို ရရှိလိုက်တဲ့အတွက်အောင်ပွဲခံ အခမ်းအနားအဖြစ် ပျားရည်ဆမ်းခရီးကို သွားသင့်ပါတယ်။

 

(၂) နေ့စဉ်လုပ်နေကြအလုပ်တွေနဲ့တွေ့ကြုံနေရတဲ့ အခက်အခဲတွေကို မေ့လျော့ထားပြီး ကိုယ်ပိုင်အချိန်တစ်ခုကို ရရှိစေမယ့် ပျားရည်ဆမ်းခရီးဟာ သင့်နဲ့သင့်လက်တွဲဖော်ကြားက ဆက်သွယ်မှုတွေကို တိုးတက်စေပြီး ပျော်ရွှင်စရာကောင်းတဲ့ အချိန်ကာလတစ်ခုကို ပေးစွမ်းနိုင်မှာပါ။ စိတ်ဖိစီးမှုတွေကိုပြေပျောက်စေမယ့် အပန်းဖြေခရီးပဲဖြစ်ဖြစ် စွန့်စားမှုတွေကို စူးစမ်းရှာဖွေမယ့် ခရီးပဲဖြစ်ဖြစ် ဇနီးမောင်နှံနှစ်ယောက်အတူတူရှိနေတဲ့အတွက် ပျော်စရာအတိပါပဲ။

 

(၃) အကယ်၍များ မိဘက စီစဉ်ပေးတဲ့ လက်ထပ်ပွဲမျိုးဆိုရင် ပိုလို့တောင် ပျားရည်ဆမ်းခရီးကို သွားသင့်ပါသေးတယ်။ ဘာဖြစ်လို့လဲဆိုတော့ စိတ်ညစ်စရာများ၊ ပူပင်စရာများ၊ နေ့စဉ်လုပ်ငန်းဆောင်တာများနဲ့ကင်းဝေးတဲ့ ပတ်ဝန်းကျင်က သင်တို့နှစ်ဦးအတွက် အချစ်စိတ်တွေကို ပေါက်ဖွားစေနိုင်လို့ပါ။ တစ်ယောက်နဲ့တစ်ယောက်ချစ်ခင်နှစ်သက်လို့လက်ထပ်ကြတဲ့ စုံတွေတွေအတွက်လည်း ထိုနည်း၎င်းပါပဲ။

 

(၄) ရင်ခုန်စရာကောင်းတဲ့ ပျားရည်ဆမ်းခရီးစဉ်ဟာ သင်တို့ဇနီးမောင်နှံနှစ်ဦးအတွက် တစ်ဘဝလုံးစာ မေ့မရနိုင်မယ့် အဖြစ်အပျက်တွေကို သယ်ဆောင်ပေးလာမယ်ဆိုတာ အသေအချာပါပဲ။ နှစ်ဦးသားရိုက်ကူးခဲ့ကြတဲ့ ဓာတ်ပုံလေးတွေ၊ တစ်ယောက်နဲ့တစ်ယောက်ကြည့်ခဲ့ကြတဲ့ အကြည့်တွေ၊ ရာသီဥတုအပြောင်းအလဲကြောင့် နေမကောင်းဖြစ်ခဲ့လို့ပြုစုယုယပေးခဲ့တာလေးတွေကအစ တစ်ဘဝလုံးစာအတွက် မေ့မရနိုင်အောင် သင့်ရဲ့မှတ်ဉာဏ်မှာထင်ဟပ်နေစေမှာပါ။

 

(၅) အလုပ်ကိစ္စကြောင့်ဖြစ်ဖြစ် ကိုယ်ရေးကိုယ်တာကိစ္စကြောင့်ဖြစ်ဖြစ် နှစ်ဦးတည်း ဒုတိယအကြိမ်သွားတဲ့ ခရီးဟာ ဒုတိယအကြိမ်မြောက်ပျားရည်ဆမ်းခရီးပါပဲ။ ပထမအကြိမ် နှစ်ဦးတည်းသွားခဲ့တုန်းက တစ်ယောက်အကြောင်းတစ်ယောက်မသိသေးလို့ အဆင်မပြေဖြစ်ခဲ့တာတွေ အနည်းနဲ့အများရှိခဲ့တဲ့သူတွေအတွက်တော့ လိုအပ်ချက်တွေကိုပြင်ဆင်လိုက်မယ်ဆိုရင် ပြီးပြည့်စုံတဲ့ ဒုတိယအကြိမ်မြောက် ပျားရည်ဆမ်း ခရီးဖြစ်စေမှာ အသေအချာပါပဲ။

 

Honeymoon

Myanmar Wedding Guide

 

Read times Last modified on Sunday, 17 January 2021 13:10
Rate this item
(0 votes)