ချစ်သူမိန်းကလေးကိုချစ်ရဲ့သားနဲ့ လမ်းခွဲကြတဲ့အကြောင်းရင်းများ

ချစ်သူမိန်းကလေးကိုချစ်ရဲ့သားနဲ့ လမ်းခွဲကြတဲ့အကြောင်းရင်းများ google

တစ်ခါတစ်လေ နှစ်ယောက်လုံးအပြန်အလှန်ချစ်နေရုံနဲ့ ရှေ့ဆက်လို့ရမယ်လို့ ချစ်သူရည်းစားတိုင်းကထင်ထားကြပါတယ်။

ဒါပေမယ့်နှစ်ယောက်ချစ်နေရုံနဲ့လည်းမပြီးပါဘူး။အချစ်ဆိုတဲ့အရာထက်တစ်ယောက်နဲ့တစ်ယောက်နားလည်မှုအပြန်အလှန်ရှိမှအေးချမ်းသာယာတဲ့ Relationship ဆိုတာဖြစ်လာတာပါ။ ချစ်ရဲ့ သားနဲ့လမ်းခွဲလိုက်ကြတယ်၊ ချစ်နေပေမယ့်ထားခဲ့လိုက်ရတယ်ဆိုတာတွေလည်း ချစ်သူရည်းစားတွေဆီမှာ ရှိတတ်ပါတယ်။

 

အဲ့ဒါဆို သူတို့ရဲ့ ချစ်သူကိုတကယ်မချစ်လို့လားဆိုတော့လည်း သူတို့ရဲ့  ချစ်သူမိန်းကလေးတွေကိုအရမ်းချစ်ပါတယ်တဲ့။ ဒါပေမဲ့ သူတို့ဘာလို့ ဒီလိုအပြန်အလှန်ချစ်ကြတဲ့ဆက်ဆံရေးကို စွန့်ခွာချင်ကြတာလဲ။ ချစ်ရဲ့သားနဲ့ ဘာလို့ထားခဲ့ချင်ကြတာလဲ။ ဒီအချက်တွေကြောင့်ပါတဲ့။

 

စိတ်ဖိစီးမှုများပြားပြီးအဆိုးမြင်နေတဲ့အချိန်

ချစ်သူမိန်းကလေးကလည်း သူတို့ကိုချစ်တယ်၊ ဘယ်နေရာမဆိုတိုင်ပင်တယ်၊ နားလည်မှုပေးထားတယ်၊ ဒါကပဲ Relationship တစ်ခုကိုအေးချမ်းစေတာလားမသိပေမယ့် ယောက်ျားလေးတွေကဒီလိုပြီးပြည့်စုံနေတဲ့အချိန်မှာတောင်စိတ်ထဲမှာဖိစီးမှုတွေရှိနေတတ်ပါတယ် Emotional Overwhelm ဆိုတဲ့အခြေအနေမျိုးဟာ အလုပ်မှာဖြစ်စေ၊ အိမ်မှာမိသားစုနဲ့အဆင်မပြေတာဖြစ်စေ စိတ်ဖိစီးမှုတွေကြောင့်အရာရာကိုအဆိုးမြင်နေတဲ့ အချိန်မျိုးပါ။ အဲ့ဒီလိုအချိန်မှာ ဘယ်လောက်ပဲအဆင်ပြေနေတဲ့ချစ်သူဆက်ဆံရေးမျိုးဖြစ်နေပါစေ၊ သူတို့ရဲ့စိတ်ခံစားချက်ကိုမထိန်းချုပ်နိုင်ပဲအရာရာကို အဆုံးသတ်ပစ်ချင်တဲ့စိတ်တွေဖြစ်လာတတ်ပါတယ်။ ဒါက သူ့ရဲ့စိတ်မရင့်ကျက်သေးတာလို့လည်းပြောလို့ရပါတယ်။ တကယ်လို့မိန်းကလေးဘက်က မပြတ်နိုင်ဘူး၊မပြတ်ချင်ဘူးဆိုရင်သူ့အတွက် အချိန်တစ်ခုပေးပြီး စိတ်တည်ငြိမ်တဲ့အထိအဝေးမှာနေပေးဖို့လိုပါတယ်။ ဘေးကနေ တတွတ်တွတ်လိုက်မေးတာမျိုး၊ အချိန်တိုင်းဖုန်းဆက်ပြီးငိုယိုပြတာမျိုးက ပိုပြီးတော့ဆိုးလာစေပါတယ်။

 

သူတို့ကိုပြင်ဆင်ဖို့ကြိုးစားနေတယ်လို့ခံစားရတဲ့အချိန်

မိန်းကလေးတိုင်းက သူတို့ချစ်တဲ့သူကိုအလကားနေရင်းပြောင်းလဲဖို့ကြိုးစားနေတာတော့မဟုတ်ပါဘူး။ ဒါပေမယ့် အတင်းကြီး နင်ဆေးလိပ်သောက်ရင်ငါနဲ့အပြတ်ပဲ၊ အရက်နဲ့ငါ ဘယ်ဟာကိုရွေးမှာလဲဆိုပြီး ချုပ်ချယ်ပြောင်းလဲဖို့ကြိုးစားတာက ကြာလာရင် သင့်ချစ်သူရဲ့ စိတ်ထဲမှာ ဒါကချစ်လို့ပြောတာမဟုတ်ပဲ သူ့ကိုပြောင်းလဲဖို့ကြိုးစားနေတာပဲလို့ခံစားရမှာပါ။ ဒီလိုချုပ်ချယ်ပြီးပြောင်းလဲဖို့ကြိုးစားနေတာက Relationship တိုင်းမှာရှိနိုင်သလို အဲ့ဒီလို Relationship မျိုးမှာဘယ်လိုယောက်ျားလေးကမှ နှလုံးသားကိုရှေ့တန်းတင်ပြီး ချစ်သူပြောတဲ့အတိုင်းပြောင်းလဲပစ်လိုက်မယ်ဆိုတာမျိုးမရှိနိုင်ပါဘူး။ ဘယ်လောက်ချစ်ချစ် အဲ့ဒီမိန်းကလေးကိုထားခဲ့မှာပါ။

 

လွတ်လပ်မှုတွေပျောက်ဆုံးတော့မှာကိုကြောက်နေတဲ့အချိန်

ဘယ်သူမဆို လွတ်လပ်မှုတွေပျောက်ဆုံးတော့မယ်လို့တွေးမိလိုက်ရင် ချစ်တဲ့စိတ်ထက် လွတ်လပ်ချင်တဲ့စိတ်ကပိုများပြားပြီး ချစ်တဲ့သူကိုထားခဲ့နိုင်ပါတယ်။ အထူးသဖြင့်ယောက်ျားလေးတွေက သူတို့ရဲ့ လွတ်လပ်ခွင့်တွေကိုတားဆီးတာမျိုး၊ သူတို့ရဲ့ အချိန်တွေကို အကုန်ယူထားတာမျိုး၊ ဟိုမသွားရဒီမသွားရချုပ်ချယ်ပြီး ဘယ်သွားသွားလိုက်မယ်ဆိုတဲ့ မိန်းကလေးတွေကို ချစ်ပေမဲ့လည်း နောက်ဆုံးသူ့ရဲ့ လွတ်လပ်မှုကိုသာရွေးချယ်သွားပါလိမ့်မယ်။ မိန်းကလေးတွေဘက်က မှတ်ထားရမှာတစ်ခုက ဒီယောက်ျားလေးက ချစ်သူဆိုတာမှန်ပေမဲ့ သူတို့ရဲ့ ဘဝမှာလည်းသူတို့ကိုယ်ပိုင်ဘဝ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်ဆိုတာရှိပါတယ်။ တစ်ခြားတစ်ယောက်ရဲ့ ဘဝကိုဝင်ပြီးစွတ်ဖက်လို့မရပါဘူး။ သူတို့စိတ်ထဲမှာ ပိတ်လှောင်ခံနေရတယ်ဆိုတဲ့စိတ်မျိုးဝင်လာတဲ့အချိန် ဘယ်လောက်ချစ်တဲ့ မိန်းကလေးပဲဖြစ်ဖြစ် သူတို့ကိုဘယ်လောက်ချစ်ပါတယ်လို့ပြောပြော ထားပစ်ခဲ့ပါလိမ့်မယ်။

 

ဒီအချက်တွေကိုလေ့လာကြည့်မယ်ဆိုရင် ယောက်ျားလေးတွေက သူတို့ချစ်တဲ့မိန်းကလေးကို မထားခဲ့ချင်ပဲ သူတို့ရဲ့ စိတ်၊ သူတို့ရဲ့ ပိတ်လှောင်ခံထားရသလိုခံစားချက်တွေဖြစ်လာလို့သာ ထားခဲ့ကြတာပါ။ မိန်းကလေးတွေဘက်ကလည်း ကိုယ့်ချစ်သူကို ဘယ်လောက်ပဲချစ်ချစ် သူတို့မှာလည်းကိုယ်ပိုင်ဘဝရှိတယ်၊ သူတို့လည်းလွတ်လွတ်လပ်လပ်နေချင်ကြတဲ့ အချိန်တွေရှိတယ်ဆိုတာနားလည်ဖို့လိုအပ်ပါတယ်။

 

Source : Original Writer

Myanmar Wedding Guide

Read times Last modified on Thursday, 28 February 2019 15:07
Rate this item
(0 votes)