ကိုယ်ပိုင်ဆိုင်ထားရတာ ဘယ်လိုအချစ်မျိုးလဲ

ကိုယ်ပိုင်ဆိုင်ထားရတာ ဘယ်လိုအချစ်မျိုးလဲ google.com

ချစ်သူစုံတွဲအများစုဟာတွဲကာစမှာတော့ သူတို့အချစ်ရေးနဲ့ နှစ်ယောက်ကြားဆက်ဆံရေးဟာ အဆင်ပြေချောမွေ့နေပြီး

ဘာကိုမှမေးခွန်းထုတ်စဉ်းစားနေစရာမလိုဘူးလို့ထင်တတ်ကြပါတယ်။ အဲ့ဒီလိုနဲ့တွဲလာတာ ကြာလာတဲ့အခါမှသာ တစ်ယောက်နဲ့တစ်ယောက် အခြေအနေမှန်တွေကို ရိပ်စားမိလာပြီး " သူ ငါ့ကို တကယ်နှစ်နှစ်ကာကာ ချစ်တာမှ ဟုတ်ရဲ့ လား။ ငါ့ရဲ့အပေါ်ယံတွေကိုပဲ တပ်မက်နေတာလား " ဆိုပြီး တွေးလာတတ်ကြပါတယ်။အချစ်ရေးတစ်ခုအတွက် အရေးကြီးဆုံး ပါဝင်တဲ့အရာသုံးခုရှိပါတယ်။ ဒါကတော့ပြောဆိုဆက်ဆံမှု၊ ချစ်ခြင်းမေတ္တာနဲ့ အပြန်အလှန်လေးစားမှုတို့ဖြစ်ပါတယ်။ ဒီသုံးချက်ပေါ်မူတည်ပြီး အချစ်စစ်နဲ့အပေါ်ယံတပ်မက်စိတ် ဘယ်လိုကွဲသွားလည်းဆိုတာ ဖော်ပြပေးချင်ပါတယ်။

 

ပြောဆိုဆက်ဆံမှု

အချစ်စစ် – ကိုယ့်ဘဝနဲ့ ပတ်သက်တဲ့အကြောင်းအရာ၊ အစိတ်အပိုင်းတွေကို ပွင့်ပွင့်လင်းလင်းဖွင့်ပြောပြကြပါတယ်။ ဥပမာ – ငွေရေးကြေးရေးအခြေအနေ၊ ကိုယ်စိုးရွံ့နေမိတဲ့အရာ၊ ဘဝမှာဖြစ်ချင်တဲ့ပန်းတိုင်၊ ရည်ရွယ်ချက်စတာတွေ ဖြစ်ပါတယ်။ ဒီအရာတွေနဲ့ပတ်သက်ပြီး နှစ်ယောက်သားသဘောထားကွဲလွဲလို့ ငြင်းခုန်ရတာတွေရှိနိုင်ပေမယ့် အဆုံးမှာတော့အပေးအယူတစ်ခုခုနဲ့ အဆင်ပြေအောင်ညှိနှိုင်းလိုက်ကြနိုင်ပါတယ်။ ငြင်းခုန်တယ်ဆိုတာဟာလည်း ကိုယ့်ရဲ့ တကယ့်စိတ်ရင်းသဘောထားအမှန်ကို တစ်ဖက်ကိုဖွင့်ထုတ်ချပြနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက် ကောင်းမွန်တဲ့လက္ခဏာတစ်ခုဖြစ်တယ်လို့ဆိုနိုင်ပါတယ်။ ရင်တွင်းခံစားချက်တွေနဲ့ပတ်သက်တဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ပွင့်ပွင့်လင်းလင်းနဲ့ ရိုးရိုးသားသား ရှိတတ်ကြပါတယ်။

 

အပေါ်ယံတပ်မက်စိတ် – အပေါ်ယံတပ်မက်စိတ်ဆိုတဲ့အတိုင်းအပေါ်ယံလေးတွေကိုသာကြည့်ရှုတပ်မက်ပြီး နှစ်ခြိုက်နေတာမျိုး ဖြစ်တဲ့အတွက် ချစ်သူနဲ့ပတ်သက်တဲ့ နက်နက်နဲနဲအကြောင်းအရာတွေကိုမသိကြပါဘူး။ သူကြိုက်တဲ့အရောင်နဲ့သူဖတ်တတ်တဲ့ စာအုပ်လောက်သာသိနိုင်ပါတယ်။ ထွက်လာမယ့်အဖြေတွေကိုလက်ခံနိုင်စိတ်နည်းပါးတဲ့အတွက် သူ့ဘဝနဲ့ ပတ်သက်တဲ့နက်ရှိုင်းတဲ့ အကြောင်းအရာတွေကိုမမေးရဲကြပါဘူး။ တစ်ယောက်အပေါ်တစ်ယောက်ထားရှိတဲ့ခံစားချက်တွေကိုလည်း ပွင့်ပွင့်လင်းလင်းဖွင့်မပြောတတ်ကြဘဲ ရင်ထဲမှာပဲစုဆောင်းသိမ်းဆည်းထားကာအစိုင်အခဲအဖြစ်ရှိနေတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် မကျေမချမ်းဖြစ်နေတတ်ပါ တယ်။

 

ချစ်ခြင်းမေတ္တာ

အချစ်စစ် – အကျပ်အတည်းတစ်ခုခုကြုံရတဲ့အခါ ဘယ်လိုအခြေအနေ၊ ရလာဒ်မျိုးပဲထွက်လာပါစေ။ တစ်ယောက်ဘေးနားမှာ တစ်ယောက်ကအသင့်ရှိနေပေးတတ်ပါတယ်။ ကိုယ့်ချစ်သူပျော်ရွှင်ဖို့အတွက် ကိုယ့်ဘက်က ရင်းနှီးပေးဆပ်မှုတွေ၊ စွန့်လွှတ်အနစ်နာခံမှုတွေ ပြုလုပ်တတ်ပါတယ်။ တစ်ယောက်နဲ့တစ်ယောက်စစ်မှန်ရိုးသားကြပြီး လျှို့ဝှက်ချက်တွေထားလေ့မရှိကြပါဘူး။ ချစ်သူနှစ်ဦးစလုံးဟာစိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာနဲ့ ခံစားချက်တွေမှာပါ လိုက်ဖက်ညီပြီး သဟဇာတ ဖြစ်နေပါတယ်။ ချစ်သူတွေဖြစ်ကြသလို မိတ်ဆွေသူငယ်ချင်းကောင်းတွေလည်း ဖြစ်ကြပါတယ်။

 

အပေါ်ယံတပ်မက်စိတ် – အခြေအနေတွေကကြမ်းတမ်းခက်ခဲလာတဲ့အခါ တစ်ယောက်ကိုတစ်ယောက်စွန့်ခွာသွားကြပါတယ်။ စိတ်ကတစ်ပါးသောအရပ်ဆီကို ပျံ့လွင့်လှုပ်ရှားတတ်ပြီး ယုံကြည်စိတ်ချလို့မရနိုင်ပါဘူး။ အတိတ်က ဖြစ်ရပ်တွေကို လိမ်ညာထားတတ်ပြီး အမှန်တရားကပေါ်လာမှသာဝန်ခံတတ်ကြပါတယ်။ နှစ်ယောက်သားစိတ်တူကိုယ်တူရယ်မောပျော်ရွှင်တာမျိုး၊ တစ်စုံတစ်ခုအပေါ်မှာတူတူကြိုးပမ်းကြတာမျိုးနည်းပါးပြီး ဆက်ဆံရေးဟာလည်း အေးတိအေးစက် ဖြစ်နေတတ်ပါတယ်။

 

အပြန်အလှန်လေးစားမှု

အချစ်စစ် – ကိုယ့်လက်တွဲဖော်ရဲ့အမှားတွေကို သတိပြုမိကြပြီး အချို့သောမပြည့်စုံမှု၊ အပြစ်အနာအဆာတွေကို လက်ခံပေးတတ်ကြပါတယ်။ တစ်ယောက်ချင်းစီရဲ့ခံယူချက်၊ ယုံကြည်ချက်နဲ့ဖြစ်တည်မှုတို့ကို အပြန်အလှန် ယုံကြည်လေးစားပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကူညီတတ်ပါတယ်။ ချစ်သူရဲ့ခံစားချက်တွေကို အချိန်ပေးနားထောင်လေ့ရှိပြီး သူ့နေရာကဝင်ခံစားပေးနိုင်ပါတယ်။

 

အပေါ်ယံတပ်မက်စိတ် – လူအများရှေ့မှာပဲတစ်ယောက်နဲ့တစ်ယောက်ဝေဖန်တတ်ပါတယ်။ ချစ်သူရဲ့စိတ်ပါဝင်စားမှု၊ ဝါသနာစတာတွေကို ပြုလုပ်ဖို့ခွင့်မပေးချင်ကြဘဲ အချိန်ပြည့်အနားမှာကပ်ပြီး တစ်နေကုန်အချိန်ဖြုန်းလိုကြပါတယ်။ သူ့အကြိုက်အလိုက်ဆောင်ရကာ၊ သူဖြစ်စေချင်တဲ့ပုံစံအတိုင်းပျော်ပျော်မပျော်ပျော်၊ အဆင်ပြေပြေ၊မပြေပြေ လိုက်နေပေးရပါတယ်။ အမှားလုပ်မိတဲ့အခါ တစ်ယောက်နဲ့တစ်ယောက် ခွင့်မလွှတ်နိုင်ကြပါဘူး။

 

ဒါကတော့ အချစ်စစ်နဲ့အပေါ်ယံတပ်မက်စိတ်ကွာခြားပုံလေးတွေ ဖြစ်ပါတယ်။ ဒါကြောင့်ကိုယ်ပိုင်ဆိုင်ထားတဲ့ အချစ်ရဲ့တန်ဖိုးကိုသိရှိနားလည်ပြီး သာယာချမ်းမြေ့တဲ့ဘဝလမ်းခရီးကိုလျှောက်လှမ်းနိုင်ကြပါစေလို့ဆုမွန်ကောင်း တောင်းပေးလိုက်ပါတယ်။

 

Source : Pinterest

Myanmar Wedding Guide

Read times Last modified on Monday, 11 March 2019 15:56
Rate this item
(1 Vote)