နာမည်ကျော် ဒီဇိုင်နာတွေပြောတဲ့ ခေတ်စားမယ့် မင်္ဂလာဝတ်စုံဒီဇိုင်းများ

နာမည်ကျော် ဒီဇိုင်နာတွေပြောတဲ့ ခေတ်စားမယ့် မင်္ဂလာဝတ်စုံဒီဇိုင်းများ google.com

အမျိုးသမီးတွေအတွက်တော့ တစ်သက်မှာ တစ်ခါသာရှိတဲ့ မင်္ဂလာပွဲမို့ မင်္ဂလာပွဲမှာ သတို့သမီးလေးဟာ အလှဆုံးဖြစ်နေဖို့ အရေးကြီးပါတယ်။

အတောက်ပဆုံး မင်္ဂလာဝတ်စုံလေးကို ဆင်မြန်းထားတဲ့ အလှပဆုံး သတို့သမီးလေးဖြစ်ဖို့ဆိုရင်တော့ ကိုယ့်မင်္ဂလာဝတ်စုံက ကိုယ်နဲ့လိုက်ဖက်ပြီး ပနံသင့်နေဖို့ လိုပါတယ်။ ဒီလိုလှပတဲ့ မင်္ဂလာဝတ်စုံတွေကို သတို့သမီးလေးတွေအတွက် အလှပဆုံး ဖန်တီးချုပ်လုပ်ပေးနေတဲ့ မြန်မာပြည်ရဲ့ နာမည်ကျော်ဒီဇိုင်နာ သုံးယောက်က ၂ဝ၁၈ ခုနှစ် မင်္ဂလာရာသီမှာ ခေတ်စားမယ့် အဆင်ဒီဇိုင်းနဲ့ အရောင်တွေကို ပြောပြခဲ့ပါတယ်။

 

 

ဒီဇိုင်နာ လတ်လတ် (Lady Boutique)

 

ဒီနှစ်ကတော့ အစ်မ အရောင်နုလေးတွေကို အရမ်းနှစ်သက်ပြီး ဧည့်သည်တွေကလည်း အရောင်နုလေးတွေကို သဘောကျကြတယ်။ ပန်းရောင်နုနုလေး (Baby Pink) မှာ ခဲနဲ့ ခရမ်းနဲ့ စပ်တာကို ကြိုက်ကြတယ်။ အဝါဆိုလည်း ကြက်ပေါက်ဝါဖျော့ဖျော့လေး၊ အပြာဆိုလည်း ကောင်းကင်ပြာနုနုလေးတွေ လင်းတဲ့အရောင်လေးတွေကို ခရစ္စတယ်လေးတွေနဲ့ ဖန်တီးဖြစ်တယ်။ ချိတ်ဆို အနုစိတ်ဒီဇိုင်းလေးတွေကို ပိုကြိုက်လာတယ်။ ထိုင်မသိမ်းပွဲဆိုရင် သတို့သမီးတွေ လျှောက်လမ်းမှာ လျှောက်သွားတဲ့အချိန်မှာ ပဝါက အဓိကဆိုတော့ ပဝါကို ဦးစားပေးပြီး ဆန်းဆန်းလေးလုပ်ပေးတယ်။ ပဝါကို ဒီဇိုင်နာအားလုံးလည်း အထူးအဆန်းတွေ ထွင်လာကြတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကောက်ကြောင်းလည်း ပျောက်မသွားအောင် ရိုးရာဖျောက်ပြီး ဆန်းအောင်လုပ်တာမျိုးလည်း မကြိုက်ဘူးဆိုတော့ ရိုးရာအတိုင်းလေးကို အပေါ်မှာ အနုစိတ်ဒီဇိုင်းတွေ ဖန်တီးရတာမျိုးကို ပိုသဘောကျတယ်။ ထိုင်မသိမ်းရဲ့ ရေသီနားကိုလည်း အစ်မရဲ့ပုံစံအတိုင်း ကွန်ပျူတာစက်ပန်းထိုးလေးနဲ့ သီးသန့်ဒီဇိုင်းလေး လုပ်ပေးတယ်။ အနောက်တိုင်းဝတ်စုံ (Evening Gown) ဆိုလည်း အောက်နားမှာ ပန်းတွေ ထိုးပေးတာမျိုးလေးတွေ ဒီနှစ်အတွက် လုပ်ပေးဖြစ်ပါတယ်။ အရောင်လေးတွေဆိုလည်း အဖြူထက် ခရင်မ်ရောင်လေးတွေ လုပ်ပေးတယ်။ ညနေခင်းဝတ်စုံဆိုရင်တော့ ခန္ဓာကိုယ်ပြည့်ရင် နှင်းဆီနီရောင်တို့ ခရမ်းရောင်တို့ ဖန်တီးပေးဖြစ်တယ်။

 

အခုနောက်ပိုင်း သတို့သမီးလေးတွေက ရှေးခေတ်က ဖက်ရှင်ဒီဇိုင်းလေးတွေ ဝတ်ရတာမျိုးကို ပြန်သဘောကျလာတာလည်း တွေ့ရတယ်။ ဆံပင်ပုံစံကအစ ရှေးပုံစံလေးတွေ သူတို့လုပ်ချင်ကြတယ်။ သတို့သမီးလေးကလည်း မဟာဆန်ပြီးချောရင် အဲဒီလိုရှေးခေတ်ဖက်ရှင်မျိုးနဲ့က ကြည့်လိုက်ရင် တကယ်ကျက်သရေရှိပြီး လိုက်ဖက်တယ်။ နောက် ရန်ကုန်နဲ့ မန္တလေးမှာကိုက ကွဲတယ်။ ရန်ကုန်က လူတွေက မင်္ဂလာဝတ်စုံဆို ရိုးရိုးရှင်းရှင်း ဒီဇိုင်းလေးတွေမှာ ခရစ္စတယ်ကျောက်လေးတွေနဲ့ အနုစိတ်ဖန်တီးထားတာမျိုးကို သဘောကျတတ်တယ်။ မန္တလေးကတော့ ကျောက်အပြည့်နဲ့ အရမ်းထင်းလင်းနေတာမျိုးကို သဘောကျတတ်ကြတယ်။ အရောင်ဆိုလည်း ဆန့်ကျင်ဘက်အရောင်နှစ်ခု အတွဲအစပ်ကို ကြိုက်ကြတယ်။ ရန်ကုန်ကလူတွေကတော့ အရောင်ဖျော့လေးတွေ ပိုကြိုက်ကြတယ်။ နိုင်ငံခြားသားတွေ မြန်မာမှုကို သဘောကျလို့ဆိုပြီး လာအပ်ကြတာလည်းရှိပေမဲ့ သူတို့က လက်ဝတ်ရတနာတွေ သိပ်မဝတ်ချင်ကြဘူး။ ကိုယ်တွေတော့ မြန်မာမင်္ဂလာဆောင်ဆိုတာ လက်ဝတ်လက်စားနဲ့ ဘယ်လိုအပြည့်အစုံ ဝတ်ရတယ်ဆိုတာ ပြောပြပေမဲ့ သူတို့ မကြိုက်ကြဘူး။ နောက် ဝတ်စုံကိုလည်း အရမ်းတောက်ပတဲ့ ခရစ္စတယ်တွေများတာမျိုး မကြိုက်ကြဘူး။ မြန်မာချိတ်ကိုမှ ရိုးရှင်းတာလေးတွေ ကြိုက်တယ်။ အစ်မဆီမှာ တစ်ပွဲလုံးစာ အားလုံးအတွက် အပ်တယ်ဆိုရင်တော့ တစ်လခွဲ နှစ်လလောက် ကြိုအပ်ရင် အဆင်ပြေပါတယ်။

 

 

ဒီဇိုင်နာ မပုံ့ (My Favourite)

 

ဒီနှစ်အတွက်တော့ ထူးထူးခြားခြား package တွေ လုပ်ထားတယ်။ Pre wedding ၊ မင်္ဂလာဆွမ်းကျွေး၊ ဧည့်ခံပွဲ၊ ညစာစားပွဲအားလုံး မိဘတွေရော အရန်တွေရော အားလုံးအပြီးအစီးကို ဈေးနှုန်းအသင့်အတင့်ကနေ Luxury အထိကို package ငါးမျိုးလောက် လုပ်ထားတယ်။ ဈေးနှုန်းတွေကတော့ အခုလောလာဆယ် လုပ်နေတုန်းဆိုတော့ မထွက်သေးဘူး။ Pre wedding ဆိုလည်း မြန်မာရှေးလက်ရာလေးတွေကအစ စဉ်းစားထားတယ်။ အရောင်ဘက်အပိုင်းကတော့ အရောင်အနုနဲ့ အရင့်ကိုတွဲပြီး ချုပ်ထားတာမျိုးလေးတွေလည်း ရှိသင့်တယ်။ ခေတ်မီတဲ့ပုံစံနဲ့ သွားထားတဲ့ ဒီဇိုင်းလေးတွေလည်း ရှိသလို မြန်မာမှုကြိုက်တဲ့ သူတွေအတွက်လည်း မြန်မာမှုပုံစံ လုပ်ပေးတာမျိုးလေးတွေလည်း ရှိတယ်။ တချို့လူငယ်လေးတွေကျတော့ ရှေးခေတ်က ပုံစံလေးတွေ ပြန်ဝတ်ချင်ကြပြီး တချို့ကျတော့လည်း ဒီဘက်ခေတ် အဆန်းဆုံးဒီဇိုင်းလေးတွေနဲ့ လုပ်ချင်ကြတာရှိကြတယ်။ တစ်နှစ်နဲ့တစ်နှစ် မင်္ဂလာဝတ်စုံဒီဇိုင်းတွေကတော့ အမြဲပြောင်းလဲနေတာပဲ။ ခေတ်မီတဲ့ Accessories တွေ ကျောက်တွေထိုးပြီး ဖန်တီးလာတာလည်းရှိသလို ဟိုးအရင်ခေတ်က ပုံစံတွေကို ဒီဘက်ခေတ်နဲ့ ပြန်ချိတ်ဆက်ပြီး ဖန်တီးရတာလည်း ရှိတယ်။ ဒီဇိုင်နာတွေဆိုတာ ရှေ့ကိုလည်း ခေတ်မီအောင်လိုက်ရပြီး နောက်ကိုလည်း ပြန်ကြည့်ရတယ်။ အစ်မဆို ပုဂံတို့၊ ပြည်၊ ပျူဘက်တို့ကို ခရီးသွားဖြစ်တဲ့အခါ ရှေးလက်ရာတွေ သူတို့ရဲ့ ရိုးရာကနုတ်တွေ၊ အရောင်စပ်တာတွေကို ပြန်လေ့လာဖြစ်တယ်။ ကိုယ့် ယဉ်ကျေးမှုထိန်းသိမ်းမယ့် အပိုင်းလေးတွေလည်း လေ့လာရတယ်။ ကိုယ်က ဒီဇိုင်နာဆိုတော့ ကိုယ့်ရဲ့ရိုးရာယဉ်ကျေးမှုတွေကို ဒီဘက်ခေတ်ကို ပြန်သယ်ယူမလာနိုင်ဘူးဆို ကိုယ်လည်း တာဝန်မကျေသလို ခံစားရတယ်။ ခေတ်အမီလည်း ဖက်ရှင်ကို မျက်ခြည်မပြတ်အောင် လေ့လာပြီး လိုက်ဖန်တီးပေးရတာပေါ့။

 

အနောက်တိုင်းဝတ်စုံကတော့ ပြီးခဲ့တဲ့နှစ်အထိကတော့ volume အကြီးကြီးတွေ ဖန်တီးရတာ ကြိုက်ကြတယ်။ အခုနောက်ပိုင်းတော့ အင်္ဂလန်က တော်ဝင်မိသားစုတွေရဲ့ မင်္ဂလာဝတ်စုံတွေက အရမ်းကို ရိုးရှင်းပြီး ကျက်သရေရှိတော့ ဗိုလ်ဆန်တဲ့သူတွေက အဲဒီလို ရိုးရှင်းတဲ့ဒီဇိုင်းလေးတွေ ကြိုက်ကြတယ်။ တချို့လည်း သူတို့သားသမီးတွေအထိ မိသားစုလိုက် လက်ဆင့်ကမ်းချင်တာမျိုးတွေရှိတော့ ဘယ်ခေတ်မှာမဆို အဆင်ပြေနေမယ့် ရိုးရှင်းပြီး ကျက်သရေရှိတဲ့ ဒီဇိုင်းလေးတွေ သဘောကျကြတယ်။ အရောင်ဆိုလည်း အဖြူထက် ခရင်မ်ရောင်လေးတွေကို ပိုကြိုက်ကြတယ်။ မြန်မာပြည်က သတို့သမီးတွေကျတော့ ခေတ်နဲ့အမီ ဆန်းပြားတဲ့ ပုံစံလေးတွေကို ပိုကြိုက်ကြတယ်။ အပ်မယ်ဆိုရင်တော့ ကြိုအပ်နိုင်လေ ကောင်းလေပဲ။ ချိတ်တွေ ဘာတွေ ရက်ကန်းရုံကို ကြိုအပ်ရတာတွေလည်း ရှိတယ်ဆိုတော့ နှစ်လလောက် ကြိုအပ်တာတော့ အကောင်းဆုံးပေါ့။ အရမ်းကပ်မှ လာအပ်ပြီး ကိုယ့်ဧည့်သည်တွေက ကိုယ့်လက်ရာပဲ ဝတ်ချင်တယ်ဆိုလည်း ရအောင်တော့ ဖန်တီးပေးပါတယ်။

 

 

ဌေးဌေးတင် (Shi Mi Zu)

 

ဒီနှစ်တော့ အစ်မက နန်းဆန်တာနဲ့ ခန့်ခန့်ထည်ထည်ဖြစ်မယ့် ဒီဇိုင်းမျိုးကို ဖန်တီးပေးဖြစ်ပါတယ်။ ဒီဇိုင်းကလည်း ဇာကိုသုံးပြီး အလိပ်အခွေကြီးတွေ ထည့်ထားတဲ့အတွက် ခန့်ထည်ပြီး ကြွားကြွားလေးဖြစ်အောင်ပေါ့။ ချိတ်လုံချည်တွေလည်းသုံးတယ်။ ပြောင်ပေါ်မှာ ဇာအုပ်ပြီး ကနုတ်တွေ၊ ကျောက်တွေ၊ ဖန်စီဖန်ချောင်းတွေ ပုတီးစိတွေကိုသုံးပြီး ဒီဇိုင်းဖော်ပေးထားတယ်။ အရင်နှစ်တွေကတော့ ပြောင်ပေါ်မှာ Accessories ထိုးတာ အခုက ဇာစပေါ်မှာ Accessories တွေထည့်ပြီး ကြွလာအောင် ဖန်တီးထားတယ်။ ရာဇမတ်ကွက် လေးထောင့်ဇာလေးတွေ သုံးတယ် အဲဒီအကွက်ရဲ့ဘေးမှာမှ ကနုတ်ပန်းအကြီးကြီးတွေ ဆွဲပြီး Accessories တွေ ပုတီးစေ့တွေ ပြန်ထိုးတယ်။ အရောင်က ပုံမှန်မင်္ဂလာရောင်တွေဖြစ်တဲ့ ရွှေဖလားရောင်တို့၊ အဝါရောင်တို့ ပန်းရောင်တို့ပါပဲ။ ဒါပေမဲ့ ဒီနှစ်ကိုတော့ နည်းနည်း အရောင်တောက်တောက်လေးတွေ ပန်းသခွားမွှေးရောင်လေးတွေ ထူးထူးခြားခြား လုပ်ပေးဖြစ်တယ်။ အစိမ်းဆိုလည်း အစိမ်းကိုတောက်တာလေးတွေ သုံးပေးဖြစ်ပါတယ်။ ယောကျာ်းလေးအတွက် တိုက်ပုံကိုလည်း နည်းနည်းဆန်းထားတယ်။ အောက်က စတစ်ကော်လာအင်္ကျီမလိုအောင် တိုက်ပုံရင်ဖုံးကို ကော်လာကတုံးပုံစံမျိုးလေး တစ်ခါတည်း ချုပ်ပေးထားတယ်။ ခါးကိုလည်း နည်းနည်းရှည်ရှည် ခါးတောင်လေး လုပ်ထားတယ်။ နောက် ပန်းကြယ်သီးလေးတွေ ထည့်ပေးထားတယ်။ သတို့သမီးဝတ်စုံ အပိုင်ချုပ်ရင် အစ်မက အနည်းဆုံး ခုနစ်သိန်းလောက်နဲ့ ချုပ်ပေးပါတယ်။ အငှားဆိုရင်တော့ သတို့သမီးဝတ်စုံက သုံးသိန်းခွဲတန်လောက်ကစ ရှိပါတယ်။ အရန်တွေအတွက်ကိုတော့ အငှားမရှိဘူး အပိုင်ချုပ်ပေးတာပေါ့။ မိန်းကလေးဆို တစ်ယောက်ကို ခုနစ်သောင်းဝန်းကျင်လောက်နဲ့ ယောကျာ်းလေးအတွက်ဆို လေးသောင်းဝန်းကျင်လောက်ဆို ရပါတယ်။

 

 

Credit;မြန်မာတိုင်းမ်

Read times Last modified on Tuesday, 18 September 2018 15:33
Rate this item
(1 Vote)