သင့်မင်္ဂလာပွဲကိုခမ်းနားလှပအောင် အဓိကအထောက်အပံ့ပေးမယ့်အထဲမှာ လှပတဲ့ပန်းအပြင်အဆင်ကလည်း
အရေးကြီးတဲ့နေရာတစ်ခုကနေပါဝင်နေပါတယ်။ ဒီလိုပဲမင်္ဂလာပွဲတစ်ခုရဲ့လူစိတ်ဝင်စားမှုကိုအများဆုံးခံရတဲ့ သတို့သမီးလေးလှပနေစေဖို့အတွက် ဘယ်လိုလက်ကိုင်ပန်းအမျိုးအစားကိုရွေးချယ်ပြီး ကိုင်ဆောင်ရမလဲဆိုတာကို ကြည့်လိုက်ရအောင်နော်။
(၁) နှင်းဆီပန်း
နှင်းဆီပန်းထက်ဂန္တ၀င်ဆန်တဲ့ပန်းကတော့မရှိတော့ပါဘူး။ ရှေးယခင်က ရောမလူမျိုးတွေကတော့ နှင်းဆီပန်းဟာ လှပသလို ချစ်ခြင်းနဲ့လိုအင်ဆန္ဒတွေကို ဖော်ကျူးပေးနိုင်တဲ့အကောင်းဆုံးပြယုဂ်တစ်ခုလို့ယုံကြည်ကြပါတယ်။ ယခုခေတ်မှာလည်း နှင်းဆီပန်းရဲ့ဂုဏ်ရည်ကို ကဗျာ၊ စာပေ၊ သီချင်း၊ အလှအပနဲ့ အခြားနေရာများမှာ အမွှန်းတင်ဖော်ပြလျက်ရှိပါတယ်။ သတို့သမီးလက်ကိုင်ပန်းအတွက် ဘာကြောင့်နှင်းဆီပန်းကိုရွေးချယ်သင့်သလဲလို့မေးလာခဲ့ရင်တော့ ကန့်သတ်ချက်တွေမရှိလို့ပဲလို့ပြောပါရစေ။ နှင်းဆီပန်းဟာ အလွန်တရာမွှေးပျံ့တဲ့ရနံ့ရှိသလောက် ရွေးချယ်စရာလည်းများပြားလှပါတယ်။ နှင်းဆီပန်းမှာ ကွဲပြားခြားနားတဲ့အမျိုးအစား၊ အရောင်စုံလင်မှုနဲ့ ပန်းအရွယ်အစားအကြီးအသေး ကြိုက်ရာကိုရွေးချယ်နိုင်တဲ့အတွက် သတို့သမီးလက်ကိုင်ပန်းအဖြစ်ကိုင်ဆောင်မယ်ဆိုရင်တော့ သတို့သမီးလေးအတွက် အလှတွေတိုးစေမှာပဲဖြစ်ပါတယ်။
(၂) သစ်ခွပန်း
လှပကျော့ရှင်းပြီး တည်ငြိမ်တဲ့အလှကိုဖော်ကျူးပေးနိုင်တဲ့ သစ်ခွပန်းလေးတွေကို သတို့သမီးလက်ကိုင်ပန်းအဖြစ်ရွေးချယ်ကိုင်ဆောင်မယ်ဆိုရင်တော့ အကောင်းဆုံးရွေးချယ်မှုပဲလို့ဆိုရမှာပါ။ ရှေးယခင်က ဂျပန်လူမျိုးတွေဟာ သစ်ခွပန်းကို ငွေကြေးချမ်းသာခြင်းအဆောင်အဖြစ် ယုံကြည်ကြပြီး တရုတ်နိုင်ငံမှာတော့ မျိုးပွားမှုသင်္ကေတအဖြစ် သတ်မှတ်ကြပါတယ်။ များသောအားဖြင့်တော့ သစ်ခွပန်းကို အချစ်ရဲ့သင်္ကေတအဖြစ်သာ တင်စားကြပါတယ်။ သစ်ခွပန်းမှာလည်း အမျိုးအစား အရောင်စုံလင်စွာရှိပေမယ့် မင်္ဂလာဆောင်ပွဲတွေမှာ သတို့သမီးလက်ကိုင်ပန်းအဖြစ်ကိုင်ဆောင်ရာမှာတော့ အဖြူရောင်နဲ့ ပန်းနုရောင်တို့ကိုသာ အများဆုံးအသုံးပြုလေ့ရှိပါတယ်။
(၃) ဒေလီယာပန်း
ဒေလီယာပန်းလေးတွေကတော့ စိမ်းလန်းစိုပြည်ပြီး အရောင်အမျိုးအစားလည်းစုံလင်လှပါတယ်။ ဒေလီယာပန်းဟာ ဂန္တမာပန်းနဲ့ ဒေစီပန်းတို့ရဲ့အမျိုးအနွယ်ဖြစ်ပြီး သူတို့ရဲ့မွေးရပ်မြေကတော့ မက္ကဆီကိုနိုင်ငံပဲဖြစ်ပါတယ်။ ဒေလီယာပန်းလေးတွေရဲ့စုံလင်လှတဲ့အရောင်များစွာထဲကမှ နီညိုရောင်၊ ပန်းနုဝါရောင်နဲ့ အဖြူရောင်တို့ကတော့ အလှပဆုံးလို့တင်စားလို့ရပြီး သတို့သမီးလက်ကိုင်ပန်းအဖြစ်ကိုင်ဆောင်ဖို့အထူးသင့်တော်ပါတယ်။
(၄) ပေါ်ပီပန်း
ပေါ်ပီပန်းကတော့ အနောက်နိုင်ငံတွေမှာ စစ်ပွဲကာလအတွင်း ကျဆုံးသွားရတဲ့ရဲဘော်တွေကို လွမ်းဆွတ်တမ်းတမှုသင်္ကေတအဖြစ် အများဆုံးသုံးကြပါတယ်။ သို့ပေမယ့် အဆိုပါ အနီရဲရဲပန်းလေးတွေက သတို့သမီးလက်ကိုင်ပန်းအဖြစ် အသုံးပြုဖို့အတွက် တော်တော်လှတယ်လို့ပြောလို့ရပါတယ်။ ပေါ်ပီပန်းလေးတွေကို အနီရောင်၊ လိမ္မော်ရောင်၊ အ၀ါရောင် နဲ့ အဖြူရောင်တို့အဖြစ်အများဆုံးတွေ့မြင်ရလေ့ရှိပြီး ခရမ်းရောင်လည်းရှိတယ်လို့သိရပါတယ်။
Read More: သမားရိုးကျဆံထုံးမထုံးချင်ဘူးဆိုတဲ့သတို့သမီးတို့အတွက်ဆံပင်ပုံစံလေးတွေ
Author – Nyi Min Khant