Mg Ya Wai and Ma Cho Mar Than

Mg Ya Wai and Ma Cho Mar Than

ယနေ့တင်ပြမည့် မင်္ဂလာဆောင်အကြောင်းကတော့ မြရိပ်ညိုဟိုတယ်တွင် အနောက်တိုင်းစတိုင်ဖြင့် မင်္ဂလာ dinner ပွဲ ကျင်းပခဲ့တဲ့ သတို့သားမောင်ရဝေနှင့် သတို့သမီး မချိုမာသန်းတို့ အကြောင်းပဲ ဖြစ်ပါတယ်။

သတို့သားနှင့် သတို့သမီးအကြောင်း

မောင်ရဝေနှင့် မချိုမာသန်းတို့ဟာ အပြင်တွင်တွေ့ဆုံကြပြီး စားသောက်ဆိုင်တစ်ဆိုင်တွင် လက်ထပ်ခွင့်ကို တောင်းခဲ့သော ချစ်သူများဖြစ်ကြပါတယ်။ ချစ်သူသက်တမ်း ၇ နှစ်အကြာတွင် လက်ထပ်ခွင့်ကို တောင်းခဲ့ကြတဲ့သူ နှစ်ဦးပါ။

နှစ်ဦးနှစ်ဘက်မိဘများအားချစ်သူနှစ်ဦးကအသိပေး၍ ဒီနှစ်ပိုင်းအတွင်း မင်္ဂလာဆောင်ရန် စတင်စီစဉ် ခဲ့ပါတယ်။ မင်္ဂလာဆောင်ရန် စတင်စီစဉ်ခဲ့ရာတွင် အနောက်တိုင်းစတိုင် ပုံစံဖြင့် နှစ်ဦးသဘောတူခဲ့ပြီး ရင်းနှီးသော မိတ်ဆွေသူငယ်ချင်းများနှင့် တိုင်ပင်၍ ၂၀၀၈ ခုနှစ်တွင် မင်္ဂလာညစာစားပွဲ ပြုလုပ်ရန်အတွက် မြရိပ်ညို ဟိုတယ်တွင် ကျင်းပရန် ဆုံးဖြတ်ခဲ့ကြ ပါတယ်။

02

မင်္ဂလာဝတ်စုံနှင့် ဒီဇိုင်း

မင်္ဂလာဆောင်ရန်အတွက် ငယ်သူငယ်ချင်းများ၊ နှစ်ဘက်မိဘဆွေမျိုးများ အယောက် ၅၀၀ ဖိတ်ရန် ဆုံးဖြတ်ခဲ့ပြီးဖိတ်စာကို ၃၀၀ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့ရှိ Love Invitation မင်္ဂလာဖိတ်စာအမျိုးမျိုး၊ ယပ်တောင်နှင့် စာအိတ်ဖြန့်ချိရေး အော့ဖ်ဆက်တွင် ဖိတ်စာကို ရိုက်နှိပ်ခဲ့ပါတယ်။ ဒီဇိုင်းနှင့်ဈေးနှုန်းကို ချိန်ပြီးအပ်ခဲ့ပါတယ်။

မင်္ဂလာဝတ်စုံကို အနောက်တိုင်းစတိုင် သတို့သားက ကုတ်အကျအနက်ရောင်နှင့် သတို့သမီးက ဂါဝန်အရှည်အဖြူရောင် ပေါ်တွင် ဖန်စီများဖြင့် ခြယ်သထားတဲ့ အနောက်တိုင်းဝတ်စုံကို ကိုယ်တိုင်းနဲ့ ချုပ်ပြီးဝတ်ဆင်ခဲ့ပါတယ်။ မင်္ဂလာဝတ်စုံကို White House မှာ ကိုယ်အတိုင်းဖြင့် ချုပ်လုပ်ခဲ့ပါတယ်။ ချုပ်ခအပြီးအစီး နှစ်သိန်းကျော် ကုန်ကျခဲ့ပါတယ်။ နှစ်ဘက်မိဘများကိုတော့ စကော့ဈေးရှိ အကျချုပ်ဆိုင်တွင် ချုပ်ပေးခဲ့ပါတယ်။

သတို့သမီး မိတ်ကပ်အလှပြင်ဆင်သူကတော့ ဒီဇင်ဘာနှင်းနဲ့ပဲ ပြင်ခဲ့ပါတယ်။ ဖန်စီနဲ့မလုပ်ဘဲ ပန်းအစစ်နဲ့ပဲ ပြင်ပေးခဲ့ပါတယ်။ သတို့သမီးမိတ်ကပ်အလှပြင်ဈေးနှုန်းက ကျပ် ၁ သိန်း ကုန်ကျခဲ့ပါတယ်။

မင်္ဂလာအခမ်းအနားအပြင်ဆင်ကိုတော့ မြရိပ်ညိုဟိုတယ်ကို ကျသင့်ငွေပေးချေပြီး ၀န်ထမ်းများမှ နောက်ခံစာတန်း ရေးထိုးခြင်း၊ ပန်းအိုး၊ မင်္ဂလာကိတ်နှင့် အထူးဧည့်သည်ဝိုင်းအတွက် ပန်းအိုး စတာတွေကို ဟိုတယ်မှ ပြုလုပ်ပေးပါတယ်။

03

ဓာတ်ပုံနှင့် ဗွီဒီယိုရိုက်ကူးရေးကိုတော့ မောင်မောင်ညှပ် ဗွီဒီယိုရိုက်ကူးရေးကို ငှားရမ်း၍ ရိုက်ကူးစေခဲ့ပါတယ်။

မင်္ဂလာအချိန်ကတော့ ညနေ ၆း၀၀ နာရီ မှ ၉း၀၀ နာရီအထိ ၃ နာရီကြာ ကျင်းပခဲ့ပါတယ်။ ပွဲစထွက်တဲ့အချိန်ကတော့ ၆း၄၅ မှာ စတင်ထွက်ခဲ့ပါတယ်။

မင်္ဂလာအကျွေးအမွေးကိုတော့ အနောက်တိုင်းစတိုင်ဖြင့် တည်ခင်းဧည့်ခံ ကျွေးမွေးခဲ့ပါတယ်။ တစ်ယောက် ကုန်ကျစရိတ် ခုနှစ်ထောင်ကျပ် ကုန်ကျခဲ့ပါတယ်။

မင်္ဂလာမောင်နှံမှ ဧည့်သည်တော်ဝိုင်း တစ်ဝိုင်းချင်းစီကို မှတ်တမ်းတင် ဓာတ်ပုံရိုက်ခြင်း၊ နှုတ်ဆက်ခြင်း များပြုလုပ်ခဲ့ပါတယ်။ သုံးဆောင်ပြီးသော ဧည့်သည်တော်များမှ မင်္ဂလာမောင်နှံအား နှုတ်ဆက်ကာ အခမ်းအနား အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ပါတယ်။

ဟန်းနီးမွန်းခရီးစဉ်ကိုတော့ နှစ်ယောက်စလုံးမှ ပင်လယ်ကမ်းခြေသွားရတာကြိုက်တဲ့အတွက်ကြောင့် ချောင်းသာကို ၂ ညအိပ် ၃ ရက်ခရီးသွားခဲ့ပါတယ်။ မင်္ဂလာပွဲ အစမှအဆုံးထိ စုစုပေါင်း သိန်း ၅၀ နီးပါးကုန်ကျခဲ့ပါတယ်။

Read times Last modified on Tuesday, 18 September 2018 15:13
Rate this item
(7 votes)