Interview with wedding MC Kaung Htet

Interview with wedding MC Kaung Htet

မင်္ဂလာဆောင်အခမ်းအနားနဲ့ ညစာစားပွဲတွေမှာ အခမ်းအနားမှူးအဖြစ်

ကိုကောင်းကြီးကို ရံဖန်ရံခါ တွေ့တတ် ပါတယ်။

ရိုးရာမပျက် လူငယ်စတိုင်နဲ့ တက်ကြွလန်းဆန်းတဲ့ အစီအစဉ်တွေ ဖန်တီးပြီး မင်္ဂလာအခမ်းအနားကို ကျင်းပပေးနေသူလည်း ဖြစ်ပါတယ်။ ဒါဟာလည်း မင်္ဂလာခန်းမ တွေရဲ့ သတ်မှတ်ထားတဲ့ အချိန်နာရီနဲ့ ကိုက်ညီစေဖို့ စီစဉ်ရတာပါလို့ ပြောပါတယ်။ ဒီလိုနဲ့ ကိုကောင်းကြီးနဲ့ တွေ့ဆုံ မေးမြန်းဖြစ်ခဲ့ပါတယ်။

မင်္ဂလာဆောင် အခမ်းအနားမှူးကို ဘယ်အချိန်က စပြီးလုပ်ဆောင်ခဲ့ပါသလဲ။

ရုပ်မြင်သံကြားအစီအစဉ် တင်ဆက်သူအဖြစ် လူသိများလာတာကို အကြောင်းပြုပြီး ခင်မင် ရင်းနှီးလွန်းတဲ့ သူငယ်ချင်းတွေရဲ့ အကူအညီတောင်းမှုကြောင့် မင်္ဂလာအခမ်းအနားမှူးစတင် လုပ်ဖြစ်သွားတာပါ။ ငြင်းလို့ မရတာလည်း ပါပါတယ်။

မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်ရတဲ့ ရည်ရွယ်ချက်လေးသိချင်ပါတယ်။

တကယ်တော့  မင်္ဂလာအခမ်းအနားမှူးဆိုတာ သူတပါးကို ပျော်ရွှင်မှုပေးရတဲ့ ကုသိုလ် အလုပ် တစ်မျိုးပါ။ တစ်မိသားနဲ့ တစ်မိသမီး နှစ်ဖက်မိဘဆွေမျိုးအလယ်မှာ မိသားစုတစ်ခု တည်ထောင်ဖို့ အစပြုတဲ့နေ့၊ မင်္ဂလာပွဲ ဆင်ယင်ကျင်းပတဲ့နေ့မှာ ကိုယ်ကဦးဆောင်ပြီး ၀ိုင်းဝန်းပေးရတာပါ။ အာဝါဟ ၀ိဝါဟ မင်္ဂလာ ၁၀ ပါးနဲ့ညီအောင် လုပ်ပြရတာပါ။

မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်တဲ့ အတွေ့အကြုံလေးသိချင်ပါတယ်။

အတွေ့အကြုံကတော့စုံလို့ပါပဲဗျာ။ ရေပေါ်မှာ မင်္ဂလာပွဲလုပ်မှာလား၊ လေပေါ်မှာ မင်္ဂလာပွဲလုပ် မှာလား ဖြစ်အောင်လုပ်ပေးပါတယ်။ ဆိုလိုတာက လေယာဉ်ပျံပေါ်မှာလား၊ ပင်လယ်ကမ်းခြေ မှာလား၊ သင်္ဘောပေါ် မှာလား၊ မင်္ဂလာပွဲကတော့ ဖြစ်မြောက်သွားတာပါပဲ။ နောက်ပြီး ရှိသေးတယ်။ မင်္ဂလာညစာစားပွဲတွေ၊ သီးသန့် ဖိတ်ကြားတဲ့ မင်္ဂလာညစာစားပွဲတွေ ဆိုရင် လွတ်လပ်ပေါ့ပါးတဲ့အတွက် တစ်ယောက်မကျန် ရယ်မောပျော်ရွှင် ရအောင် ဖန်တီးပေးခဲ့ရတယ်။

မင်္ဂလာဧည့်ခံပွဲနဲ့ စုလျားရစ်ပတ် မင်္ဂလာပွဲ အတွက် ဘယ်လိုမျိုးတွေ ကွာခြားချက်ရှိပါသလဲ။

နှစ်မျိုးစလုံးက ရိုးရာမပျက်ပါဘူး။ အချိန်ကိုက်လှုပ်ရှားရတာလည်း တူတူပါပဲ။ စုလျားရစ်ပတ် အစီအစဉ်ပါလာရင် မြန်မာ့ရိုးရာကို အထူးမင်္ဂလာယူဖို့လိုပါတယ်။ ဗုဒဂုဏ်တော်ကို ဦးထိပ်ထားရပါတယ်။

မင်္ဂလာပွဲဧည့်ခံပွဲ ဖိတ်ရင် လူရွေးပြီးသွားလား။

ကိုယ့်အပေါ်မှာ လေးစားသမှု တန်ဖိုးထားပြီး ဖိတ်ကြားတဲ့သူတွေကို တော်တော်ကြီး တကူးတကန့် အားထုတ်ပြီး သွားရပါတယ်။ ရိုက်ကူးရေးနဲ့ တိုက်ဆိုင်နေရင်တော့ ခက်သွားတာပေါ့။

မင်္ဂလာဆောင်အချိန်ကာလမှာ အလုပ်များတဲ့ကြားက မင်္ဂလာပွဲရှိရင်ကော လိုက်ဖြစ်လား။

စောစောက ပြောခဲ့သလို ရိုက်ကူးရေးကို ဦးစားပေးရပါတယ်။ တစ်လကြိုတင်ပြောထားသင့်ပါတယ်။

နေရာပေါ်မူတည်ပြီးတော့ မင်္ဂလာဧည့်ခံပွဲကို သွားသလား။                      

ဆင်းရဲချမ်းသာတာကို မကြည့်ဘဲ ကိုယ့်အပေါ်မှာ ခင်မင်လေးစားတဲ့ စိတ်ထားနဲ့ မေတ္တာတရားကို ကြည့်ပါတယ်။

မင်္ဂလာဆောင် အခမ်းအနားမှူးလုပ်တဲ့အခါ ဘယ်လိုအခက်အခဲမျိုးတွေ ရှိခဲ့ပါသလဲ။

သူတပါးကို ဖေးမကူညီရတဲ့ အလုပ်မျိုးမို့ ပြဿနာမရှိလှပါဘူး။ လမ်းပိတ်တာမျိုး၊ ကားပိတ်တာမျိုးပဲ ကြောက်ရပါတယ်။

အနာဂတ်အလားအလာကောင်းများသိချင်ပါတယ်။

ကိုယ့်ထက်အရင့်အရင် မင်္ဂလာအခမ်းအနားမှူးလုပ်နေတဲ့ စီနီယာနဲ့ နောင်တော်တွေကို လေးစားပါတယ်။ ဒီနေရာကနေ ရိုသေသမှု ဂါရ၀ပြုပါတယ်။ ကိုယ်က မအားလပ်လို့ ကူညီခေါ်ပေးလိုက်တဲ့ မင်္ဂလာအခမ်းအနားမှူး အသစ် အချို့ဆိုရင် နာမည်ရလမ်းကြောင်းပေါ် ရောက်နေကြပါပြီ။ ဒီလိုနဲ့ လက်တွဲခေါ်ရင်း မင်္ဂလာရှိအောင် လုပ်ကြရမှာပေါ့။ မင်္ဂလာပွဲတွေလာတိုင်း ရင်ထဲကဆုတောင်းပေးနေကြ စကားလေးကို ပြောချင်ပါတယ်။ မြေးလေးတွေကို ခေါင်းဖြီးရတဲ့အချိန်ထိ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်ပါစေ။ ချစ်ခြင်းမေတ္တာတွေ လွှမ်းခြုံပြီး တည်တံ့ခိုင်မြဲတဲ့ အိမ်ထောင်ရေး ထူထောင်နိုင်ကြပါစေလို့။ 

Read times Last modified on Wednesday, 19 September 2018 09:48
Rate this item
(2 votes)