ဖားကန့်၌ တစ်ပတ်အတွင်း ဒုတိယအကြိမ် အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်း ထပ်မံတွေ့၊ နိုင်ငံတော်ပိုင် သိမ်းဆည်းသွားရန် ပြင်ဆင်

ဖားကန့်၌ တစ်ပတ်အတွင်း ဒုတိယအကြိမ် အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်း ထပ်မံတွေ့၊ နိုင်ငံတော်ပိုင် သိမ်းဆည်းသွားရန် ပြင်ဆင် MRTV

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု မမုံနှင့် ဖားပြင်ကျေးရွာ ကြား မက်လင်ချောင်မျောချောင်း၌ အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းအား အောက်တိုဘာ (၁၇) ရက်နေ့တွင် တွေ့ရှိခဲ့ကြောင်း နှင့် နိုင်ငံတော်ပိုင် သိမ်းဆည်းသွားရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။


ယခုတွေ့ရှိသည့် အရွယ်အစားကြီးမားသည့် ကျောက်စိမ်းရိုင်းသည် အောက်တိုဘာ (၁၂) ရက်နေ့က ဝှေခါမှော်တွင် တွေ့ရှိခဲ့သည့် ကျောက်စိမ်းရိုင်းနောက် ငါးရက်မြောက်နေ့တွင် ဒုတိယအကြိမ် ထပ်မံ တွေ့ရှိခဲ့ခြင်းဖြစ်သည်။   အဆိုပါ ကျောက်စိမ်းရိုင်းကို ကျောက်

တူးဖော်နေသူများက နေ့ခင်းကတည်းက တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ရွံ့နွံတွေကြား သယ်ထုတ်ရန် အခက်အခဲဖြစ်နေရာမှ လှည့်ကင်းလုံခြုံရေးရဲတပ်ဖွဲ့မှ တွေ့ရှိ သိမ်းဆည်းခဲ့ခြင်းဖြစ်သည်။

 

ကျောက်စိမ်းရုံး တာဝန်ရှိသူများက အကြမ်းဖျင်းတန်ဖိုးတွက်ချက်ကာ နစ်နာကြေးငွေ ပေးသွားရန် ကနဦး ညှိနှိုင်းထားကြောင်း ဒေသအခေါ် ဂျော်ကီ (ဝိုင်းကူထမ်းသယ်ပေးပြီး အစုရှယ်ရာ ရယူသူ) ရေမဆေးကျောက် ရှာသူများထံမှ သိရသည်။ ကျောက်စိမ်းရိုင်းကို ကနဦးစတွေ့သူ ရေမဆေးကျောက်ရှာသူ ကိုကျော်စိုးနိုင်က"ကျွန်တော်တို့ လေးယောက် တူးရှာကြရာက စတွေ့တာပါ၊ စတွေ့တုန်းက ပိဿချိန် နှစ်ရာလောက်ပဲ၊ ဖော်ရင်း ဖော်ရင်းနဲ့ အလုံးကြီးလာတာ"ဟု ပြောကြားသည်။

 

လက်ရှိ ကျောက်စိမ်းရိုင်းအား ကျောက်စိမ်းတူးဖော်ရေးဌာန(လုံးခင်း)သို့ ရဲတပ်ဖွဲ့ဝင်များက လုံခြုံရေးဆောင်ရွက်ပြီး သယ်ဆောင်သွားခဲ့ပြီဖြစ်ပြီး ကျောက်စိမ်းရုံးမှ တန်ဖိုးဖြတ်အဖွဲ့မှ တန်ဖိုးဖြတ်ပေးကာ ကျောက်တွေ့သူနှင့် ရေမဆေး-ဂျော်ကီများအား ဆုကြေးပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

 

 

Ref: တာလင်းမောင်(ပြန်/ဆက်)

Read times
Rate this item
(0 votes)