ကိုယ့်ဘေးနားရှိတဲ့လူကို တန်ဖိုးထားတတ်ပါစေ

ကိုယ့်ဘေးနားရှိတဲ့လူကို တန်ဖိုးထားတတ်ပါစေ google.com

မိန်းကလေးတွေဟာ ချစ်သူကို ချစ်တတ်တဲ့နေရာမှာနှစ်ယောက်မရှိပါဘူး။

သူတို့ရဲ့အချစ်ဟာတစ်ခါတလေမှာ ချစ်သူကိုမွန်းကြပ်စေလောက်တဲ့အထိတောင် ဖြစ်သွားတတ်ပါတယ်။ ဒါပေမယ့်လည်း ချစ်သူက ကိုယ့်ကိုအရမ်းချစ်လို့ဆိုတာကို နားလည်ပေးဖို့လိုအပ်ပါတယ်။ ဒီလိုမှမဟုတ်ရင်တော့ဝေးသွားတဲ့အခါကျမှ အကြီးအကျယ်နောင်တတွေတစ်လှေကြီးရရမှာပါ။

 

ခဏခဏဖုန်းဆက်တတ်တဲ့ချစ်သူ

သင့်ကို ခဏခဏဖုန်းဆက်တတ်တဲ့ချစ်သူဆိုတာ သင့်ကိုအရမ်းချစ်တဲ့သူပါ။ သင့်ကိုဖုန်းခဏခဏဆက်နေတာကလည်း သူအရမ်းအားနေလို့မဟုတ်ပါဘူး။ သင့်ကိုလွမ်းလွန်းလို့၊ ဘာတွေများလုပ်နေမလဲဆိုတာလေးတွေ အမြဲတမ်းသိချင်နေလို့ပါ။ သင့်ကိုခဏခဏဖုန်းဆက်လို့ ဖုန်းဆက်တဲ့အချိန်ပဲ သတိရမယ်လို့မထင်ပါနဲ့၊ ဖုန်းမဆက်တဲ့ခဏအချိန်လေးအတွင်းမှာတောင် သင့်ကိုအရမ်းသတိရနေတဲ့သူပါ။ သူ့ကိုတန်ဖိုးမထားလို့ သင့်ကိုသူစွန့်ခွာသွားတဲ့အခါ သင့်ရဲ့ဖုန်းသံကတိတ်ဆိတ်ပြီး တစ်နေကုန်မှတစ်ခါခေါ်မယ့်သူတောင်မရှိမှနောင်တတွေရနေရမှာပါ။

 

အရစ်သန်တဲ့ချစ်သူ

သင့်ကိုအမြဲတမ်းလိုလိုရစ်နေတတ်တဲ့ချစ်သူဆိုတာ သင့်ကိုအရမ်းချစ်လို့ပါ။ သင့်ကိုရစ်တယ်ဆိုတာကလည်း သင်တို့နှစ်ယောက်ကြားမှာ သွေးအေးသွားမှာစိုးလို့ရစ်ရစ်ပေးနေတာ ဖြစ်ပါတယ်။ အမှန်တကယ်တော့ သူဒီလိုရစ်ရင် သင်ဘယ်လိုပြန်ဖြေရှင်းမလဲဆိုတာ ကြိုသိပြီးသားပါ။ ဒါပေမယ့် သူ့အပေါ်သင်ဘယ်လောက်စိတ်ရှည်လဲဆိုတာသိချင်လို့ စမ်းသပ်နေတာဖြစ်ပါတယ်။ တကယ်လို့သာ သူ့ကိုသင်တန်ဖိုးမထား၊ စိတ်မရှည်လို့ သင့်ကိုသူစွန့်ခွာသွားတဲ့အခါကျရင် ရစ်ဖို့နေနေသာသာ စကားပြောဖော်တောင်မရှိတော့လို့ နောင်တတွေတစ်လှေကြီးရနေမှာပါ။

 

စိတ်ပူတတ်လွန်းတဲ့ချစ်သူ

တစ်ခုခုဆိုစိတ်တွေပူပြီး ပျာယာတွေခတ်၊ နေမထိထိုင်မသာတွေဖြစ်ပြီး တစ်ခါတလေဘာမှမဟုတ်တဲ့ကိစ္စလေးတွေမှာတောင် မျက်ရည်ပေါက်ပေါက်ကျပြီး ငိုကြွေးတတ်တဲ့ချစ်သူမျိုး သင့်မှာရှိပါသလား။ သူ့ကို သင်ကိုယ်ချင်းစာမိပါသလား။ မျက်ရည်ဆိုတာလူတစ်ယောက်ရဲ့နှလုံးသားထဲကလာတဲ့အရာပါ။ အားအားယားယားကျလာတာမဟုတ်ပါဘူး။ ဒီလိုမျိုးသင့်ကိုချစ်လွန်း၊ စိတ်ပူတတ်လွန်းတဲ့ချစ်သူကို သင်တန်ဖိုးမထားခဲ့လို့တစ်ချိန်ချိန်မှာ သင့်ကိုစွန့်ခွာသွားတဲ့အချိန်ကျမှ သူ့ရဲ့အကြင်နာမေတ္တာတွေကို လွမ်းဆွတ်တမ်းတပြီး နောင်တတွေအကြီးအကျယ်ရနေမှာပါ။

 

သင့်ကိုအမြဲတမ်းအလျှော့ပေးခွင့်လွှတ်တဲ့သူ

သင့်ကိုအရာရာမှာ အလျှော့ပေးသည်းခံပြီးခွင့်လွှတ်တတ်တဲ့သူဆိုတာ သင့်ကိုတကယ်ချစ်တဲ့သူပါ။ သင့်ကိုအမြဲလျှော့ပေးနေတယ်ဆိုတာ သင်ကသူ့ထက်ပိုကောင်းနေလို့၊ ပိုတော်နေလို့၊ ပိုမှန်နေလို့မဟုတ်ပါဘူး။ သင့်ကိုအနိုင်မယူရက်လို့၊ သူ့ကြောင့်သင်စိတ်အနှောက်အယှက်ဖြစ်သွားမှာစိုးလို့ပါ။ ဒါကြောင့် ဒီလိုချစ်သူမျိုးကိုသင်တန်ဖိုးမထားတတ်ရင် သင့်ကိုအလျှော့ပေးမယ့်သူ၊ သည်းခံခွင့်လွှတ်ပေးမယ့်သူမရှိတော့မှ ပြန်တမ်းတနေလို့လည်း သင့်ဆီကိုပြန်လာတော့မှာမဟုတ်ပါဘူး။

 

သင့်အနားကထွက်မသွားသူ

သင်ဘယ်လောက်ဂရုမစိုက်၊ ပစ်ထားနေပါစေ၊ သင့်ဆီကနေဘာတစ်ခုမှမရရှိဖူးရင်တောင် သင့်ကိုစွန့်ခွာမသွားပဲသင့်အနားမှာနေပေးတဲ့သူဆိုတာ သင့်ကိုအရမ်းချစ်လို့ပါ။ သင်ဘာပဲလုပ်လုပ်၊ သူ့အပေါ်ဘယ်လိုပဲ ရက်စက်နေလည်း သူ့ဖက်ကပစ်ခွာမသွားပါဘူးဆိုပြီး တန်ဖိုးမထားရင်တော့သင်နောင်တရမှာပါ။ ဘာကြောင့်လဲဆိုတော့ ဒီလိုလူမျိုးတွေဟာစိတ်ပိုင်းဖြတ်ပြီးရင် သေရင်တောင်ပြန်လှည့်မကြည့်တတ်တဲ့သူတွေမို့လို့ပါ။

 

 

Credit : Auntymay

Myanmar Wedding Guide

Read times Last modified on Tuesday, 05 March 2019 13:45
Rate this item
(2 votes)